မန်စီးတီးရဲ့ ရှုံးပွဲမရှိစံချိန်ကို ချယ်လ်ဆီးက ရိုက်ချိုးခဲ့တာပါ။

ပရီးမီးလိဂ်ပွဲစဉ် (၁၆) ရဲ့ ပွဲစဉ် (၈)ပွဲကို စနေနေ့က ကစားခဲ့ရာမှာ အသင်းကြီးအများစု အနိုင်ရရှိခဲ့ပြီး အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ပွဲမှာ ချယ်လ်ဆီးက အနိုင်ရသွားပါတယ်။ ချယ်လ်ဆီးအသင်း အနိုင်ရခဲ့မှုကြောင့် ပရီးမီးယားလိဂ်ရဲ့ ဇယားထိပ်ပိုင်းမှာ အပြောင်းအလဲ ဖြစ်ခဲ့ပြီး လီဗာပူးလ်က မန်စီးတီးကို တစ်မှတ်အသာနဲ့ ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။



Photo : Evening Standard

 

ဘုန်းမောက်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာတော့ လီဗာပူးလ်ဟာ တိုက်စ်မှူးဆာလာရဲ့ ဟက်ထရစ်သွင်းဂိုး အပါအဝင် လေးဂိုးပြတ်နဲ့ နိုင်ပွဲရခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားရတာဖြစ်ပေမယ့်လည်း လီဗာပူးလ်က ခြေစွမ်းအသာ၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့သလို ဆာလာရဲ့ အထူးခြေစွမ်းပြမှုတွေကြောင့်လည်း ဂိုးပြတ်ခဲ့တာပါ။

ဆာလာရဲ့ ဒုတိယမြောက်ဂိုးမှာဆိုရင် ဂိုးသမားနဲ့ နောက်တန်းလူတွေကို လှလှပပ ကျော်ဖြတ်ပြီး သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဂိုးပြတ်အနိုင်ရရှိခဲ့လို့ လီဗာပူးလ်က ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ယာယီ တက်လှမ်းနေခဲ့ပါတယ်။

Photo : Evening Standard

 

အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ် နဲ့ ဟတ်ဒါဖီးတို့ ပွဲမှာတော့ အာဆင်နယ်တို့ အနိုင်ရဖို့ အသည်းအသန် အားထုတ်ခဲ့ရပါတယ်။

ပွဲပြီးဖို့ (၇)မိနစ်ခန့် အလိုအထိ အနိုင်ဂီုးရှာမတွေ့ခဲ့တဲ့ အာဆင်နယ်အတွက် တော်ရဲရားက အူဘာမီယန်ရဲ့ ဖန်တီးပေးမှုကနေ အနိုင်ဂိုးသွင်းပေးခဲ့လို့ အာဆင်နယ်တို့ အသက်ရှူချောင်ခဲ့ပြီး (၂၁)ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို တင်နိုင်ခဲ့ပြီး ဇယားထိပ်ပိုင်းက အသင်းတွေနဲ့ အမှတ်ပိုမပြတ်အောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် (၈၃)မိနစ်မှာ တော်ရဲရားက အနိုင်ဂိုးသွင်းပေးခဲ့တာပါ။

Photo : Evening Standard

 

မန်ချက်စတာယူနိုက်တက် နဲ့ ဖူလ်ဟမ်တို့ရဲ့ပွဲမှာတော့ အိမ်ကွင်းမှာပဲ မော်ရင်ဟိုရဲ့ အသင်းက ပေါက်ကွဲပြခဲ့ပါတယ်။ အသင်းလူစာရင်းမှာ ပေါ့ဂ်ဘာ မပါဝင်ခဲ့ပဲ ဟာရဲရားကို ထပ်အသုံးပြုကာ တိုက်စစ်မှာလည်း မာရှယ် ဒဏ်ရာကြောင့် လွဲချော်ခဲ့ပါတယ်။

