ကလပ်အမေရိကနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ခြေစွမ်းပြခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုပြင်ဆင်မှုအနေနဲ့ ဒီနေ့ နံနက်ပိုင်းမှာ မက္ကဆီကိုကလပ် ကလပ်အမေရိကနဲ့ ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ယူနိုက်တက်က ချေပဂိုး လိုက်လံသွင်းယူခဲ့ရတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲဖြစ်ပေမယ့်လည်း ယူနိုက်တက်ရဲ့ အင်အားကြောင့် အေးဆေးလွယ်ကူမယ်လို့ ထင်ခဲ့ရပေမယ့် သရေကျဖို့ ရုန်းကန်ခဲ့ရပါတယ်။

 

ကလပ်အမေရိကအသင်းဟာ ယူနိုက်တက်ကစားသမားတွေကို ပိုမိုကြိုးပမ်းအားထုတ်မှု ပြုလုပ်ဖို့ စွမ်းဆောင်သွားခဲ့ပြီး ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေရလာဒ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ဖန်တီးပေးနိုင်မှု စွမ်းရည်နည်းပါးနေမှုကို ပရိသတ်များက ဝိုင်းဝန်းပြီး ဝေဖန်ခဲ့ကြမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအကြိုက် ယူနိုက်တက်ကစားသမားတစ်ဦးက ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။

 

မော်ရင်ဟိုရဲ့ ယူနိုက်တက်ကို သရေပွဲရရှိအောင် မာတာက ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒီဂိုး ရရှိအောင် ပါဝင်ပတ်သက်ခဲ့သူက လူငယ်ကစားသမားလေး တာဟစ်ချောင်ဖြစ်ပါတယ်။ နယ်သာလန်လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အရန်အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ဒီဆုကို ရရှိခဲ့မှုက သူနဲ့ထိုက်တန်ကြောင်း သက်သေပြခဲ့တာ ဖြစ်ပါတယ်။

 

တာဟစ်ချောင် လူစားလဲလှယ်ဝင်ရောက်လာခဲ့ပြီးနောက်မှာ ယူနိုက်တက်ရဲ့ ကစားပုံဟာ မြန်ဆန်သွက်လက်လာခဲ့ပြီး လူငယ်ကစားသမားတွေရဲ့ အားကြောင့် ကစားကွက်မြိုင်ဆိုင်ခဲ့ပါတယ်။ မာတာ ဂိုးသွင်းယူနိုင်ခဲ့မှုမှာ ညာတောင်ပံက တာဟစ်ချောင်က တစ်ကိုယ်တော်စွမ်းရည်နဲ့ ဧရိယာအတွင်း ဘောလုံးကို တိကျသပ်ရပ်စွာ ပေးပို့မှုကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

 

ပွဲအပြီးမှာ တွစ်တာကတဆင့် ယူနိုက်တက်ပရိသတ်များဟာ တာဟစ်ချောင်ရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ "တာဟစ်ချောင်ရဲ့ ကစားပုံကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပါ၊ မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ သူ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးရရှိခဲ့မှုမှာ အဓိကကျခဲ့တဲ့ အစိတ်အပိုင်းက သူ ပါဝင်ခဲ့ပါတယ်" လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

 

"ချောင် ရဲ့ လှပသေသပ်တဲ့ ပေးပို့မှုက အံ့မခန်းပါပဲ၊ သူ့အနေနဲ့ ဒီရာသီမှာ အခွင့်အရေး ရသင့်ပါတယ်" ၊ "သူ့မှာ အကြောက်တရားမရှိဘူး၊ အံ့ဖွယ်စွမ်းဆောင်ရည်နဲ့ ကစားခဲ့ပါတယ်" ၊ "ချောင်က ပွဲရဲ့ Tempo ကို ပြောင်းလဲနိုင်ခဲ့ပါတယ်" ၊ "ဂါရတ်ဘေးလ်ကို ဘယ်သူ အလိုရှိနေတာလဲ၊ ချောင် ရှိနေပါတယ်" စသဖြင့် ပရိသတ်များက တာဟစ်ချောင်ရဲ့ ကစားပုံအပေါ် ချီးကျူးခဲ့ကြပါတယ်။

 

တာဟစ်ချောင်ဟာ အသက် (၁၈)နှစ်အရွယ်သာ ရှိသေးပြီး ယူနိုက်တက်ရဲ့ (၁၈)နှစ်အောက် အသင်းကနေ (၂၃)နှစ်အောက် အသင်းကို ခေါ်ဆောင်ထားခြင်း ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီကြိုခြေစမ်းပွဲတွေအတွက် အမေရိကကို ထွက်ခွာခဲ့တဲ့ အသင်းမှာလည်း တာဟစ်ချောင်ကို နည်းပြ မော်ရင်ဟိုက  ရွေးချယ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က