AD
AD
AD

၂၀၁၇-၁၈ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် နောက်ဆုံး ဗိုလ်လုပွဲကြီးကိုတော့ လာမယ့် မေလ ၂၆ ရက်နေ့မှာ ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ NSC ကွင်းကြီးအတွင်း ရီးရဲမက်ဒရစ်အသင်းနဲ့ လီဗာပူးအသင်းတို့ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။

play

 

ဒီအချိန်မှာ ကမ္ဘာ့ဘောလုံးပရိသတ်တွေအတွက် အထူးစောင့်ကြည့်ချင်စရာကောင်းတဲ့ အရာတွေကလည်း ရှိနေပြီး အဆိုပါ အရာတွေထဲက လီဗာပူးအသင်းကို ယခုနှစ်ဘောလုံးရာသီမှစတင်ရောက်ရှိလာခဲ့ပြီး အကောင်းဆုံး ခြေစွမ်းတွေနဲ့အတူ ယခုလို ချန်ပီယံလိဂ် ဗိုလ်လုပွဲကြီးကို လီဗာပူးအသင်းတက်လှမ်းလာနိုင်စေမယ့် အဓိက မောင်းနှင်အားဖြစ်ခဲ့တဲ့ အီဂျစ် တိုက်စစ်မှူး ဆာလာနဲ့ ရီးရဲအသင်းရဲ့ အဓိက ကစားသမား၊ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ စံချိန်များရှင် ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုကို ကမ္ဘာ့ဘောလုံးပရိသတ်တွေ မျက်ဝါးထင်ထင်တွေ့မြင်ရ တော့မှာ ဖြစ်ပါတယ်။

ဆာလာနဲ့ရော်နယ်ဒိုဟာ ယခုနှစ်အတွင်းကစားခဲ့ကြတဲ့ ပြည်တွင်းပြည်ပ ပြိုင်ပွဲအသီးသီးမှာကလပ်အသင်းအတွက်သာမက နိုင်ငံအသင်းအတွက် ပါအကောင်းဆုံးစွမ်းဆောင်ပေးထားနိုင်သူတွေဖြစ်သလို ယခုနှစ်အတွင်း ပရိသတ်တွေ သတိထားစောင့်ကြည့်မိစေတဲ့အထိ ခြေစွမ်းပိုင်းနဲ့ သွင်း ဂိုးတွေ မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် ယခုနှစ်အတွင်း ၎င်းတို့နှစ်ယောက် ကလပ်အသင်းနဲ့အတူ စွမ်းဆောင်ထားနိုင်မှုတွေကို ချိန်ဆကြည့်မယ်ဆိုရင်-

play

ကလပ်အသင်းနဲ့အတူ ပွဲကစားထားမှု
------------------------------------

ယခုအဆင့်ကတော့ နှစ်ဦးစလုံးအတွက်သာမန်ထက်ပိုမိုထူးခြားနေမှာ အမှန်ပင်ဖြစ်ပါတယ်။ကလပ်အသင်းကိုယ်စီနဲ့အတူ ခက်ခဲတဲ့ ပြိုင်ပွဲတွေကို ကျော်ဖြန်လာခဲ့ပြီးနောက်အခုလို ဗိုလ်လုပွဲအဆင့်ကို ထိုက်ထိုက်တန်တန် တက်လှမ်းလာနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ လီဗာပူး ကစားသမားဆာလာဟာ ဒီရာသီ အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၉ ပွဲအထိ ပါဝင်ကစားပေးထားနိုင်ပြီဖြစ်ပြီး ရီးရဲမက် ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ၄၁ ပွဲအထိ ပါဝင်ကစားပေးထားတာကို တွေ့ရပါတယ်။

