ဒီနေ့ညမှာ ကစားခဲ့ကြတာပါ။

စနေနေ့ညမှာ ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်တွေကို ဆက်လက်ကျင်းပရာမှာတော့ အာဆင်နယ်၊ စပါးနဲ့ မန်စီးတီးတို့ နိုင်ပွဲတွေ အသီးသီး ရရှိခဲ့ပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးက အိမ်ကွင်းမှာ ကစားခဲ့တာ ဖြစ်ပြီး စပါးကတော့ အဝေးကွင်းမှာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ မန်စီးတီးက ဘရိုက်တန်နဲ့ ရင်ဆိုင်ခဲ့ပြီး စတာလင်၊ အဂူရိုတို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်။



 

ဆာနေးရဲ့ ဖန်တီးပေးမှုကနေ (၂၉)မိနစ်မှာ စတာလင်က အဖွင့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း (၆၅)မိနစ်မှာ စတာလင် ဖန်တီးပေးတာကတဆင့် အဂူရိုက နောက်တစ်ဂိုး သွင်းယူခဲ့တာပါ။ ဒီပွဲကို အနိုင်ရတာမို့လို့ မန်စီးတီးက ချယ်လ်ဆီး နဲ့ လီဗာပူးလ်တို့ ပွဲ မကစားရသေးခင်မှာ အမှတ်ပေးဇယားထိပ်ကို ယာယီတက်လှမ်းသွားခဲ့ပါတယ်။

 

ချန်ပီယံလိဂ်ကစားရဖို့ ရှိနေပေမယ့် မန်စီးတီးက အိမ်ကွင်းမှာ လူစုံထုတ်ကစားသွားခဲ့ပြီး ဘရိုက်တန်ကို ကစားကွက်အသာ၊ ဂိုးကန်သွင်းခွင့်အသာနဲ့ ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးက တစ်ဖက်သတ် ဖိအားပေးခဲ့တာ ဖြစ်ပြီး ဘရိုက်တန်အနေနဲ့ မန်စီးတီးကို ပေးဂိုးမရှိအောင်ပဲ ဂရုစိုက်ထိန်းသိမ်း ကစားခဲ့ပေမယ့် ဘယ်လိုမှ ဟန့်တားလို့မရခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရပါတယ်။

 

စပါးကတော့ အဝေးကွင်းမှာ ဟယ်ရီကိန်းရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲရခဲ့ပါတယ်။ ခြေစွမ်းကျဆင်းနေတယ်လို့ ဝေဖန်ခံနေရပြီးနောက် ဟယ်ရီကိန်းက တစ်ဦးတည်း (၂)ဂိုးသွင်းယူခဲ့တာပါ။ ပထမပိုင်း (၂၅)မိနစ်မှာ တစ်ဂိုး၊ (၃၄)မိနစ်မှာ ပယ်နယ်တီကတဆင့် တစ်ဂိုးသွင်းယူပြီး စပါးအတွက် ဟယ်ရီကိန်း သွင်းဂိုးတွေ ပြန်လည်ရယူပေးခဲ့ပါတယ်။

 

ဒီပွဲမှာတော့ စပါးက ထင်သလောက် ခြေစွမ်းမကောင်းပေမယ့် ဟယ်ရီကိန်းရဲ့ ဂိုးလာဘ်ကြောင့် အနိုင်ရခဲ့တာပါ။ ဟတ်ဒါဖီးလ်က အိမ်ကွင်းမှာ စပါးကို ဖိအားပေးကစားနိုင်ခဲ့ပြီး အပြန်အလှန်ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ကစားသမားအင်အား နဲ့ ပွဲအဆုံးအဖြတ် ပေးနိုင်စွမ်း မြင့်မားတဲ့ စပါးကသာ အသာစီးရရှိသွားခဲ့ပါတယ်။

 

အာဆင်နယ် နဲ့ ဝက်ဖို့ဒ်တို့ပွဲမှာတော့ အာဆင်နယ် ရုန်းကန်ခဲ့ရပေမယ့် ပွဲပြီးဖို့ (၁၀)မိနစ်အလိုမှာ အနိုင်ဂိုးတွေ ရရှိခဲ့ပါတယ်။ (၈၁)မိနစ်မှာ ဝက်ဖို့ဒ်ကစားသမား ခရိတ်ခက်ကာ့ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူတာကနေ အာဆင်နယ် ဦးဆောင်ဂိုး ရရှိခဲ့ပြီး ဆက်တိုက်ဆိုသလိုပဲ လာကာဇက်ရဲ့ ဖန်တီးပေးမှုကနေ အိုဇေးလ်က နောက်တစ်ဂိုး သွင်းယူသွားခဲ့ပါတယ်။

 

အူနိုင်းအမ်မရီလက်ထက်မှာတော့ အာဆင်နယ်က တောက်လျှောက်နိုင်ပွဲဆက်နေပြီး အမှတ်ပေးဇယားအပေါ်ပိုင်းကို တဖြည်းဖြည်းနဲ့ ရောက်ရှိလာပါပြီ။ လက်ရှိမှာ ထိပ်ဆုံးကအသင်းနဲ့ (၄)မှတ်သာ ကွာဟနေတာမို့ အာဆင်နယ်ကို ဖလားလမ်းကြောင်းကနေ ဖယ်ထုတ်လို့ မရသေးဘူးဆိုတာကို အမ်မရီက သက်သေပြနိုင်ခဲ့ပါတယ်။

 

အခြားပွဲစဉ်တွေမှာတော့ အဲဗာတန်က ဖူလ်ဟမ်ကို (၃-ဝ)၊ လက်စတာက နယူးကာဆယ်ကို (၂-ဝ)၊ ဝုလ်ဗ်က ဆောက်သမ်တန်ကို (၂-ဝ) တို့နဲ့ နိုင်ပွဲရခဲ့ပြီး (၁၁)နာရီမှာတော့ ဒီနေ့ရဲ့ နောက်ဆုံးပွဲအဖြစ် ချယ်လ်ဆီး နဲ့ လီဗာပူးလ်တို့ ကစားသွားမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က