အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။

၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက ကစားခဲ့တဲ့ ဝက်ဖို့ဒ်နဲ့ မန်ယူတို့ပွဲမှာ မန်ယူက ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲအပြီးမှာ မန်ယူနည်းပြ မော်ရင်ဟိုက အခုလို ပြောပါတယ်။ "ကျွန်တော်တို့ ပေးခဲ့ရတဲ့ ဒုတိယဂိုးကို ကြည့်ပါ၊ ကျွန်တော်တို့ ဘယ်နောက်ခံလူနဲ့ ၂၅မီတာလောက်မှာ သူတို့ ဘောလုံးရထားပါတယ်၊ တကယ်ဆိုရင် ငါးမီတာလောက်မှာသာ ရှိနေရမှာပါ၊ ဒါပေမယ့် နောက်ခံကစားသမားက ၂၅ မီတာလောက် ဝေးနေတယ်၊ ဖိအားပေးနိုင်ရမှာဖြစ်ပေမယ့် မလုပ်ခဲ့ဘူး၊ ဒါက နည်းစနစ်ပိုင်းနဲ့ ဆိုင်သွားသလို စိတ်ဓာတ်ပိုင်းဆိုင်ရာ အပြုအမူလည်း ဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။



Photo : Eurosports

 

မော်ရင်ဟို ဒီလိုပြောခဲ့တာက ပွင့်ပွင့်လင်းလင်းဆိုရင် လုခ်ရှောကို လူသိရှင်ကြား ထိုးနှက်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ မင်း အသုံးမကျလို့၊ မင်းညံ့လို့၊ မင်းစိတ်ဓာတ်မကောင်းလို့ ဒီဂိုးပေးလိုက်ရတာလို့ မပြောရုံတမယ်ပါပဲ။ ဒီအတွက် မော်ရင်ဟိုကိုယ်တိုင်လည်း မီဒီယာတွေ၊ အသင်းက ကစားသမားတွေနဲ့ တာဝန်ရှိသူတွေရဲ့ မျက်မုန်းကျိုးမှုကို ခံခဲ့ရပါတယ်။ အကြောင်းကတော့ ကိုယ့်အသင်းသားကို လူသိရှင်ကြား ဝေဖန်ခဲ့လို့ပါပဲ။ အဲဒီနောက်မှာ လုခ်ရှောက မန်ယူအတွက် နောက်ထပ် ပရီးမီးယားလိဂ်ပွဲစဉ် (၄)ပွဲမှာ တစ်မိနစ်သာ ကစားခဲ့ရတဲ့ အဖြစ်ကို ရောက်ခဲ့ပါတော့တယ်။

Photo : 90 min

 

၂၀၁၇ ဖေဖော်ဝါရီမှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် စိန့်အက်တီယန်နဲ့ ကစားရတဲ့ပွဲမှာလည်း လုခ်ရှောက အသင်းရဲ့ စတုတ္ထဦးစားပေး ဘယ်နောက်ခံလူအဖြစ်သာ သတ်မှတ်ခံခဲ့ရပါတယ်။ "သူက မန်ချက်စတာရဲ့ အနောက်မှာ နေနေတယ်၊ ဒီလေဘလင်း၊ ရိုဟို၊ ဒါမီယန်တို့နဲ့ ကျွန်တော် ကစားနေခဲ့ရပြီး သူတို့အားလုံးက ကျွန်တော် အလိုရှိတဲ့ ပုံစံအတိုင်း ကစားနိုင်ကြပါတယ်၊ သူ့အတွက်အခွင့်အရေးရဖို့ သူ အလုပ်ကို ကောင်းတာထက်ပိုကောင်းအောင် ကြိုးစားရဦးမှာပါ၊ ဘာတစ်ခုကိုမှ ကျွန်တော် အလကားမပေးတတ်ပါဘူး၊ တကယ်လို့ ကစားသမားတွေကို ကျွန်တော် တစ်ခုခု ပေးခဲ့တယ်ဆိုရင်တော့ ဒါဟာ သူတို့အတွက် အရမ်းတန်ဖိုးရှိလို့ပါ၊ ဈေးပေါလို့ မဟုတ်ဘူး" လို့ မော်ရင်ဟိုက အားမနာ လျှာမကျိုးစတမ်း ပြောခဲ့တယ်။