ဆာလာအနေနဲ့ ဒီရာသီအသင်းကို စရောက်ချိန်ကတည်းက နည်းပြကလော့ပ်ရဲ့ လက်ရုံးဖြစ်ခဲ့ပြီးတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆ ပွဲ ကစားပြီး ချိန်မှာတော့ အသင်းအတွက် ၃၄ ပွဲအထိ ပါဝင်ကစားပေးထားကာ ၂ ပွဲသာ မပါဝင်ထားနိုင်တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ တစ်ပွဲသာ အနားပေးခြင်းပြုခဲ့ပြီး ပေါ်တိုကို ၅-၀ နဲ့ အနိုင်ရထား ချိန် ဒုတိယအကျော့ပြန်ကစားတဲ့ပွဲမှာ အရံအဖြစ် နေခဲ့ရတာကလွဲရင် ကျန်ပွဲအားလုံးက ပွဲထွက်ကစားထားခွင့်ရသူလည်း ဖြစ်ပါတယ်။

ရီးရဲက ရော်နယ်ဒိုကတော့ အသက် ၃၃ နှစ်ရှိပြီဖြစ်ပြီး ဆာလာထက်တော့ ၈ နှစ်ခန့် ပိုမိုအသက်ကြီးပါတယ်။ ဒီနှစ်ရာသီမှာ ဆာလာထက်တော့ ပွဲပိုမိုလျော့ပြီး ကစားထားတာဖြစ်ပြီး အကြောင်းရင်းကတော့ ရာသီအစက ဘာစီလိုနာနဲ့ကစားတဲ့ စပိန်စူပါဖလားပြိုင်ပွဲမှာ ၅ ပွဲပယ်ပြစ်ဒဏ်ကျ ခံခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်ရာသီ လာလီဂါ ပြိုင်ပွဲမှာ ဘာစီလိုနာအောက် သိသိသာသာရမှတ်ပြတ်ခဲ့တဲ့ အနေအထားမှာလည်း နည်းပြဇီဒန်းက ရော်နယ်ဒို ကို အမှတ်ပေးပွဲထက် ဥရောပပွဲကိုသာ ပိုမို အားပြုစေခဲ့ပြီး တော်ရုံပွဲဆိုရင် ထည့်သွင်းခြင်းမပြုတာတွေလည်း ပါပါတယ်။

ဒါကြောင့်လည်း ရော်နယ်ဒိုဟာ အသက်အရွယ်နဲ့မလိုက်အောင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစွမ်းပြ ဂိုးတွေသွင်းယူနိုင်သလို စံချိန်တွေနဲ့ ဆက်တိုက် တင်ရှိနိုင်ခဲ့တာကိုတွေ့မြင်ရပါတယ်။

play

 

သွင်းဂိုး ရယူထားနိုင်မှု
---------------------

နှစ်ဦးစလုံးကတော့ ဂိုးသွင်းစွမ်းရည်မှာလည်း သူမသာကိုယ်မသာ အနေအထားမှာ ရှိနေပြန်ပြီး ဆာလာက ၄၃ ဂိုးနဲ့ ရော်နယ်ဒိုက ၄၂ ဂိုး ပြိုင်ပွဲ စုံမှာသွင်းယူထားပါတယ်။

ဆာလာအနေနဲ့ ယခုလို သွင်းဂိုး မြင့်မားစွာ သွင်းယူနိုင်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့တာ ဖြစ်ပြီး အကြောင်းရင်းကတော့ ချဲလ်ဆီးမှာ ရှိခဲ့တဲ့ အချိန်နဲ့ ရိုးမားမှ ကျင်လည်ခဲ့တဲ့ ၂ နှစ်တာအတွင်း ဂိုးသွင်းစွမ်းရည်ဟာ အားရစရာ မရှိခဲ့လို့ပါပဲ။

ပရီးမီးယားလိဂ်မှာဆိုရင်လည်း သွင်းဂိုး ၃၁ ဂိုးအထိ ရှိနေပြီဖြစ်ပြီး ဒုတိယနေရာက ဟယ်ရီကိန်းကို ၄ ဂိုးအထိ ဖြတ်ထားနိုင်ကာ ရွှေဖိနပ်ဆုကို ရယူနိုင်ဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။

