ဖာဂူဆန်ရဲ့နောက်ပိုင်းမှာ အကောင်းဆုံးနည်းပြဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို အင်္ဂလန်ပရီးမီးယားလိဂ်မှာသာမက ဥရောပမှာပါ အထင်ကြီးလေးစားမှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂန္တဝင်နည်းပြကြီးဖာဂူဆန်ရဲ့ခေတ်အလွန် မိုရက်စ်၊ လူးဝစ်ဗန်ဟားလ်တို့ လက်ထက်မှာ သရဲနီတွေဟာ အမှောင်လောကထဲ တစ်ခေါက်ပြန်ရောက်ခဲ့ရပါတယ်။

sei_26893237-f615.jpg

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ရာသီ စတင်ချိန်ကတည်းက ဆိုးရွားနေခဲ့တယ်ဆိုတာ အားလုံး မျက်မြင်ကိုယ်တွေ့ပဲဖြစ်ပါတယ်။ ရာသီသစ်ရဲ့ ၃ ပွဲသာ ကစားထားပြီးချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အန္တရာယ်အချက်ပေး ခေါင်းလောင်းသံတွေကတော့ စောစောစီးစီး မြည်လာခဲ့ပါပြီ။ ဒီလိုအချိန်မှာ အသင်းနဲ့ အသင်းရဲ့ပရိသတ်ထုဟာ နည်းပြရဲ့နောက်မှာ ရှိနေသင့်ပါတယ်။

လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြမော်ရင်ဟိုထက် ပိုမိုကောင်းမွန်တဲ့ နည်းပြ ရှာဖွေခန့်အပ်ဖို့ မဖြစ်နိုင်တာထက် အသင်းအတွက် အဓိကလိုအပ်နေတဲ့ ကစားသမားကို မခေါ်ယူနိုင်သေးတာဖြစ်ပါတယ်။ နည်းပြကြီး ဖာဂူဆန်ထွက်ခွာချိန်ကတည်းက မော်ရင်ဟိုကို မန်ချက်စတာယူနိုက်တက်အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်လိုခဲ့တာဖြစ်ပြီး ဖာဂူဆန်ကလည်း မော်ရင်ဟိုကို ထောက်ခံမှုအပြည့်ပေးခဲ့ပါတယ်။

 

ဂလေဇာမိသားစုနဲ့ အက်ဒ်ဝုဒ်ဝဒ်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြီးမားတဲ့သမိုင်းကြောင်းကြောင့် ဝင်ငွေအများအပြားရရှိခဲ့ကြပါတယ်။ နည်းပြမော်ရင်ဟိုဟာ အပြောင်းအရွှေ့ရာသီအစမှာ ကွင်းလယ်ကစားသမား လိုချင်ခဲ့ပေမယ့် အက်ဒ်ဝုဒ်ဝဒ်က အပြောင်းအရွှေ့အောင်မြင်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။ အခုအချိန်မှာတော့ မန်ယူအသင်းရဲ့အဓိကကြီးမားတဲ့အားနည်းချက်ဟာ နောက်တန်းဖြစ်တယ်ဆိုတာအားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပြီဖြစ်ပါတယ်။

 

ခရစ်စမောလင်းနဲ့ ဖီးလ်ဂျုံးစ်တို့ဟာ အသင်းမှာ ရှိနေဆဲဖြစ်ပြီး နောက်ခံတောင်ပံအတွက် အသက်အရွယ်အရ အကျပိုင်းရောက်ရှိနေပြီဖြစ်တဲ့ ဗလင်စီယာနဲ့ အက်ရှ်လေယန်းတို့ကို အားထားနေရဆဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ကာမှာ ကစားသမားခေါ်ယူမှုထက် စပွန်ဆာစာချုပ် ချုပ်ဆိုမှုကို ပိုမိုပြုလုပ်ခဲ့ပါတယ်။ သတင်းတွေထွက်ပေါ်ခဲ့သလို မော်ရင်ဟိုနဲ့ အက်ဒ်ဝုဒ်ဝဒ်တို့ကြားမှာ ပြဿနာတက်ခဲ့တာဟာ ဒီတိုင်း ပြီးသွားမှာတော့ မဟုတ်သေးပါဘူး။ မော်ရင်ဟိုနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ ရေးသားနေကြတဲ့ခေါင်းစဉ်တွေကြောင့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ပတ်ဝန်းကျင်မှာ နဂိုကတည်းက အကောင်းမမြင်မှုတွေ များပြားနေတာဖြစ်ပါတယ်။

