ခုတော့ ရွန်နီက ဒီစီယူနိုက်တက်မှာ ကစားနေတာပါ။

" ဒီချာတိတ်ကို စမြင်ကတည်းက ကျွန်တော် သဘောကျခဲ့တာဗျ.. ဒါပေမယ့် အဲဒီတုန်းက သူက အရမ်းငယ်သေးတော့..စောင့်ကြည့်ရုံကလွဲပီး ဘာတတ်နိုင်မှာလဲဗျာ.. ဖြစ်ချင်တော့ ချာတိတ်က အာဆင်နယ်ရဲ့ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးပစ် လိုက်ပြီး နာမည်ကြီးလာပါရောလား..."

Photo : Liverpool Echo

 

ဖြူဖွေးနေသည့် သူ့ ဆံပင်တွေထဲ လက်ချောင်းများထိုးထည့်ပြီး သူ သပ်တင်နေသည်။ ပြီးတော့သူ့မျက်မှန်ကိုလည်း နေသားတကျဖြစ်အောင် ပြန်ပင့်တင်သည်။ပြီးတော့ အဘိုးကြီးက သူ့စကားကို ပြန်ဆက်သည်။

Photo : Goal.com

 

" နောက်တော့ သူ့ကို ဝယ်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ ဒီချာတိတ်ဆီမှာကအသက်အရွယ်နဲ့မလိုက်ဖက်အောင်ကိုပဲ စိတ်ဓာတ် ပြင်းထန်မှုတွေ၊ ဆာလောင်မှုတွေ၊ပေါက်ကွဲမှုအားတွေကို ကျွန်တော်မြင်တွေ့နေရတယ်လေ..။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့ဒီအသက်အရွယ်ထိ ချာတိတ်တစ်ယောက်လိုမျိုး ဆာလောင်ပြင်းပြ မှုတွေ ထက်သန်ခဲ့တာ ခင်ဗျားလည်း သိတာပဲ။ ပြောရမယ်ဆိုရင် ကျုပ်စိတ်ဓာတ်လို ထပ်တူမကျဘူးဆိုရင်တောင်မှ ဒီချာတိတ်ရဲ့ အသက်အရွယ်မျိုးမှာ ခုလောက်ထိ ပြင်းပြတဲ့ စိတ်ဓာတ်မျိုးရှိနေတာ တော်တော်အံ့သြဖို့ကောင်းတယ်.."

 

သူရှေ့တွင်ချထားသည့် ဖန်ခွက်ထဲက ရေကို တစ်ကျိုက်မျှ ငုံလိုက်သည်။ ဒီတော့မှ စကားဆက်ပြောဖို့ရာ သူ့အတွက် အဆင်ပြေသွားပုံ ရသည်။ အတန်ငယ်ခြောက်သွေ့နေသည့်နှုတ်ခမ်းတွေကို လျှာနဲ့သပ်လိုက်ပြီး အဘိုးကြီးဆီမှ စကားသံ ထွက်လာပြန်သည်။

 

" ခင်ဗျားတို့ကတော့ အံ့သြကြမှာပဲ။ ပြီးတော့ ဝေဖန်ကြမှာပဲ။ ဒါပေမယ့် ဒါတွေကို ကျွန်တော်အလေးထားနေလို့ မရဘူးဗျ။ဘာလို့လဲဆိုတော့ ဝေဖန်သုံးသပ်ကြမှာက ခင်ဗျားတို့ရဲ့အလုပ်ပဲ။ ခင်ဗျားတို့အလုပ် ခင်ဗျားတို့ လုပ်နေတာကို ကျနော်အာရုံမစိုက်နိုင်ဘူး။ ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေရတာကိုး..။ ခင်ဗျားတို့ အံ့သြမယ်၊ ဝေဖန်မယ် ဆိုတာက ဒီချာတိတ်အတွက်ပေးရတဲ့ ပြောင်းရွှေ့ကြေးကို ပြောတာပါ။ အသက် ၂၀တောင် မပြည့်သေးတဲ့ ချာတိတ်တစ်ကောင်ကို ကျွန်တော်ပေးချေခဲ့ရတဲ့ တန်ဖိုးက ခေတ်ကာလနဲ့ဆိုရင်တောင်မှ တကယ့် ဒိတ်ဒိတ်ကြဲ တိုက်စစ်မှူးတစ်ယောက်ကို ဝယ်လို့ရတာကိုး။ ဒါပေမယ့် ဒီ ချာတိတ်က သူများတွေနဲ့ မတူကွဲပြားတွေ အများကြီး ရှိတယ်ဗျ။ ဒါကြောင့်လည်း ၂၅.၆သန်း ဆိုတဲ့ ငွေကြေးကိုပေးဖို့ ကျွန်တော် လက်မတွန့်ခဲ့တာပေါ့။"