ဒါတင်မကသေးပဲ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလည်း ၁၀ ဂိုးအထိသွင်းယူထားနိုင်သေးပြီး ဟော်ဖန်ဟိမ်းအသင်းနဲ့ ကစားခဲ့တဲ့ ခြေစစ်ပွဲအပါအ၀င် ဆိုရင် ၁၁ ဂိုးအထိ သွင်းယူထားတာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ၂၄ ပွဲသာ လာလီဂါမှာ ကစားခွင့်ရထားပြီး ပြိုင်ပွဲစုံသွင်းဂိုးကတော့ ၄၂ ဂိုးအထိရှိနေပါတယ်။ ချန်ပီယံလိဂ် ၁၂ ပွဲဆက်မှာ တော့ ဆာလာထက် သွင်းဂိုး ပိုမို သာလွန်နေပြီး ၁၅ ဂိုးအထိသွင်းယူထားနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆီမီးဖိုင်နယ် ၂ ကျော့စလုံးမှာတော့ ဂိုးသွင်းယူထားနိုင်ခြင်းမရှိတာလည်း ဖြစ်ပါတယ်။

play

 

ဖန်တီးပေးစွမ်းနိုင်မှု
-------------------

နှစ်ဦးစလုံးက ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်သလို အသင်းဖော်တွေ ဂိုးသွင်းယူနိုင်ဖို့အတွက်လည်း ဂိုးဖန်တီးပေးနိုင်ပါသေးတယ်။

ဆာလာကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၉ ကြိမ်အထိ ဂိုးဖန်တီးပေးထားနိုင်ပြီးတော့ ဥရောပ ပြိုင်ပွဲမှာတော့ ၄ ကြိမ်နဲ့ စုစုပေါင်း ၁၃ ကြိမ် ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။

ရော်နယ်ဒိုကတော့ လာလီဂါမှာ ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ၂ ကြိမ် ဂိုးဖန်တီးပေးထားနိုင်တယ်လို့ သိရပါတယ်။

play

 

ပွဲတစ်ပွဲမှာ တစ်ဂိုးထက် ပိုမို သွင်းယူထားနိုင်မှု
--------------------------------------------

ဆာလာရော ရော်နယ်ဒိုပါ ပွဲစဉ်အတော်များများကို တစ်ဂိုးထက်ပိုသွင်းယူထားနိုင်သလို ဟက်ထရစ်သွင်းဂိုးတွေလည်း သွင်းယူထားနိုင်ပါတယ်။

ဆာလာကတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၇ ပွဲလောက်ကို၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး၊ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ မာရီဘောကို ၇-၀ နဲ့ အနိုင်ရ ခဲ့တဲ့ပွဲနဲ့ ရိုးမားကို အနိုင်ရခဲ့တဲ့ ပထမအကျော့ပွဲတို့မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ပွဲတစ်ပွဲအတွင်း အမြင့်မားဆုံး ဂိုးသွင်းစွမ်းရည် ပြသထားနိုင်တဲ့ ပွဲကတော့ ၀က်ဖို့ဒ်ကို ၅-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲ ဖြစ်ပြီး တစ်ဦးတည်းက ၄ ဂိုးအထိသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။

ဆာလာနည်းတူ ရော်နယ်ဒိုလည်း ထိုနည်းလည်းကောင်းပါပဲ။၂ ဂိုးသွင်းယူနိုင်ခဲ့တဲ့ပွဲ ၁၁ ပွဲအထိရှိခဲ့ပြီးတော့ ဟက်ထရစ်တစ်ပွဲနဲ့ ၄ ဂိုးသွင်းယူတဲ့ ပွဲတစ်ပွဲပါ။

၂ ဂိုးသွင်းယူခဲ့တဲ့ပွဲတွေကတော့ လာလီဂါ ပွဲစဉ်အချို့အပါအ၀င် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်းသွင်းယူထားတာဖြစ်ပါတယ်။ ဟက်ထရစ်သွင်းဂိုးကို တော့ ရီးရဲ ဆိုစီဒက်ကို ၅-၂ ဂိုးနဲ့ နိုင်တဲ့ပွဲမှာသွင်းတာ ဖြစ်ပြီး တစ်ဦးတည်း ၄ဂိုးသွင်းတဲ့ပွဲကတော့ ဂျီရိုနာကို ၆-၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲဖြစ်ပါ တယ်။

play

 

ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်မှု
-----------------------------------

နှစ်ဦးစလုံးက သွင်းဂိုးတွေ သွင်းယူနိုင်တဲ့အခါ ဆက်တိုက်ဆိုသလို သွင်းယူထားနိုင်ပြီး မသွင်းယူနိုင်ရင်လည်း ဆက်တိုက်ဆိုသလို မသွင်းထား နိုင်တော့ပါဘူး။

