အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး (၁၅၀)ပြည့်မြောက်ခဲ့တာပါ။

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး အဂူရိုဟာ ဆောက်သမ်တန်ကို (၆-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အဂူရိုဟာ ပရီးမီးယားလိဂ်မှာ အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး(၁၅၀) ပြည့်မြောက်ခဲ့တဲ့ တိုက်စစ်မှူးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo : AS

 

ပွဲကစားချိန် (၁၂)မိနစ်မှာ စတာလင်ရဲ့ဖန်တီးပေးမှုကနေ အဂူရိုက ဂိုးသွင်းနိုင်ခဲ့ပြီးနောက် မန်စီးတီးအတွက် သူ့ရဲ့ သွင်းဂိုးဟာ (၁၅၀)အထိ ရှိလာခဲ့ပါတယ်။ မန်စီးတီးရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားအဖြစ်  ရပ်တည်နေတဲ့ အသက် (၃၀)အရွယ် ကစားသမားဟာ ဒီရာသီမှာ မန်စီးတီးအတွက် သွင်းဂိုး (၇)ဂိုး ရရှိခဲ့ပြီး အော်ဘာမီယန်၊ ဟာဇက်တို့နဲ့အတူ ပူးတွဲရပ်တည်နေပြီ ဖြစ်ပါတယ်။

Photo : The Sun

 

အဂူရိုဟာ မန်စီးတီးအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၁၇)ပွဲအထိ ကစားပေးခဲ့ပြီးချိန်မှာ သွင်းဂိုး (၁၅၀) ပြည့်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာတော့ ပွဲအရေအတွက် အနည်းဆုံးကစားပြီး သွင်းဂိုး (၁၅၀) ပြည့်မြောက်ခဲ့တဲ့ ကစားသမားအဖြစ် နယူးကာဆယ် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက မှတ်တမ်းတင်ထားပြီး (၂၁၂)ပွဲကစားပြီးချိန်မှာ ဂိုး (၁၅၀) ပြည့်ခဲ့တာ ဖြစ်ပါတယ်။

Photo : Sport 360

 

အဂူရိုဟာ အသင်းတစ်သင်းတည်းအတွက် သွင်းဂိုး (၁၅၀) ပြည့်မြောက်ခဲ့တဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီက အသင်းအတွက် (၁၇၅) ဂိုး သွင်းယူပေးခဲ့ပြီး သွင်းဂိုး (၁၅၀)ပြည့်တဲ့ ပထမဆုံး ကစားသမားဖြစ်ခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကလည်း အသင်းအတွက် (၁၈၃)ဂိုး အထိ သွင်းယူပြီး ဒုတိယမြောက်ကစားသမားဖြစ်ခဲ့ပါတယ်။

ဒီကစားသမားရဲ့နောက်မှာ အဂူရိုက ထပ်တိုးတိုက်စစ်မှူးအဖြစ် ပါဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဂူရိုဟာ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ဖို့တော့ ကြိုးစားရဦးမှာဖြစ်ပြီး အလန်ရှီးယားရဲ့သွင်းဂိုး (၂၆၀) စံချိန်ကို လိုက်မီဖို့ နောက်ထပ် သွင်းဂိုး (၁၁၀)အထိ လိုအပ်နေပါသေးတယ်။

Share

Loading Next Article...
က္က