မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ဟာ ၂၀၁၈ ခုနှစ်အတွက် ဆွီဒင်တစ်နှစ်တာအကောင်းဆုံးဆုကို ဆွတ်ခူးခဲ့ပြီး တနင်္လာနေ့ညက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမှာကျင်းပခဲ့တဲ့ ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးဆုကို လက်ခံရရှိခဲ့ပါတယ်။
အသက်(၂၄)နှစ်အရွယ် လင်ဒီလော့ဖ်ဟာ ဆွီဒင်တစ်နှစ်အကောင်းဆုံးဆုကို ဆယ်စုနှစ်တစ်ခုကြာ လွှမ်းမိုးခဲ့တဲ့ အသင်းဖော်ဟောင်း အီဘရာဟီမိုဗစ်ပြီးနောက် ရရှိခဲ့တဲ့ ဒုတိယမြောက် မန်ယူကစားသမား ဖြစ်လာခဲ့ပါ တယ်။
အယ်လ်အေဂလက်ဆီတိုက်စစ်မှူး အီဘရာဟီမိုဗစ်ကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဒီဆုကို နှစ်တိုင်းဆွတ်ခူးနိုင်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ရဲ့လွှမ်းမိုးမှုကို ရပ်တန့်နိုင်ခဲ့သူကတော့ လက်ရှိဟယ်ဆင်ဘော့ဂ်မှာကစားနေတဲ့ ဗဟိုနောက်ခံလူ ဂရန်ဗစ်ချ်ပဲဖြစ်ပါတယ်။
ဆုလက်ခံရရှိခဲ့ပြီးတဲ့နောက် မန်ယူနောက်ခံလူလင်ဒီလော့ဖ်က “အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီနေ့မှာ ကျွန်တော့်ဘက်ကရပ်တည်သူတွေအများအရမ်းကို များခဲ့တာကြောင့် ဒီဆုကို ရရှိခဲ့တာပါ။ ကျွန်တော် အရမ်းကိုဂုဏ်ယူမိသလို ကျေးဇူးတင်ပါတယ်။ ကလပ်အသင်းနဲ့ နိုင်ငံအသင်းက အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် လင်ဒီလော့ဖ်က ဇနီးသည်မီဂျာကိုလည်း ကျေးဇူးတင်တယ်လို့ တခုတ်တရ ပြောသွားခဲ့တယ်လို့ Daily Mail သတင်းမှာ ဖော်ပြထားပါတယ်။
လင်ဒီလော့ဖ်ဟာ ပြီးခဲ့တဲ့ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်တက်နိုင်ခဲ့တဲ့ ဆွီဒင်းအသင်းမှာ ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ဆွီဒင်အသင်းဟာ လာမယ့်စနေနေ့မှာ ယူအီးအက်ဖ်အေနိုင်ငံများပွဲစဉ်အဖြစ် တူရကီနဲ့ကစားရမှာဖြစ်ပြီး နိုဝင်ဘာ(၂၀)ရက်မှာ ရုရှားနဲ့ကစားသွားရမှာပဲဖြစ်ပါတယ်။