မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ယမန်နေ့ညက ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီး နည်းပြ မော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ သူမတူတဲ့ပင်နယ်တီကန်သွင်းမှုနည်းစနစ်ကို ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ လူကာကူရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ရှုံးပွဲမဆက်တော့ဘဲ ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘန်လေအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ပထမပိုင်းမှာ လူကာကူ သွင်းယူပေးခဲ့တဲ့ဂိုးကြောင့် တနင်္လာနေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ရှုံးနိမ့်ခဲ့ရာကနေ ပထမဆုံးနိုင်ပွဲ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၆၉ မိနစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အာရွန်လန်နွန် ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က မန်ယူအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ယင်းပင်နယ်တီပြစ်ဒဏ်ဘောကို ပေါ့ဂ်ဘာက ကန်သွင်းယူခဲ့ပြီး ပေါ့ဂ်ဘာရဲ့ပင်နယ်တီကန်သွင်းတဲ့နည်းစနစ်ကြောင့် ဘန်လေအသင်းဂိုးသမား ဂျိုးဟတ်က ၎င်းရဲ့ညာဘက်ကို ဒိုင်ဗင်ထိုးပြီး အလွယ်တကူနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ယခုရာသီအစ ပွဲစဉ် ၂ ပွဲဖြစ်တဲ့ လက်စတာစီးတီး၊ ဘရိုက်တန်အသင်းတို့နဲ့ ပွဲစဉ်မှာ ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး ဘန်လေအသင်းနဲ့ပွဲစဉ်မှာတော့ အခွင့်အရေးကို ဖြုန်းတီးခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုက ၎င်းမှာ ပေါ့ဂ်ဘာနဲ့ ကွဲပြားခြားနားမှုတွေရှိတယ်လို့ ပြောကြားခဲ့ပြီး အသက် ၂၄ နှစ်အရွယ် ပေါ့ဂ်ဘာကို ပင်နယ်တီကန်သွင်းဖို့ တာဝန်ဆက်လက်ပေးသွားမှာဖြစ်တယ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။
"ပင်နယ်တီလွဲချော်တဲ့ ကစားသမားတွေကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ပါဘူး။ ပေါလ်က တကယ်ကောင်းမွန်တဲ့ဂိုးအချို့ကို ကျွန်တော်တို့အတွက် သွင်းယူပေးခဲ့သူပါ"
မန်ချက်စတာယူနိုက်တက်အသင်းရဲ့နိုင်ပွဲကို ရယူပေးခဲ့သူ တိုက်စစ်မှူး လူကာကူဟာ ၎င်းရဲ့စံပြကစားသမားဖြစ်တဲ့ ဒီဒီရာဒရော့ဘာရဲ့ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၄ နဲ့ ညီမျှသွားခဲ့ပြီဖြစ်ပြီး နိုင်ပွဲအတွက် ဝမ်းမြောက်နေပါတယ်။
"ကျွန်တော်တို့ ပထမပိုင်းမှာ အရည်အသွေးတွေ အများကြီးပြသနိုင်ခဲ့ပါတယ်"
"ဒီနေ့မှာ ကျွန်တော်တို့ အနိုုင်ရဖို့ လိုအပ်ခဲ့ပါတယ်။ အထူးသဖြင့် ၂ ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ပြီးနောက်မှာပေါ့"
"ကျွန်တော်တို့က ယူနိုက်တက်ပါ။ အဲဒါက ကျွန်တော်တို့ ကစားဖို့ လိုအပ်နေတဲ့ပုံစံပါပဲ။ လှုပ်ရှားမှုတွေ များများ၊ အခွင့်အရေးတွေ အများကြီးနဲ့ပေ့ါ။ ကျွန်တော်တို့ ခံစစ်ကလည်း ကောင်းမွန်ခဲ့ပါတယ်။ အဲဒါက ပရိသတ်တွေ မြင်တွေ့ချင်နေတဲ့အရာပါ"လို့ လူကာကူက ပြောကြားခဲ့ပါတယ်။