လီဗာပူးအသင်းအတွက် ကစားခွင့်ရလိမ့်မယ်လို့ ယင်းအချိန်က စိတ်တောင်မကူးရဲခဲ့ပါဘူး။

လိုက်ပ်ဇစ်အသင်းကနေ လီဗာပူးအသင်းကို ပေါင် ၅၂.၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နဘီခီတာဟာ ကလေးဘဝကတည်းက လီဗာပူးအသင်းဂျာစီကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့သူဖြစ်ပြီး ဂီနီနိုင်ငံ၊ ကော်နာခရီမြို့က ဒုက္ခသည်ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ကလေးငယ်တစ်ဦးဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ လီဗာပူးအသင်းအတွက် ကစားခွင့်ရလိမ့်မယ်လို့ ယင်းအချိန်က စိတ်တောင်မကူးရဲခဲ့ပါဘူး။

 

နဘီခီတာရဲ့ မူလဘူတ

Photos:The Sun


ဂီနီနိုင်ငံ၊ ကော်နာခရီမြို့ရဲ့ အပစ်ပယ်ခံရပ်ကွက်တစ်ခု၊ မြင်ကွင်းကို ပိတ်ဆို့စေနိုင်တဲ့ တိုက်အိမ်နဲ့ခပ်ဆင်ဆင်အုတ်တစ်ချပ်တောင် တွေ့ရခဲပေမယ့် ဖွင့်ထုတ်စရာ ထွက်ပေါက်မဲ့နေတဲ့ ဒုက္ခသည်ဆင်းရဲသားရပ်ကွက်ရဲ့ မှောင်မိုက်နေတဲ့ညတစ်ညမှာ နဘီခီတာလို့ အမည်ခေါ်တွင်တဲ့ ကလေးငယ်တစ်ဦး လူ့လောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ အချိန်က ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့။ ကျီးကန်းတစ်ကောင်လို အလစ်သုတ်ပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ရက်စက်ကြမ်းကြုတ်တဲ့ ဒုက္ခသည်ရပ်ကွက်ရဲ့လူအများစုဟာ ဆီယာရာလီအုံးလို့ ခေါ်တွင်တဲ့ ဂီနီနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံကနေ ပြည်တွင်းစစ်ကြောင့် ခိုလှုံလာကြတဲ့သူတွေဖြစ်ပါတယ်။

တစ်ချိန်မှာ ကြိုးကြာနီတပ်သားဖြစ်လာမယ့် နဘီခီတာဟာ လူမှန်းသိတတ်စအရွယ်ကတည်းက ဒုက္ခဆင်းရဲနဲ့ မိတ်ဆွေဖွဲ့ခဲ့သူဖြစ်ပြီး ခြေဗလာတွေနဲ့ လမ်းမတွေပေါ်မှာ ဘောလုံးကန်လိုက်၊ အရှိန်နဲ့မောင်းနှင်လာတဲ့ ကားတွေနဲ့ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နဲ့ မကြာခဏဆိုသလိုလည်း ကားနဲ့တိုက်တာခံနေရပေမယ့် ဘဝရဲ့ထွက်ပေါက်အစကို ရှာဖွေတွေ့ရှိမှန်းမသိ တွေ့ရှိခဲ့သူဖြစ်ပါတယ်။

"ကျွန်တော်တို့ ဘောလုံးအနေနဲ့ ကစားလို့ရတဲ့ ဘယ်လိုအရာနဲ့မဆို ကစားခဲ့ပါတယ်။ ကျွန်တော့်ခြေထောက်မှာ ဖိနပ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူများတွေ လွှတ်ပစ်ထားတဲ့ ဖိနပ်အစုတ်ကြီးကို ခပ်တည်တည်နဲ့စီးခဲ့ဖူးတယ်"