Photo : 90 min

 

ဒီစကားတွေက လုခ်ရှောအတွက်တော့ တော်တော်လေး ခံပြင်းဖို့ကောင်းသလို နာကျင်ထိခိုက်စရာလည်း ဖြစ်ခဲ့မှာ အသေချာပါပဲ။ အသင်းမှာ ဘယ်နောက်ခံနေရာ ကစားနိုင်တာက ကစားသမား (၄)ယောက်၊ ဒီ (၄)ယောက်မှာမှ သူက နောက်ဆုံးအနေနဲ့ ရွေးချယ်ခံရမယ်သူ။ စဉ်းစားကြည့်ပေါ့လေ။ ဘယ်လောက်ထိ ဆိုးရွားတဲ့ အနေအထားလဲလို့။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အသက်အငယ်ဆုံး ကစားသမားဖြစ်ခဲ့တဲ့ လုခ်ရှော အဖြစ်က ဒီလောက်နဲ့ ရပ်တန့်မသွားသေးပါဘူး။ ၂၀၁၇၊ ဧပြီလအတွင်း ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲအပြီးမှာ မော်ရင်ဟိုက အခုလို ပြောခဲ့ပါရော။

Photo : Luke Shaw Twitter

 

"သူ့ရဲ့ ဘောလုံးဦးနှောက်ကို ပြောင်းလဲဖို့ လိုနေတယ်လို့ ကျွန်တော်ထင်တယ်၊ ဒုတိယပိုင်းမှာ ကျွန်တော့်အသံကြောင့်သာ သူ့ကစားပုံက နည်းနည်းကောင်းခဲ့တာပါ" လို့ မော်ရင်ဟိုက ပြောခဲ့တာပါ။ မတ်လအတွင်း ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲအပြီးမှာလည်း မော်ရင်ဟိုက - "ပထမပိုင်းမှာဆို အချိန်ပြည့် လုခ်ရှောဘက်ခြမ်းကနေ အန္တရာယ်ရှိတဲ့ ဘောလုံးတွေက လာနေခဲ့တာပါ၊ သူ့ရဲ့ စွမ်းဆောင်ရည်က ကျွန်တော့်အတွက် ပျော်စရာ မရှိခဲ့ဘူး" လို့ ထပ်ပြောပြီး ဆက်တိုက်ဆိုသလိုကို မော်ရင်ဟိုက ဝေဖန်နေခဲ့ပါတယ်။ ဒါက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မော်ရင်ဟို နဲ့ လုခ်ရှောတို့ကြား ဖြစ်ပွားခဲ့တဲ့ စကားအပိုင်းအစ၊ အလွင့်အစင်တွေ ဖြစ်ပါတယ်။

Photo : Man Utd Twitter

 

ဒီနှစ်ဘောလုံးရာသီအစမှာတော့ လုခ်ရှောက မှန်ကန်တဲ့ ကစားပုံနဲ့ ရာသီသစ်ကို စတင်နိုင်ခဲ့ပါတယ်။ မန်ယူအတွက် သူ့ရဲ့ ခြေစွမ်းက အသစ်တဖန်ဖြစ်လာခဲ့ပြီးနောက်မှာတော့ မော်ရင်ဟိုရဲ့ လေသံက အခုလို ပြောင်းသွားခဲ့ပါတယ်။ "အလုပ်ကို ကြိုးစားတဲ့သူတိုင်း ရရှိမယ့် ရလာဒ်ကောင်းတွေကို သူ ခံစားသွားမိတဲ့ အချိန်ပဲ၊ သူ့ကိုယ်သူ မှန်ကန်တဲ့ ကစားသမားတစ်ယောက်ဖြစ်လာအောင် ပြုလုပ်ဖို့ ကြိုးစားနိုင်ခဲ့တာပါ၊ စိတ်ဓာတ်ပိုင်း၊ ကာယပိုင်းမှာ သူ ပိုပြီး သန်မာလာပါပြီ၊ နည်းနစ်ပိုင်းအရလည်း ပိုပြီး နားလည်လာလို့ သူ့အတွက် ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်၊ သူ့အတွက်တော့ ဒါက ထူးခြားခဲ့ပါတယ်" လို့ မော်ရင်ဟိုက ချီးကျူးသွားခဲ့ပါတယ်။