 

အဘိုးကြီးကို ကြည့်ရသည်မှာ သူ့ဆုံးဖြတ်ချက်အတွက် ယခုချိန်ထိ ဂုဏ်ယူနေသည့်ဟန်များစွန်းထင်းနေပုံရသည်။ ဒီအကြောင်းတွေကို ပြောနေခိုက် သူ့မျက်ဝန်းတွေထဲမှာ အရောင်တောက်လာသည်။ အတိတ်၏အရိပ်တို့ ထင်ဟပ်လာတော့ အနှီနေ့ရက်တွေကို သူ ပြန်လှန်လှောနေသည်လားမသိ။ သူ့မျက်မှန်ကို ချွတ်လိုက်ပြီး ပဝါစလေးနှင့် ပွတ်နေသေးသည်။ စိတ်တိုင်းကျတော့မှ မျက်မှန်ပြန်တပ်ပြီး ရှေ့တည့်တည့်စိုက်ကြည့်ကာ -

Photo : Bleacher Report

 

" သူ ဘာလုပ်ပြခဲ့လဲ ခင်ဗျားသိလား။ ဖီနာဘာချီကို သုံးဂိုးသွင်းခဲ့တယ်လေ။ ဒါသူ့အတွက် မန်ချက်စတာယူနိုက်တက်ကစားသမားဘ၀ အစပြုတဲ့ပွဲနော်။ ချာတိတ်က သုံးဂိုးသွင်းခဲ့တယ် ကိုယ့်ဆရာ။ စဉ်းစားကြည့်ဗျာ.. ဒီလို ကလပ်အသင်းကြီးကို အသက် ၂၀တောင် မပြည့်သေးတဲ့ ချာတိတ်ရောက်လာတယ်။ ခရီးရောက်မဆိုက်ပဲ ဥရောပရဲ့ အဆင့်မြင့်ဆုံးပွဲကြီးတစ်ခုမှာ ဟက်ထရစ်ယူပြသွားတယ်။ တကယ် ရူးမတတ်ဖြစ်ခဲ့ရတဲ့ အခိုက်အတန့်တွေကို သူရော၊ ကျုပ်ပါ ပိုင်ဆိုင်ခဲ့တာပဲ။ ကျုပ်တို့ တစ်ခုခုလုပ်ပြလိုက်တယ်။ ကမ္ဘာကြီးတစ်ခုလုံး တုန်လှုပ်သွားပါရောလား..။ အဲဒါ မန်ချက်စတာယူနိုက်တက်ပဲ ကိုယ့်လူ"

 

ဒီစကားတွေကို ပြောချိန်မှာအဘိုးကြီးလေသံက တော်တော်လေးမာန်ပါသည်။ သူ့ရဲ့ ရွှေအိုရောင်နေ့ရက်များကလည်း တမ်းတလွမ်းမော စရာ။ တသသပြောချင်နေစရာ ကောင်းလေတော့ သူပြောသမျှ စကားလုံးတိုင်းက ဌာန်ကရိုဏ်းကျကျ၊ စည်းချက်ကျကျနှင့်.။ မာန်နှင့်ထန်နှင့်..။

Photo : Bleacher Report

 