"ကျွန်တော့်မှာ ဘောလုံးကန်ဖိနပ်မရှိခဲ့ပါဘူး။ အဖိုးထိုက်တဲ့ ဘောလုံးအသင်းအကျီတစ်ထည်တော့ ကျွန်တော့်မှာ ရှိခဲ့တယ်။ အဲဒီဟာတွေက ကျွန်တော့်ကို အခုလိုမျိုး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့ ကြိုတင်ပြင်ဆင်နိုင်အောင် ကူညီပေးခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော် ကစားပွဲထဲမှာ ဘာကိုမှ မကြောက်တတ်တော့ပါဘူး"

"အဲဒီတုန်းက ကျွန်တော် တော်တော်ငယ်သေးတယ်။ အရာအားလုံးအတွက် ကျွန်တော် တိုက်ခိုက်ခဲ့ရတယ်။ ဘောလုံးကစားခွင့်ရဖို့၊ ဘောလုံးကို လာလုတဲ့ကောင်တွေနဲ့၊ လူတွေရဲ့လေးစားမှုရအောင်ပေါ့။ အဲဒါကြောင့်လည်း ကားတောင် ကျွန်တော့်ကို ရပ်တန့်အောင် မပြုလုပ်နိုင်ခဲ့တာပါ"

"ဘောလုံးကစားတဲ့ပွဲစဉ်ထဲမှာ ကျွန်တော့်ရဲ့နေရာမပျောက်ဖို့ အရမ်းအရေးကြီးတဲ့အတွက် အပြင်းအထန် ကြိုးစားရုန်းကန်ခဲ့ရတယ်။ အဲဒီကတည်းက စခဲ့တာပေါ့"လို့ ပြောပြခဲ့ပါတယ်။

 

နဘီခီတာရဲ့ဝါသနာအပေါ် အားပေးခဲ့ကြတဲ့ မိဘနှစ်ပါး

Photos:The Sun


နဘီခီတာရဲ့မိခင်ဖြစ်သူ မီရီယန်နဲ့ ဖခင်ဖြစ်သူ ဆီကူးတို့ဟာ တစ်နေ့မှာ သားဖြစ်သူ နဘီခီတာဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ကျိန်းသေပေါက်ဖြစ်လာလိမ့်မယ်ဆိုတာ သေချာခဲ့တယ်လို့ ပြောပါတယ်။ အထူးသဖြင့် နဘီခီတာ အရာဝတ္ထုတစ်ခုကို ရွေ့လျားသွားအောင် ကန်ကျောက်နိုင်တဲ့အရွယ်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။

"အမေက ကျွန်တော့်ကို ပြောဖူးတယ်။ ကျွန်တော်က စားပွဲပေါ်က ကျလာတဲ့ လိမ္မော်ရည်ပုလင်းပဲဖြစ်ဖြစ်၊ ရေပုလင်းပဲဖြစ်ဖြစ် အဲဒီပုလင်းနဲ့တောင် လိမ်ခေါက်နိုင်တယ်တဲ့"

"ကြမ်းပြင်ပေါ်မှာရှိတဲ့အရာမှန်သမျှ ကျွန်တော် ကန်ပစ်တာပဲ။ အဲဒါက ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ဖျော်ဖြေသလိုပဲ။ အမေ ကျွန်တော့်ကို ဘယ်နေရာပဲ ခေါ်သွားခေါ်သွား။ ကျွန်တော် ဘောလုံးရအောင် ကန်တာပဲ"လို့ ပြောပြခဲ့ပါတယ်။

 