 

ဒီရာသီမှာ မော်ရင်ဟိုရဲ့ အားအကိုးရဆုံး ကစားသမားတစ်ယောက်အဖြစ် လုခ်ရှောက ထပ်ပေါင်းစည်းမိသွားပါပြီ။ တောက်လျှောက်ဆိုသလို အသင်းအတွက် ပုံမှန်ကစားခွင့် ရနေခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကလည်း တည်ငြိမ်မှုတွေ အပြည့်နဲ့ပါ။ မနေ့ကတော့ လုခ်ရှော နဲ့ မန်ယူတို့ (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုသွားခဲ့ပါတယ်။ ရာသီကုန်မှာ စာချုပ်သက်တမ်းပြည့်တော့မယ့် ကစားသမား (၁၁)ယောက်ထဲမှာ လုခ်ရှောလည်း ပါဝင်နေပြီး သူက အရင်ဆုံး အသင်းနဲ့ လက်မှတ်ထိုးခွင့် ရခဲ့သူပါ။ ဒီအတွက် မော်ရင်ဟိုက သူ့ကို အပြည့်အ၀ ထောက်ခံပေး ခဲ့ပါတယ်။

Photo : Man Utd Twitter

 

"ဒီစာချုပ်နဲ့ လုခ်ရှောနဲ့က ထိုက်တန်ပါတယ်၊ သူက အလုပ်ကို တကယ်ကြိုးစားတဲ့သူ၊ သူ့မှာရှိတဲ့ ပင်ကိုယ်အရည်အချင်းပေါ်မှာ အမြဲတမ်း ယုံကြည်မှု ပြည့်ဝနေတဲ့ သူမျိုးပါ၊ သူ့အသက်က ငယ်ပါသေးတယ်၊ အချိန်တိုင်းမှာ တိုးတက်မှုတွေ ရှီနေပြီးတော့ ဒီအတွက် သူ့ကိုယ်သူလည်း ဂုဏ်ယူရမှာပါ၊ ဒီလို အရည်အသွေးပြည့်ဝပြီး ငယ်ရွယ်တဲ့ အင်္ဂလိပ်ကစားသမားတစ်ယောက်၊ တောက်ပတဲအနာဂတ်ရှိနေတဲ့ သူ့လို ကစားသမားမျိုးကို အသင်းမှာ ထိန်းသိမ်းထားနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်" လို့ မော်ရင်ဟိုက စာချုပ်ချုပ်ဆိုအပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

Photo : Yahoo Sports

 

 ဒါက လုခ်ရှောက ပေးခဲ့တဲ့ သင်ခန်းစာတစ်ခုပါပဲ။ ဝေဖန်ခံနေရချိန်မှာ တိတ်ဆိတ်နေခဲ့ပြီး လုခ်ရှောက သူ့အလုပ်သူ ကြိုးစားနေခဲ့ပါတယ်။ အသင်းအတွက် အကောင်းဆုံးပုံစံရအောင် အားစိုက်ခဲ့ပြီး ဒီအတွက် အသီးအပွင့်ကို သူ ပြန်ခံစားခဲ့ရတာပါ။ ဒီနေရာမှာ ဝေဖန်ဖို့လည်း ဝန်မလေးသလို ချီးကျူးဖို့လည်း နောက်မတွန့်တဲ့ မော်ရင်ဟိုရဲ့ တွန်းအားပေးမှုတွေကလည်း တစ်စိတ်တစ်ပိုင်းတော့ အရေးပါခဲ့ပါတယ်။ ဒါပေမယ့် လူသိရှင်ကြား ဝေဖန်ခဲ့မှုအတွက်တော့ မော်ရင်ဟို ကိုယ်တိုင်လည်း ပြန်ပြီး ဝေဖန်ခံခဲ့ရပါတယ်။

 

တကယ်လို့များ မော်ရင်ဟိုသာ လုခ်ရှောကို လူသိရှင်ကြား ဝေဖန်မှုတွေ မရှိခဲ့ဘူးဆိုရင်၊ လုခ်ရှော ကိုယ်တိုင်ကလည်း ကြိုးစားအားထုတ်မှုမရှိခဲ့ဘူးဆိုရင်တော့ ဘာတွေဖြစ်လာမလဲ တွေးတောရင်း......။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က