" အဲဒီကောင်က တကယ်လည်း ရယ်ရတဲ့ကောင်ဗျ။ PFA Young Player of the Year ဆုကိုရသေးတယ်ဗျ။သိပ်မကြာပါဘူးဗျာ.. ဗီလာရီးရဲလ်နဲ့ပွဲမှာ ဒိုင်လူကြီးနားသွား လက်ခုပ်တီးပြလိုက်တာ ကွင်းပြင် အပို့ခံလိုက် ရပါရောလား..။ ကျုပ်မှာ တော်တော် ဂွတီးဂွကျဖြစ်ခဲ့တာ။ ဒီကောင့်ကို မာန်မဲရမှာလား၊ ဒါမှမဟုတ် ပေါက်ကွဲမှုကိုပဲ ချီးကျူးရမလား ဘာလုပ်ရမလဲတောင် ဖြစ်ခဲ့ရတယ်။ သူ့အသက်အရွယ်နဲ့ သူ့ စိတ်ခံစားချက်ကိုထိန်းချုပ်ဖို့၊ ကိုင်တွယ်ဖို့၊ လျစ်လျူရှုထားဖို့ဆိုတာ ကျုပ်အတွက် တော်တော်လေးခက်ခဲခဲ့တာပေါ့ဗျာ.."

 

သူက သူ့ချာတိတ်ကိုတော့ တော်တော်လေး နှစ်လိုဖွယ်ရသည်။ ကလေးဆန်ဆန်အပြုအမူတွေ လုပ်ခဲ့သည့်တပည့်တစ်ယောက်ကို ဘယ်လိုဆရာသမားမျိုးက ဆူပူချင်ပါမည်နည်း။ ဒီလိုအနေအထားတွေကို ကိုင်တွယ်ဖို့တော့သူတော်တော်လေး ခေါင်းစားခဲ့ရမှာကတော့ သေချာသည်။ မတစ်ရာသားတွေက သူ့လက်အောက်မှာအများကြီးမဟုတ်လား။

 

" ဒီကြားထဲမှာ ဖြစ်ခဲ့တာတွေကတော့ အများကြီးပေါ့ဗျာ။ ချာတိတ်အတွက်လည်း တကယ်ကံကောင်းခဲ့ပါတယ်။ ပေါလ်၊ ရွိုင်ယန်ဂစ်တို့လို ကစားသမားတွေ၊ ဂယ်ရီတို့လို ခေါင်းဆောင်ကောင်းတွေနဲ့ တူတူတွဲကစားခွင့်ရခဲ့ တာကိုး။ အဲဒီကနေမှတဆင့် သူ သင်ယူလို့ ရတာမျိုးတွေက အများကြီးလေ။ ဒါတွေက သူ့ ကစားသမားဘ၀ နောက်တဆင့်တက်ဖို့အတွက် အရေးကြီးတဲ့ ပတ်ဝန်းကျင်ကလူတွေ မဟုတ်လား..။ ပြီးတော့ အသင်းမှာ နဂို ရှိပြီးသားတိုက်စစ်မှူးဖြစ်တဲ့ ရုဒ်ဗန်နစ္စတယ်ရွိုင်းရှိသေးတယ်လေ။ အဲ..ချာတိတ်ကို ကျွန်တော် တကယ်အချီးကျူး ချင်ဆုံးက သူက တွဲဖက်တိုက်စစ်မှူးမှန်သမျှနဲ့ သဟဇာတဖြစ်အောင် ကစားနိုင်စွမ်းရှိတာကိုပဲ..။

Photo : Sports Illustrated

 

ကျုပ်ဘဝမှာ ဒါမျိုး မကြုံဖူးတာတော့မှန်ပဲ။ လူးဝစ္စဆာဟာ၊ ဘာဘာတော့ဗ်၊ စီရော်နယ်ဒို၊ ကားလို့စ်တီဗက်ဇ် စတဲ့ တိုက်စစ်မှူး ဘယ်သူနဲ့မဆို သူ လိုက်ဖက်ညီအောင် ကစားနိုင်စွမ်းရှိခဲ့တာကိုး...နောက်ဆုံး ရော်ဘင်ဗန်ပါစီရောက်လာလည်း သူက အကောင်းဆုံး ပါတနာဖြစ်အောင်စွမ်းဆောင်ပြခဲ့တာပဲ.."