နဘီခီတာ ဘောလုံးကွင်းထဲ ရောက်ပြီ

Photos:The Sun


အသက် ၉ နှစ်အရွယ်ရောက်တဲ့အချိန်မှာ ကော်နာခရီမြို့အတွင်းမှာပဲတည်ရှိတဲ့ ဟိုရိုရာဘောလုံးအသင်းမှာ စတင်ကစားခဲ့ပြီး လူတိုင်းက နဘီခီတာကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ငယ်ရွယ်သေးတဲ့ နဘီခီတာကို အာဖရိကလူမျိုး ကင်းထောက်တွေက အသင်းကြီးတွေရဲ့ သတိပြုမှုခံရအောင် ဥရောပကို ပြောင်းရွှေ့ဖို့ အကြံပေးခဲ့ကြပါတယ်။ ဒါပေမယ့် နဘီခီတာအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာပါ့မလား ဝေခွဲရခက်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကို တီဗီမှာ နဘီခီတာ စကြည့်ဖူးတဲ့အချိန်မှာ အသက် ၁၂ နှစ်အရွယ်သာရှိပါသေးတယ်။ အဲဒီအချိန်မှာပဲ နဘီခီတာဟာ အဲဒီလိုအဆင့်မြင့်တဲ့ပြိုင်ပွဲမျိုးမှာ ကစားချင်နေတယ်ဆိုတာ သိသွားခဲ့ပါတယ်။

"အဲဒီလို ကစားပြနိုင်ဖို့က ကျွန်တော့်ရဲ့ မွေးရပ်မြေမှာ မဖြစ်နိုင်ပါဘူး။ အဲဒါ လုံးဝကို ရှင်းပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဥရောပကို သွားပြီး စမ်းသပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်"

"ကျွန်တော် ဘောလုံးသမားဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာဟာ ကစားပွဲကို နှစ်သက်တာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုကိုလည်း ထောက်ပံ့ချင်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

 

လီဗာပူးအသင်းဂျာစီကို ဝတ်ခွင့်ရခဲ့ပြီ

Photos:The Sun


လက်ရှိအချိန်မှာတော့ နဘီခီတာဟာ ငယ်စဉ်က လီဗာပူးအသင်းရဲ့ဂျာစီကို ဝတ်ဆင်ခဲ့သလို တကယ့် လီဗာပူးအသင်းကြီးရဲ့ဂျာစီကို ဝတ်ဆင်ပြီး ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့ပြီးပါပြီ။ နဘီခီတာရဲ့သူငယ်ချင်းတွေအားလုံးဟာလည်း လီဗာပူးပရိသတ်တွေဖြစ်ကုန်သလို နဘီခီတာရဲ့ဖခင်ကလည်း လီဗာပူးအသင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။

"ကျွန်တော့်အဖေကတော့ တကယ့်အမာခံပဲ"

"ကျွန်တော် ပြန်မှတ်မိသလောက်ကတော့ သူ လီဗာပူးအသင်းအကြောင်း ပြောဖူးတယ်။ ကလေးဘဝတုန်းက လီဗာပူးအသင်းဆိုတာ ဘာမှန်းမသိခင်တုန်းကပေါ့။ အဲဒီတုန်းက သူ လီဗာပူးအသင်းရှုံးလို့ ဒေါသထွက်နေတာလေ"

"ဟုတ်တာပေါ့။ လီဗာပူးအသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သူသိပြီး နောက်ရာသီမှာ အပြောင်းအရွှေ့ဖြစ်ပြီဆိုတာနဲ့ သူအရမ်း ကျေနပ်သွားတာပေါ့"

"သူက အစ်စတန်ဘူလ်(လီဗာပူးချန်ပီယံလိဂ်မှာဗိုလ်စွဲသည့်နှစ်)အကြောင်း ပြောချင်ခဲ့တယ်။ စတီဗင်ဂျရတ်နဲ့ တခြားကြီးမားတဲ့ပြိုင်ပွဲကြီးတွေ ဒါမှမဟုတ် အသင်းရဲ့ကစားသမားတွေအကြောင်းပေါ့"

