တည်ငြိမ်တဲ့လူစာရင်းနဲ့ စပါးအသင်း အနိုင်ရခဲ့တာပါ။

စနေနေ့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဒီနေ့ ဆက်လက်ကစားခဲ့ကြရာမှာ ညနေ (၆)နာရီမှာ ကစားခဲ့ကြတဲ့ နယူးကာဆယ် နဲ့ စပါးတို့ရဲ့ ပွဲမှာ ဧည့်သည် စပါးအသင်းက အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး လူအင်အားဖြည့်တင်းမှု မပြုလုပ်ခဲ့တဲ့ စပါးအသင်းဟာ သူတို့ရဲ့ တည်ငြိမ်တဲ့ပုံစံကို ရာသီသစ်အထိ သယ်ဆောင်လာခဲ့ပါတယ်။

 

အိမ်ရှင်နယူးကာဆယ်အသင်းမှာ ဟိုဆေးလူကို အထောင်တိုက်စစ်မှူးအဖြစ် ထားရှိခဲ့ပြီး အယိုဇီပီရက်ဇ်က နောက်ချန်တိုက်စစ်နေရာမှာ ကစားခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ရှယ်ဗေးလ်က ဦးဆောင်ခဲ့ပြီး ဒီယာမီ၊ ကနေဒီတို့နဲ့ ဘင်နီတက်ဇ်က ပွဲထုတ်ခဲ့ပါတယ်။ နောက်တန်းမှာတော့ အသင်းခေါင်းဆောင် လက်ဆဲလက်စ်ပါဝင်ခဲ့ပြီး ကလက်ခ်၊ ယက်ဒ်လင်၊ ဒန်းမတ်တို့ ပါဝင်ခဲ့ပြီး ဂိုးသမားအဖြစ် မာတင်ဒူဘရာကာက တာဝန်ယူခဲ့ပါတယ်။

 

ဧည့်သည်စပါးအသင်းကတော့ သူတို့ရဲ့ ပုံမှန်လူစာရင်းဖြစ်တဲ့ ဟယ်ရီကိန်းကို တိုက်စစ်အဖြစ်ထားရှိခဲ့ပြီး အဲရစ်ဆန်၊ အလီ နဲ့ လူးကပ်မော်ရာတို့က တိုက်စစ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ဒီယာ နဲ့ ဆစ်ဆိုကိုကို တွဲဖက်ပေးခဲ့ပြီး နောက်တန်းမှာ  အော်ရီရာ၊ ဆန်းချက်ဇ်၊ ဗာတွန်ဂန် နဲ့ ဘင်ဒေးဗီးစ်တို့ ပါဝင်ခဲ့ပါတယ်။

 

ပွဲစတယ်ဆိုကတည်းက စပါးအသင်းက ဦးဆောင်ကစားခဲ့ပြီး နယူးကာဆယ်ကို ဖိအားပေးခဲ့ပါတယ်။ နယူးကာဆယ်အသင်းကလည်း ပုံစံကောင်းပြသနိုင်ခဲ့ပြီး ကွင်းလယ်မှာ ကနေဒီ တစ်ကိုယ်တော်ခြေစွမ်းတွေ ပြသနိုင်ခဲ့ပါတယ်။ ကနေဒီဟာ တစ်ဦးချင်း လှည့်ထွက်မှုတွေမှာ တော်တော်လေး ကောင်းမွန်ခဲ့ပြီး စပါးကွင်းလယ်ကို ဖရိုဖရဲ ဖြစ်စေခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ပွဲချိန် (၈)မိနစ်မှာ ဗာတွန်ဂန်က စပါးအတွက် ဂိုးသွင်းခဲ့တာကြောင့် ဧည့်သည်အသင်း ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ဂိုးစည်းလိုင်းစနစ်နဲ့ ဆုံးဖြတ်ခဲ့ရတဲ့ သွင်းဂိုးဖြစ်ပြီး နယူးကာဆယ်ဂိုးသမား ဒူဘရာကာ ကာကွယ်နိုင်ခဲ့ပေမယ့် ဘောလုံးက ဂိုးစည်းကို လုံးလုံးလျားလျား ကျော်လွန်ခဲ့တာကြောင့် စပါးအသင်း ဂိုးရရှိခဲ့ပါတယ်။

 

ဒီဂိုးကို (၃)မိနစ်အကြာမှာပဲ ညာတောင်ပံက ရစ်ချီရဲ့ ကန်တင်ပေးပို့မှုကတဆင့် ဟိုဆေးလူက အပိုင်ခေါင်းတိုက်သွင်းယူခဲ့ပြီး ချေပနိုင်ခဲ့ပါတယ်။ ရစ်ချီရဲ့ ပေးပို့မှု တိကျခဲ့သလို ဟိုဆေးလူကလည်း လိုရစ် ဘယ်လိုမှ မကာကွယ်နိုင်အောင် ခေါင်းတိုက်သွင်းနိုင်ခဲ့တာပါ။ ဒါပေမယ့့်လည်း ပွဲချိန် (၁၈)မိနစ်မှာတော့ အော်ရီရာရဲ့ ပေးပို့မှုကတဆင့် အလီက ခေါင်းတိုက်သွင်းယူခဲ့တာမို့ စပါးတို့ ထပ်မံဦးဆောင်နိုင်ခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့်  စပါးက အဝေးကွင်းမှာ ၂-၁ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ နယူးကာဆယ်တိုက်စစ်မှူး ရွန်ဒွန်ရဲ့ ကန်သွင်းချက် ဂိုးဘားတန်းထိထွက်ခဲ့တာကလည်း နယူးကာဆယ်ကို နစ်နာစေခဲ့ပါတယ်။ စပါးကတော့ လက်ကျန်မိနစ်တွေမှာ ပွဲကို ထိန်းကစားခဲ့ပြီး အနိုင်ရလာဒ်ကို ရယူသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က