 

ဒါပေမယ့် နည်းပြမော်ရင်ဟိုဟာ ၎င်းရဲ့ပုံစံအတိုင်းမဟုတ်တဲ့ ရှားပါးတဲ့ စိတ်ခံစားမှုနဲ့ ကျေးဇူးတင်ရှိမှုတွေကို ပြသခဲ့တာကို တွေ့ရပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်အပြီးမှာ စထရက်ဖို့ဒ်အန့်ဒ်ပွဲကြည့်စင်က ပရိသတ်တွေရှေ့ကို သွားရောက်ပြီး အလေးအနက်ကျေးဇူးတင်ရှိကြောင်းကို လက်ခုပ်တီးပေးပြီး ပြသခဲ့ပါတယ်။

မော်ရင်ဟိုဟာ  မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြတာဟာ ၎င်းရဲ့အိပ်မက်ထဲက အလုပ်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်က ကျန်တဲ့ ၁၉ သင်းက နည်းပြတွေထက် ပရီးမီးယားလိဂ်ဖလားကို ပိုမိုရရှိထားကြောင်း သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးခွန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး ပြောကြားခဲ့ပါတယ်။ မီဒီယာတွေဟာ ဆုဖလားမရရှိတာ ဘယ်လောက်ကြာပြီလဲဆိုတာ ဘုရားသခင်လောက်သာ သိနိုင်တဲ့ လီဗာပူး၊ တော့တင်ဟမ်ဟော့စပါးအသင်းတို့ကို ဘယ်လိုတွေ စန်းတင် ရေးသားပေးနေလဲဆိုတာ အားလုံး သိကြပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အခုအချိန်မှာ ပြောင်းမလား၊ ပြင်မလားဆိုတဲ့ လမ်းခုလတ်မှာ ဘယ်မှမကွေ့ဘဲ တည့်တည့်သွားနေပြီး ပရိသတ်တွေအနေနဲ့ မိမိအသင်းရဲ့ နည်းပြနဲ့ ကစားသမားတွေနောက်ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ လိုအပ်နေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ သမိုင်းကြောင်း၊ အောင်မြင်မှု ကြီးမားတဲ့အသင်းကြီးတစ်သင်းဖြစ်တာကြောင့် ပြောင်းလဲဖို့ ရွေးချယ်မယ်ဆိုရင် အောက်ခြေက ထိပ်ဆုံးအထိ ရောက်ရှိဖို့ ဆယ်စုနှစ်တစ်ခုစာလောက် စောင့်ဆိုင်းရဖွယ်ရှိတာကြောင့် ပြင်ဆင်ဖို့ကိုသာ ရွေးချယ်ရမှာဖြစ်ပါတယ်။ နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ဆုဖလားများများ ရယူပေးနိုင်တဲ့ နည်းပြဆိုလို့ မည်မည်ရရ လက်ညှိုးထိုးပြစရာမရှိခဲ့ဘဲ မော်ရင်ဟို ရောက်ရှိလာချိန်မှသာ အောင်မြင်မှုတွေ ပြန်လည်ရရှိလာတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရှုံးနိမ့်မှုတွေဟာ မော်ရင်ဟိုရဲ့နည်းစနစ်တွေကြောင့်မဟုတ်ဘူးဆိုတာကို မော်ရင်ဟိုက ပေါ်တိုအသင်းနဲ့ရော၊ အင်တာမီလန်အသင်းနဲ့ပါ ပြသခဲ့ပြီးဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ကျရှုံးမှုရဲ့အဓိကတရားခံဟာ အသင်းအတွက် လိုအပ်တဲ့ အရည်အသွေးမြင့်ကစားသမား မခေါ်ယူပေးတဲ့ ဒုဥက္ကဌ အက်ဒ်ဝုဒ်ဝဒ်ဖြစ်ပြီး ဒုတိယတရားခံကတော့ နည်းပြနဲ့ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်နေကြတဲ့ မီဒီယာတွေရဲ့ အရေးအသားဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်း ပြင်ဆင်မှုကို ပြုလုပ်နိုင်ဖို့အတွက် ပရိသတ်တွေက နည်းပြနဲ့ ကစားသမားတွေနောက်ကနေ ရပ်တည်ပေးရမှာဖြစ်ပြီး ယင်းပြင်ဆင်မှုကို ပြုလုပ်နိုင်တဲ့နည်းပြကလည်း မော်ရင်ဟိုတစ်ဦးတည်းသာရှိပါတယ်။

Share

Loading Next Article...
က္က