 

စကားစကို ခေတ္တဖြတ်လိုက်ရင်း အဘိုးကြီးက နေရာမှ ထထွက်သွားသည်။ အတန်ကြာတော့ သူ့လက်ထဲ ဆုတံဆိပ် တပွေ့တပိုက်နှင့် ပြန်ရောက်လာသည်။ တစ်ခုချင်းစီကို သေချာစွာကြည့်ပြီးတော့ သူ့ လက်ချောင်းလေးများနှင့် ပွတ်သပ်ပြီး စကားပြန်ဆက်ပြန်သည်။

Photo : Irish News

 

" ဒါတွေက ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းတစ်ခုကို ပြသတဲ့ အရာဝတ္ထုလေးတွေပေါ့ဗျာ... ခင်ဗျားကို ပြတယ်ဆိုတာက ချာတိတ်ဆီ မှာလည်း ဒါမျိုးတွေရှိနေတယ်။ ကျွန်တော်တို့က သမိုင်းကြောင်းတစ်ခုကို အတူတကွ ပူးပေါင်းပြီး ဖော်ဆောင်ခဲ့တယ်ဆိုတဲ့ သက်သေ တွေလေ..။ ကျွန်တော် တကယ်ကျေနပ်မိပါတယ်..။ ထားပါတော့လေ... ချာတိတ်က သူအရင် စွမ်းဆောင်ခဲ့တဲ့ အချက်တစ်ခုကို ယူနိုက်တက်မှာ ထပ်လုပ်ပြခဲ့သေးတယ်..။ ဘာလဲဆိုတော့ အာဆင်နယ်ရဲ့ ရှုံးပွဲမရှိစံချိန်ကို သူ ထပ်ချိုးပြခဲ့တာလေ.။ တကယ်ပါ.. ဒီချာတိတ်က အာဆင်နယ်ကို ဖျက်ဆီးဖို့ မွေးဖွားလာတဲ့ နတ်ဆိုးတစ်ပါးလို့တောင် သမုတ်ရမလိုပဲ.. သူ မကြာခဏဆိုသလိုပဲ အာဆင်နယ်အသင်းကို ဒုက္ခတွေပေးခဲ့တယ်လေ..."

 

ဒီတစ်ခါတော့ ရေမသောက်တော့။ ဝိုင်ခွက်ကို ကောက်ယူခါ တော်တော်များများကို မော့ချလိုက်သည်။ စကော့သားကြီးပီပီ ဝိုင်တော့ နှစ်ခြိုက်ပုံရသည်။ ခုတစ်ခေါက်တော့ အာသွက်လျှာသွက်ဖြစ်လာတော့မည်နှင့် တူသည်။

 

" သူ့ကို ကျုပ်က နေရာမျိုးစုံမှာ စမ်းသပ်ကစားစေခဲ့တာဗျ။ တိုက်စစ်မှူးဆိုတဲ့ နာမည်သာ ခံထားပေမယ့် ချာတိတ်ကသူ့ကို ပေးအပ်တဲ့ နေရာမှာ တာဝန်ကျေအောင် ကစားနိုင်တာပဲဗျို့.။ အရင်တုန်းကတော့ သူ့ ကျောနံပါတ်က ၈ပေါ့။ နောက်တော့ နံပါတ် ၁၀ကို သူ ရသွားတယ်။ တကယ်လည်း သူနဲ့ထိုက်တန်တဲ့ ဂျာစီတွေချည်းပါပဲ..။ သူ့အတွက်တော့နံပါတ်တွေ၊ ကိန်းဂဏန်းတွေက သိပ်အရေးကြီးပုံ မရပါဘူး..။ ဘာလို့လဲဆိုတော့ တခါတခါကျ သူ ဘယ်နှစ်ဂိုးရပီလဲ မေးရင်တောင် တော်တော်စဉ်းစားနေရတာဗျ..။ သူ့အတွက် နံပါတ်တစ် အရေးကြီးတာက အသင်း၊ နံပါတ်နှစ်ကလည်း အသင်း၊ နံပါတ်သုံးကလည်းအသင်း။ ချာတိတ်က အဲလိုကောင်မျိုးဗျ။