ဒါပေမယ့် ရက်ဖို့ဒ်ရဲ့ ခြေစွမ်းပြသမှု၊ ဟာရဲရားရဲ့ ကွင်းလယ်ပိုင်းကို အကောင်းဆုံးထိန်းချုပ်နိုင်မှုတွေကြောင့် ယူနိုက်တက်တို့ ဂိုးတွေ ရခဲ့ပါတယ်။ အဖွင့်ဂိုးကို အက်ရှ်လေယန်းက ဧရိယာအတွင်းကနေ လှလှပပ ထောင့်ဖြတ်ကန်သွင်းခဲ့တာပါ။

အဲဒီနောက် မာတာ၊ လူကာကူ နဲ့ ရက်ဖို့ဒ်တို့က ဂိုးတွေထပ်သွင်းပေးခဲ့ပြီး ဖူလ်ဟမ်ကတော့ ပယ်နယ်တီကတဆင့် ကာမာရာသွင်းယူတဲ့ ချေပဂိုးတစ်ဂိုးသာ ပြန်ရခဲ့ပါတယ်။ မော်ရင်ဟိုအတွက်တော့ ဖိအားတွေ နည်းနည်းလျော့ခဲ့ရတဲ့ ပွဲပါ။

Photo : Evening Standard

 

ဆိုခဲ့တဲ့အတိုင်း အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်စိးတီးတို့ရဲ့ ပွဲမှာတော့ ချယ်လ်ဆီးက မန်စီးတီးရဲ့ ရှုံးပွဲမရှိစံချိန်ကို ရိုက်ချိုးပစ်ခဲ့ပြီး စတန်းဖို့ဘရစ်ချ်မှာ ချေမှုန်းသွားခဲ့ပါတယ်။

ချယ်လ်ဆီးအတွက် ကန်တေ နဲ့ ဒေးဗစ်လုဇ်တို့က ဂိုးတွေသွင်းပေးခဲ့တာ ဖြစ်ပြီး တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ဂွာဒီယိုလာရဲ့ မန်စီးတီးတို့ ချေပဂိုးတစ်ဂိုးတောင်မှ ပြန်မရခဲ့ပါဘူး။

ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရသလို လီဗာပူးလ်ကိုလည်း အမှတ်ပေးဇယားဦးဆောင်ခွင့်နေရာ လွှဲပေးခဲ့ရလို့ မန်စီးတီးတို့ ရှုံးချက်နာခဲ့ရပါတယ်။ ပြိးခဲ့တဲ့ပွဲမှာ ဝုလ်ဗ်ကို အရေးနိမ့်ခဲ့လို့ ဝေဖန်ခံနေရတဲ့ ဆာရီအတွက်လည်း သူ့ရဲ့ ဂုဏ်သိက္ခာကို ပြန်မြှင့်တင်နိုင်ခဲ့တာပါ။

Photo : Evening Standard

 

နောက်ဆုံးပွဲအဖြစ် ကစားခဲ့တဲ့ လက်စတာနဲ့စပါးတို့ရဲ့ပွဲမှာ စပါးက ဆွန်ဟောင်မင် နဲ့ အလီတို့ရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းမှာ နိုင်ပွဲဆက်ခဲ့ပါတယ်။

ဆွန်ဟောင်မင် ဆက်တိုက် ခြေစွမ်းပြနေပြီး ဟယ်ရီကိန်း ဂိုးမသွင်းနိုင်ရင် သူ သွင်းပေးနေပြီး သူ မသွင်းနိုင်တဲ့အချိန်မှာ ဟယ်ရီကိန်းက ဂိုးတွေယူပေးနေတာက ပိုချက်တီနီုကို နိုင်ပွဲဆက်စေခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် စပါးတို့ အဆင့် (၃)နေရာမှာ ဆက်ရှိနေခဲ့ပြီး လီဗာပူးလ်နဲ့ (၆)မှတ်၊ မန်စီးတီးနဲ့ (၅)မှတ်အကွာအနေအထား ဖြစ်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က