Photos:The Sun


နဘီခီတာဟာ အသက်အရွယ်အားဖြင့် ၁၆ နှစ်ကို ရောက်လာတဲ့အချိန်မှာတော့ ပြင်သစ်ကို ထွက်ခွာခဲ့ပါတယ်။ ပြင်သစ်မှာ နဘီခီတာဟာ ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ကြောင်း အကြိမ်ကြိမ်အခါခါကျရှုံးခဲ့ပေမယ့် နောက်ဆုံးမှာတော့ သက်သေပြနိုင်ခဲ့ပါတယ်။ လိုရီးရန့်အပါအဝင် အခြားအသင်းတွေရဲ့ငြင်းပယ်ခံရပြီးနောက်မှာတော့ နဘီခီတာက မိမိကိုယ်ကိုယ် ငါ ဘောလုံးသမားတကယ်လုပ်ချင်တာမှဟုတ်ရဲ့လားလို့ မေးခွန်းထုတ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘောလုံးအကယ်ဒမီတွေမှာ စနစ်တကျသင်ယူခဲ့ရခြင်းမရှိတဲ့ လမ်းပေါ်က ဘောလုံးသမား နဘီခီတာက မိမိရဲ့စွမ်းရည်တွေကို ပြသဖို့ ကြိုးစားနေချိန်မှာ နည်းပြတွေ မိမိဆီက ဘာလိုချင်သလဲဆိုတာကို နားလည်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်လုပ်ခဲ့တာတွေက ကျွန်တော် တကယ်ပဲလုပ်နိုင်ခဲ့တာပါလားဆိုပြီး အံ့အားသင့်စရာပါပဲ။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေပါပဲ"

"ခင်ဗျားအိပ်မက်က လက်တစ်ကမ်းအကွာမှာရှိပြီးတော့ ခင်ဗျား ကျရှုံးသွားတယ်။ ပြီးတော့ ခင်ဗျား အစကနေ နောက်တစ်ခါပြန်ပြီး စရမှာပဲ"

"ကျွန်တော့်အတွက်ကတော့ ဘောလုံးပွဲစဉ်တစ်ပွဲကို ပရော်ဖက်ရှင်နယ်ရှုထောင့်ကနေ တစ်ခါမှ မမြင်ခဲ့ဖူးဘူး"

"ကျွန်တော် အကယ်ဒမီမှာ ကြီးပြင်းလာတာလည်းမဟုတ်ဘူး။ ကျွန်တော် သိသမျှအရာတွေအားလုံးက လမ်းမပေါ်ကပဲ။ ကျွန်တော် ဘောလုံးရတာနဲ့ ဘောလုံးကို ဆွဲပြေးမယ်။ ပြိုင်ဘက်ကစားသမားကို လိမ်မယ်။ ခေါက်မယ်။ ဂိုးသွင်းမယ်"

"အစမ်းလေ့ကျင့်ရေးပြုလုပ်တဲ့အချိန်တုန်းက နည်းပြတွေက ကျွန်တော် တစ်ခါမှမကြားဖူးတဲ့ဟာတွေ လုပ်ဖို့ ပြောခဲ့တယ်။ သူတို့က ဘောလုံးဝေါဟာရတွေနဲ့ ပြောပြီး ကျွန်တော့်ကိုလမ်းညွှန်မှုတွေပေးတော့ ကျွန်တော် ဘာမှကို နားမလည်ဖြစ်ခဲ့တယ်"

"ကျွန်တော် နည်းဗျူဟာနဲ့ပတ်သက်ပြီး မသိခဲ့ဘူး။ အဲဒါနဲ့ပဲ အငြင်းပယ်ခံရတော့ ခင်ဗျားကို ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ တွေးခဲ့မိတာပဲ"

 