ဆာလာကတော့ အမြင့်ဆုံး ၇ ကြိမ်ဆက် ဂိုးသွင်းထားနိုင်မှုကို ၂ ခါတောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ပထမ ၇ ကြိမ်ဆက် သွင်းယူထားနိုင်မှုကတော့ ဇန်န၀ါရီ ၂၇ ရက်နေ့က ကစားတဲ့ ၀က်စ်ဘရွန်းအသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ် ကစလို့ မတ်လ ၃ ရက်နေ့မှာကစားတဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်အထိ ကြားထဲမှာ ဟက်ဒါဖီးလ်၊စပါး၊ဆောက်သမ်တန်၊ပေါ်တိုနဲ့ ၀က်စ်ဟမ်း အသင်းတွေကို ဆက်တိုက် ဂိုးသွင်းထားနိုင်ခဲ့ပါတယ်။

ဒုတိယ ၇ ကြိမ်ဆက် ဂိုးသွင်းယူနိုင်မှုကတော့ ၀က်ဖို့ဒ်ကို ၄ ဂိုးသွင်းတဲ့ပွဲကနေစလို့ ခရစ္စတယ်ပဲလေ့စ်၊မန်စီးတီးကို ချန်ပီယံလိဂ် ၂ ကျော့ အပါအ၀င်၊ဘုန်းမောက်၊၀က်စ်ဘရွန်းနဲ့ ရိုးမားအသင်းဖက်ကို ၇ ပွဲဆက် ဂိုးထပ်မံ သွင်းယူထားနိုင်ပြန်တာလည်း ဖြစ်ပါတယ်။

ပွဲဆက်အများဆုံး ဂိုးပေါက် ပျောက်ဆုံးမှုကတော့ စပါတပ်မော်စကို၊နယူးကယာဆယ်နဲ့ မန်ယူအသင်းတို့နဲ့ ဆက်တိုက်တွေ့ဆုံခဲ့တဲ့ စက်တင်ဘာ နဲ့ အောက်တိုဘာလတို့အတွင်းဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာတော့ ရော်နယ်ဒိုက ဆာလာထက် နည်းနည်းပိုသာလွန်နေတာတွေ့ရပါတယ်။ ဘာလို့လဲဆိုတော့ ဖေဖော်ဝါရီလကနေ ဧပြီလအတွင်း ကစားခဲ့တဲ့ ၁၂ ပွဲဆက်တိုက် ဂိုးသွင်းယူထားနိုင်တာကြောင့်ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဆိုစီဒက်ကို ဟက်ထရစ် သွင်းယူတဲ့ပွဲကစလို့ ဂျူဗင်တပ်ကို နှစ်ကျော့စလုံး အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်အထိ သွင်းဂိုး ၂၂ ဂိုးအထိရှိခဲ့ပါတယ်။

ဒါပေမယ့် ဆာလာနည်းတူ ပွဲဆက်အများဆုံး ဂိုးပေါက်ပျောက်ဆုံးမှုကတော့ ၃ ပွဲဆက်တိုက်ဖြစ်ခဲ့ပြီး ဒီဇင်ဘာလကနေ ဇန်န၀ါရီလအတွင်း ကစားခဲ့တဲ့ ဘာစီလိုနာ၊ဆဲလ်တာဗီဂိုနဲ့ဗီလာရီးရဲအသင်းတွေနဲ့ပွဲစဉ်တွေမှာ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်တွေ့ဆုံမှုဟာ နှစ်ဦးစလုံးအတွက် အင်မတန်မှ အရေးကြီးနေတာ ဖြစ်ပြီး အကြောင်းရင်းကတော့ ဖီဖာက နှစ်စဉ်ပေးအပ်နေတဲ့ ဖီ ဖာ ဘလွန်းဒီအောဆုအတွက်လည်း အရေးပါနေတဲ့ အောင်မြင်မှု ကျရှုံးမှု တစ်ရပ်ဖြစ်တာကြောင့် ဖြစ်ပါတယ်။

Source- Football

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD