AD
AD
AD

ရီးရဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ စံချိန်တွေကို တင်ပြီးရင်း တင်လို့ နေပါတော့တယ်။ မနေ့ညက ကစားခဲ့တဲ့ ဘီဘာအိုအသင်းနဲ့ ပွဲစဉ်မှာလည်း စီရော်နယ်ဒိုဟာ နောက်ပေါက်ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပြီးတော့ အိမ်ကွင်းမှာ ရှုံးနိမ့်ရဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကယ်တင်ရှင် ဖြစ်ခဲ့ပါတယ်။

play

 

စီရော်နယ်ဒိုဟာ ဘာနေဗျူးမှာကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ပွဲစဉ်မှာ ပွဲပြီးခါနီး (၃)မိနစ်အလိုမှာ မိုဒရစ်ရဲ့ ကန်သွင်းမှုကို နောက်ပေါက်ကန်ချက်နဲ့ ပိတ်သွင်းယူခဲ့ပြီး အသင်းအတွက် ချေပဂိုးရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် ရီးရဲလ်အနေနဲ့ နောက်ဆုံး (၆) နှစ်အတွင်း ဘီလ်ဘာအိုကို အိမ်ကွင်းမှာ ပထမဆုံးအကြိမ် အရေးနိမ့်မယ့် အရေးမှ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

play

 

ဒီသွင်းဂိုးဟာ စီရော်နယ်ဒိုအတွက် ပြိုင်ပွဲစုံနောက်ဆုံး (၁၂)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ အဲဒီ (၁၂)ပွဲမှာ စုစုပေါင်း ၂၂ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။  စီရော်နယ်ဒိုအနေနဲ့ နောက်ဆုံး (၁၂)ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့မှုမှာ (၆)ပွဲဟာ တစ်ပွဲကို တစ်ဂိုးနှုန်း သွင်းယူခဲ့တာဖြစ်ပြီးတော့ ကျန်တဲ့ (၆)ပွဲမှာ တစ်ပွဲကို အနည်းဆုံး (၂)ဂိုးနှုန်းသွင်းယူနိုင်ခဲ့ပြီး တစ်ပွဲတည်း (၄)ဂိုး ရရှိခဲ့တဲ့ ပွဲစဉ်တစ်ပွဲလည်း ပါဝင်ခဲ့ပါတယ်။ စီရော်နယ်ဒိုအတွက်တော့ လာလီဂါသွင်းဂိုး (၂၄) ဂိုးမြောက်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံသွင်းဂိုးဟာ ဒီရာသီမှာ (၄၂) ဂိုးအထိ ရှိလာခဲ့ပြိ ဖြစ်ပါတယ်။

play

 

ဒီသွင်းဂိုးစုစုပေါင်းဟာ ဥရောပက ဘယ်ကစားသမားထက်မဆို ပိုမိုများပြားတဲ့ ဂိုးအရေအတွက်ဖြစ်ခဲ့ပြီး အနီးစပ်ဆုံးကပ်လိုက်နေခဲ့တဲ့ ဆာလာထက် (၂) ဂိုးအသာစီး ရရှိထားတာ ဖြစ်ပါတယ်။

 

" သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားပါ၊ သူ့ကြောင့်ပဲ ကျွန်တော်တို့အားလုံးဟာ ယုံကြည်မှုတွေ ပြည့်ဝခဲ့ရပါတယ်" လို့ အသင်းဖော် မာဆယ်လိုက ချီးကျူးခဲ့ပါတယ်။  " သူ့အနေနဲ့ ခုထက်ပိုပြီးတော့ သွင်းဂိုးတွေ ရယူနိုင်ဦးမှာဖြစ်သလို ၁၂ပွဲဆက်တိုက် ဂိုးသွင်းယူထားတဲ့ စံချိန်ကိုလည်း နောက်ထပ် ဆက်တိုက်ဂိုးတွေသွင်းယူနိုင်ဦးမယ်လို့ ယုံကြည်ပါတယ်" လို့လည်း သူက ထပ်ပြောခဲ့ပါတယ်။

play

 

ရီးရဲလ်ကတော့ လာလီဂါမှာ ဦးဆောင်သူ ဘာစီလိုနာနဲ့ ၁၅မှတ်အထိ ကွာဟနေခဲ့ပြီးတော့ အမှတ်အများအပြား ပြတ်တောက်နေခဲ့ရပြီလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း မာဆယ်လိုက " ကျွန်တော်တို့ လုပ်နိုင်သမျှကို လုပ်ဆောင်ခဲ့ပါတယ်၊ သူတို့(ဘာစီလိုနာ) လိုမျိုး ပြုလုပ်နိုင်ဖို့အတွက် ခက်ခဲခဲ့ပေမယ့်လည်း ကျွန်တော်တို့မှာ အခွင့်အရေးတချို့ရှိနေပြီး ပွဲတွေကိုအနိုင်ရအောင် ကြိုးစားရဦးမှာပါ" လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

play

 

မာဆယ်လိုက ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုင်ယန်မြူးနစ်နဲ့ ကစားဖို့ ရှိနေတာကို ရည်ရွယ်ခဲ့တာဖြစ်ပြီးတော့ သူတို့အသင်းရဲ့ နောက်ဆုံး ဆုဖလားအဖြစ် ကျန်နေသေးတဲ့ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ပစ်မှတ်ကိုလည်း ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ကတော့  ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် လာမယ့် ဗုဒ္ဓဟူးနေ့၊ ဧပြီလ (၂၅) ရက်နေ့မှာ အဝေးကွင်းပွဲစဉ်အဖြစ် ပထမအကျော့ကို ကစားရမှာ ဖြစ်ပါတယ်။

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD