ခရစ်စတယ်ပဲလေ့စ်အသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဇာဟာက မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့စဉ်အချိန်တုန်းက ၎င်းကို ထောက်ပံ့မှုမပေးခဲ့တဲ့ မန်ယူအသင်းကို ပြစ်တင်ဝေဖန်ခဲ့ပြီး ၎င်းအနေနဲ့ ယုံကြည်မှုပျောက်ဆုံးပြီး စိတ်ကျဝေဒနာခံစားခဲ့ရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ခရစ်စတယ်ပဲလေ့စ်ကြယ်ပွင့် ဇာဟာဟာ ၂၀၁၃ ခုနှစ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ခရစ်စတယ်ပဲလေ့စ်အသင်းထံ ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုကတက်အသင်းမှာရှိခဲ့တဲ့ ၃ ရာသီစလုံး အငှားချခံခဲ့ရပြီး ၂ ပွဲသာ မန်ယူအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦး ဖြစ်နိုင်ဖွယ်ရှိတဲ့ ဇာဟာဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ရှိစဉ်တုန်းက ကျရှုံးခဲ့ရမှုနဲ့ပတ်သက်ပြီး ဘာကြောင့် ကျရှုံးခဲ့ရသလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဇာဟာက မန်ချက်စတာယူနိုက်တက်အသင်းဟာ မန်ချက်စတာမှာ နေထိုင်ရတဲ့ဘဝကို ချိန်ညှိရာမှာ လိုအပ်တဲ့ ထောက်ခံအားပေးမှုမျိုးမပေးခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဇာဟာကို အခြားကစားသမားတွေလိုမျိုး မောင်းနှင်ဖို့ ကားထောက်ပံ့ပေးခဲ့ခြင်းမရှိသလို နည်းပြဒေးဗစ်မိုရက်စ်ရဲ့သမီးနဲ့ အိပ်ခဲ့တာကြောင့် ပွဲထွက်ခွင့်မရတာဖြစ်တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုပေးခဲ့ခြင်းမရှိခဲ့ဘူးလို့ ဇာဟာက ပြောကြားခဲ့ပါတယ်။
"မန်ချက်စတာယူနိုက်တက်အသင်းမှာ ကျွန်တော် ကစားခွင့်မရတာက ဒေးဗစ်မိုရက်စ်ရဲ့သမီးနဲ့ အိပ်ခဲ့လို့ဆိုတဲ့ ကောလာဟလတွေရှိခဲ့ပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်မှ ရှင်းလင်းဖို့ မကြိုးစားခဲ့ကြပါဘူး"
"အဲဒီတော့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့မသိစိတ်နဲ့ကျွန်တော် တိုက်ခိုက်နေခဲ့ရတယ်။ ဒီကောလာဟလတွေက မမှန်ကန်ဘူးဆိုတာ ကျွန်တော် သိခဲ့ပါတယ်"
"သူတို့က ကျွန်တော့်ကို တခြားကစားသမားတွေလိုမျိုး မောင်းနှင်ဖို့ ကားလည်း မပေးခဲ့ပါဘူး။ ဘာမှမပေးခဲ့ပါဘူး"
"ကျွန်တော့်မိသားစုရဲ့အဝေး ဒီလိုငရဲထဲမှာ ကိုယ့်ဘာသာ နေခဲ့ရတာပါ။ ကျွန်တော် တွေးခဲ့တယ်။ ဒီဟာက ငါ့ကို ပိုပြီးကြံ့ခိုင်သန်စွမ်းမလာစေနိုင်ဘူးဆိုရင် ဘာပါလိမ့်ပေါ့"
"ကျွန်တော် ယူနိုက်တက်မှာရှိနေတုန်းက ကျွန်တော့်မှာ ပိုက်ဆံရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ယုံကြည်မှုပျောက်ဆုံးပြီး စိတ်ကျနေခဲ့ပါတယ်"
"လူတွေက တွေးကြမယ်။ ခင်ဗျားမှာ ပိုက်ဆံရှိတဲ့အခါကျရင် ခင်ဗျားဘဝက ကွဲပြားခြားနားသွားပြီလို့။ ခင်ဗျား အောင်မြင်လည်းရခဲ့တယ်။ အဲဒီတော့ ခင်ဗျားကို သူတို့ အတူတူလိုမျိုး မဆက်ဆံကြဘူး"လို့ ပြောကြားခဲ့ပါတယ်။
Share