ကြယ်ပွင့်တစ်ပွင့်ဖြစ်လာစေမယ့် ပထဆုံးအခွင့်အရေး

NINTCHDBPICT000420145946.jpg

Photos:The Sun

 ဘောလုံးသမားဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ ပြင်သစ်ကို တစ်ယောက်တည်းထွက်လာတဲ့ နဘီခီတာကို ပထမဆုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာကတော့ လီမန်စ်အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ယင်းအချိန်တုန်းက လီမန်စ်အသင်းဟာ ဒေဝါလီခံရလုနီး အခြေအနေကို ရောက်ရှိနေတာကြောင့် နဘီခီတာကို မခေါ်ယူနိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ကံတရားက နဘီခီတာကို မျက်နှာသာပေးခဲ့တယ်လို့ ပြောရမှာပါ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ အစ်စ်ထရက်စ်အသင်းရဲ့အားကစားဒါရိုက်တာရဲ့ထောက်ခံပေးမှုနဲ့ နဘီခီတာဟာ အစ်စ်ထရက်စ်အသင်းမှာ အစမ်းလေ့ကျင့်ရေး ဆင်းခွင့် ရရှိခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ အားလုံးအထင်ကြီးလေးစားလောက်တဲ့ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အစ်စ်ထရက်စ်အသင်းက နဘီခီတာကို ချက်ချင်းစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အစ်စ်ထရက်စ်အသင်းမှာ တစ်ရာသီကြာကစားပြီးနောက် သြစတြေးလျကလပ်အသင်းဖြစ်တဲ့ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီကြာကစားပြီးနောက် လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ ဆာဒီယိုမာနေးနဲ့ ဆဲလ်ဘတ်အသင်းမှာ အတူလက်တွဲကစားခဲ့တဲ့အချိန်တွေကို နဘီခီတာက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"ဆဲလ်ဘတ်အသင်းက ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်စေခဲ့ပါတယ်။ အဲဒီအသင်းမှာ အများကြီးသင်ယူခဲ့ရပါတယ်။ ကျွန်တော် နည်းဗျူဟာပိုင်းဆိုင်ရာသင်ကြားမှုတွေ ရရှိခဲ့ပါတယ်"

"မာနေးက ကျွန်တော့်အတွက် အရေးကြီးတဲ့လူတစ်ယောက်ပါ။ အခုအချိန်အထိပါပဲ။ သူက ကျွန်တော့်ရဲ့အစ်ကိုတစ်ယောက်ပါ။ သူက သူ့ကိုယ်သူ တိုးတက်အောင်၊ သူ့ကိုယ်သူ တွန်းအားဖြစ်စေဖို့အတွက် မသိသေးတဲ့အရာတွေ လေ့လာသင်ယူရတာ သဘောကျတတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက အဲဒီအတိုင်းပဲ။ သူက ကျွန်တော့်အတွက် ဥပမာကောင်းတစ်ခုပါပဲ"

Photos:The Sun


နဘီခီတာဟာ လိုက်ပ်ဇစ်အသင်းမှာ ၂ ရာသီကြာကစားပြီးနောက် ယခုနွေရာသီမှာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး ညီအစ်ကိုလို၊ သူငယ်ချင်းလိုု ခင်မင်ရတဲ့ ဆာဒီယိုမာနေးနဲ့လည်း တစ်ဖန်ပြန်လည်လက်တွဲကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ နဘီခီတာရဲ့ဘဝဟာ ဝမ်းနည်းစိတ်ပျက်စရာ၊ အားငယ်စရာ၊ အံ့အားသင့်စရာတွေ ပြည့်နှက်နေပြီး အသက် ၁၆ နှစ်အရွယ်မှာ ဘောလုံးသမားဖြစ်ချင်တဲ့ဆန္ဒ၊ မိဘကို လုပ်ကျွေးချင်တဲ့ဆန္ဒ ၂ ခုနဲ့ ပြင်သစ်နိုင်ငံကို စွန့်စွန့်စားစားလာရောက်ခဲ့တာဖြစ်ပါတယ်။ ငယ်စဉ်က လီဗာပူးအသင်းရဲ့ဂျာစီကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့ပေမယ့် ဆင်းရဲနုံချာလွန်းတဲ့ဘဝကြောင့် တစ်နေ့မှာ လီဗာပူးကစားသမားဖြစ်ရမယ်ဆိုတဲ့ အလကားရတဲ့အတွေးကိုတောင် မတွေးရဲခဲ့တဲ့ နဘီခီတာတစ်ယောက် ကြိုးကြာနီတောင်ပံခတ်သံနောက်လိုက်ရင်း မထင်မှတ်ဘဲ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က