Photo : Sportsking.gr

 

တချို့က ပြောကြတယ်.။ ဟိုတုန်းက ချာတိတ်နဲ့ အခု ချာတိတ်ပေါင်းစပ်ရင် ပေါလ်စခိုးတဲ့ဗျ။ ပေါလ်က ကျောနံပါတ် ၁၈လေ။ ချာတိတ်အတွက်တော့ ဂုဏ်ယူရမယ့် အသံတွေပေါ့...။ သူ့အတွက်တကယ် စိတ်မကောင်းဖြစ်မိတာ တစ်ခုပဲရှိတယ်ဗျာ။ သူနဲ့တွဲဖက်ဆော့တဲ့ တိုက်စစ်မှူးတွေ ရွှေဖိနပ်ဆုတွေ ရကြပေမယ့် ချာတိတ်အတွက်တော့ ဒီနေ့ဒီအချိန်ထိ မရဖူးသေးဘူး။ အဲဒီအတွက်တော့ ကျွန်တော့်မှာ အပြစ်မကင်းသလို ခံစားရတယ်။ ဒါပေမယ့်လည်း ကျုပ်က အားလုံးအတွက်ရှေးရှူလုပ်ရတာဆိုတဲ့ အတွေးနဲ့ပဲ ပြန်ပြန်ချေဖျက်ခဲ့ရတယ်။ ဒီအကြောင်းတွေကို သူက ဘယ်တုန်းကမှ လူသိရှင်ကြားဖွင့်မပြောခဲ့ပါဘူး..မလိုအပ်ဘူးလို့ သူ ခံယူထားပုံပဲ.. အသင်းကသာ သူ့အတွက်လို့ ခံယူထားတယ်လို့ ကျွန်တော် ပြောခဲ့တယ် မဟုတ်လား.."

Photo : Zimbio

နောက်ဆုံးတော့ သူ့အတွက် တကယ့်ကို ခမ်းနားကြီးကျယ်တဲ့ အရာတစ်ခုကို သူပိုင်ဆိုင်သွားပါပြီ...။ ဘော်ဘီကို ကျော်ဖြတ်ပီးတော့ အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို သူပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးရောက်ဖို့ သူ ဖြတ်သန်းခဲ့ရသော ခရီးတွေက ကြမ်းတမ်းလွန်းလှပါသည်။ နည်းပြအလိုကျ၊ ကစားကွက်ပိုင်းအရ ကျရာနေရာမှာ ကစားပေးခဲ့ရသည်။ တွဲဖက်တိုက်စစ်မှူးတွေကို ပံ့ပိုးပေးရင်း သူ့ဂိုးသွင်းစွမ်းရည်တွေကို မြှုပ်နှံပစ်ခဲ့ရသည်။ အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ သစ္စာရှိရှိ ကစားပေးခဲ့သည်။ ဒီနေ့ သူပိုင်ဆိုင် ရဖို့အတွက် သူ စတေးပစ်ခဲ့ရတာတွေက မနည်းမနော။ သူ့ ပင်ကိုယ်စိတ်တွေကို ထိန်းချုပ်ခဲ့ရသည်။ ဒီအတွက် သူ ပြန်ရခဲ့တာတွေကလည်း အဖိုးထိုက်တန်သည့် ချီးမြှင့်မှုတွေချည်းပါပဲ။ မန်ချက်စတာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်၊ ပရိသတ်များစွာ၏ ချစ်ခြင်းမေတ္တာ၊ နောက်ဆုံး ဂန္ထဝင်တစ်ယောက်၏ စံချိန်ကို ချိုးဖျက်ပြီး ကိုယ်တိုင် ဂန္ထဝင်ကစားသမားဖြစ်အောင် သူ ဖန်တီးထုဆစ်နိုင်ခဲ့သည်။ သူ ဆိုသည်ကား၊ ဒီ ချာတိတ်ဆိုသည်ကား ဝိန်းရွန်နီ။

Share

Loading Next Article...
က္က