အဲဗာတန်ကို အနိုင်ရခဲ့တာပါ။

စနေနေ့ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ် မန်ချက်စတာယူနိုက်တက် နဲ့ အဲဗာတန်တို့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြပါတယ်။ ဖိအားတွေအောက်က မော်ရင်ဟို နဲ့ ဆေးဗားလက်ထက်မှာ မာကျောတဲ့ အသင်းတစ်သင်းအဖြစ် ကစားပြနေတဲ့ အဲဗာတန်တို့ ရင်ဆိုင်ခဲ့ရတာမို့ ပွဲကောင်းတစ်ပွဲအသွင်ကို ဆောင်ခဲ့ပါတယ်။



 

မန်ယူမှာ တိုက်စစ်မှူး လူကာကူကို အနားပေးထားပြီး မာရှယ်၊ မာတာ နဲ့ ရက်ဖို့ဒ်တို့က တိုက်စစ်ကို တာဝန်ယူခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊ ပေါ့ဂ်ဘာ နဲ့ ဖရက်ဒ်တို့ ပါဝင်ခဲ့ပါတယ်။ အဲဗာတန်ကလည်း ရစ်ချာလီဆန်ကို အထောင်ထားပြီး ဝဲလ်ကော့၊ ဆီဂတ်ဆန်၊ ဘားနတ်တို့နဲ့ လူစုံပါဝင်ခဲ့လို့ နှစ်ဖက်စလုံးမှာ အဓိကကစားသမားတွေ တော်တော်များများ ပါဝင်လာခဲ့ကြပါတယ်။

 

ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ကို လျှင်လျှင်မြန်မြန်နဲ့ ကစားခဲ့ပါတယ်။ အိမ်ရှင်မန်ယူက ကစားကွက်အနည်းငယ် အသာစီးရခဲ့ပေမယ့် အဲဗာတန်နဲ့ မြန်ဆန်တဲ့ တိုက်စစ်ကစားပုံကြောင့် အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ အဲဗာတန်က အန်ဒရီဂိုမက်စ် နဲ့ မန်ယူက မာတာတို့ အပိုင်ခေါင်းတိုက်ခွင့်တွေ အသီးသီးရခဲ့ပေမယ့် အားနည်းချက်တွေကြောင့် ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့ပါတယ်။

 

(၂၇)မိနစ်မှာတော့ မာရှယ်ကြောင့် မန်ယူတို့ ပယ်နယ်တီရရှိခဲ့ပြီး ပေါ့ဂ်ဘာ ကန်သွင်းရာမှာ ပစ်ဖို့ဒ်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ပေါ့ဂ်ဘာကပဲ အသာအယာ ပိတ်သွင်းယူခဲ့လို့ မန်ယူ ဦးဆောင်ဂိုးရခဲ့ပါတယ်။ (၃၆)မိနစ်လောက်မှာ မာရှယ်ရဲ့ ကန်တင်ပေးမှု အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းရဲ့ လက်နဲ့ထိခဲ့ပေမယ့်လည်း ပယ်နယ်တီအဖြစ်တော့ ကွင်းလယ်ဒိုင်က မသတ်မှတ်ခဲ့ပါဘူး။

 

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကနေ မာရှယ်က ပစ်ဖို့ဒ်ရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့လို့ မန်ယူတို့ ဒုတိယဂိုးရခဲ့ပါတယ်။ ဒီဂိုးမှာဆိုရင် မာရှယ်ရဲ့ အကွက်မြင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး ပြင်းထန်တိကျတဲ့ ကန်ချက်နဲ့ ဂိုးရခဲ့ပါတယ်။ ဒီဂိုးကြောင့် မာရှယ်ဟာလည်း မန်ယူအတွက် နောက်ဆုံးပရီးမီးယားလိဂ် (၃)ပွဲမှာ (၄)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

 

အဲဒီနောက်ပိုင်း ပွဲကို မန်ယူက ထိန်းချုပ်နိုင်ခဲ့ပြီး အသာစီးရယူခဲ့ပါတယ်။ အဲဗာတန်က ချေပဂိုးရဖို့ အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် ထင်သလိုမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲကစားချိန် (၇၇)မိနစ်မှာ စမောလင်းရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် အဲဗာတန်ပယ်နယ်တီ ပြန်ရခဲ့ပြီး ဆီဂတ်ဆန်က ကန်သွင်းယူခဲ့လို့ (၂-၁)ဂိုး ဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာ အဲဗာတန်က ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ထင်သလောက် တက်မလာခဲ့လို့ ချေပဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဂိုးသမားနဲ့ တစ်ဦးချင်း အပိုင်အခွင့်အရေးကို မာရှယ် ရရှိခဲ့ပေမယ့် ဂိုးမရခဲ့လို့ နစ်နာခဲ့ရပြီး (၂-၁)ဂိုးနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က