လီဗာပူးအသင်းရဲ့တိုက်စစ်မှူး ဖာမီနိုဟာ ယမန်နေ့ညနေက တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ပွဲစဉ်မှာ စပါးအသင်းရဲ့နောက်ခံကစားသမား ဗာတွန်ဂန်နဲ့ ဘောလုံးယှဉ်လုရာမှာ မျက်စိဒဏ်ရာရရှိခဲ့ပြီး ဟန်ဒါဆင်နဲ့ လူစားလဲလှယ်ခဲ့ရသူဖြစ်ပါတယ်။ ဖာမီနိုရဲ့ မျက်လုံးဒဏ်ရာကို ပရိသတ်တွေက စိုးရိမ်ပူပင်နေကြပြီး ဖာမီနိုက မျက်လုံးဒဏ်ရာကြောင့် ကာလရှည်အနားယူရမှာမဟုတ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။
ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး ဖာမီနိုဟာ ဒုတိယပိုင်း ၇၄ မိနစ်မှာ စပါးအသင်းရဲ့နောက်ခံကစားသမား ဗာတွန်ဂန်နဲ့ မတော်တဆထိခိုက်မိပြီး ဟန်ဒါဆင်နဲ့ လူစားလဲလှယ်ခံခဲ့ရသူဖြစ်ပါတယ်။ ယင်းဖြစ်ရပ်ကြောင့် ပရိသတ်တွေဟာ အင်္ဂါနေ့ညမှာ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ကို လွဲချော်မှာ စိုးရိမ်နေကြတာဖြစ်ပါတယ်။
ဒါပေမယ့် ဖာမီနိုက ၎င်းရဲ့မျက်လုံးဒဏ်ရာဟာ မစိုးရိမ်ရဘဲ အဆင်ပြေကြောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒဏ်ရာက နည်းနည်းခြောက်လှန့်ရုံပါပဲ။ ကျွန်တော့် မျက်စိက အဆင်ပြေပါတယ်။ ကျွန်တော်ရောပါပဲ"
"အားပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ မကြာခင်မှာ ပြန်တွေ့ကြတာပေါ့"လို့ ဖာမီနိုက အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
လီဗာပူးအသင်းကလည်း ယမန်နေ့ညနေခင်းမှာ ဖာမီနိုဟာ မျက်လုံးနဲ့ပတ်သက်ပြီး အပေါင်းလက္ခဏာဆောင်တဲ့သတင်းစကားကို ရရှိခဲ့ပြီးနောက် လန်ဒန်ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"ဆေးရုံရဲ့စမ်းသပ်စစ်ဆေးမှုအရ မျက်လုံးက ပွန်းပဲ့ရုံလောက်သာ ဒဏ်ရာရရှိခဲ့ပါတယ်။ ကာလရှည်အနားယူရလောက်တဲ့ ပျက်စီးမှုမျိုး မရှိပါဘူး"
"ယင်းဒဏ်ရာကို အင်္ဂါနေ့ညနေ ပီအက်စ်ဂျီအသင်းနဲ့ တွေ့ဆုံမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမတိုင်မီမှာ ဖာမီနိုပါဝင်နိုင်မလား၊ မပါဝင်နိုင်ဘူးလားဆိုတာ မဲလ်ဝုဒ်မှာရှိတဲ့ လီဗာပူးအသင်းရဲ့ ဆေးဝန်ထမ်းတွေက ကုသမှု ပေးသွား စောင့်ကြည့်သွားမှာဖြစ်ပါတယ်"လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။