AD
AD
AD

အသင်းဖော်များ၏ မရမက တိုက်တွန်းချက်များကြောင့်သာ ဆုဖလားကို ကိုင်ဆောင်ပြီး ဓာတ်ပုံအရိုက်ခံဖို့ ထွက်လာခဲ့ရသည်။ သူ့စိတ်ထဲမှာတော့ ရှိုးတို့ရှန်းတန်းဖြစ်နေသည့် အမူအရာက ထင်ဟပ်လျက်။ ပေါ့ဂ်ဘာ ဓာတ်ပုံရိုက်နေတုန်း သူ ကြည့်မိခဲ့စဉ်က ပေါ့ဂ်ဘာက Dab ကနေသည့် ပုံစံနှင့် အောင်ပွဲခံခဲ့သလို လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းကာ ဦးခေါင်းကိုမော့လျက် ၀ံ့ကြွားစွာနှင့် အောင်ပွဲခံခဲ့သည်။ အခု သူ့အလှည့် ရောက်လာခဲ့ပြီ။ ဒီအတွက် အဓိကတရားခံက အန်ဇွန်ဇီ။ သူ့ကို အတင်းနှင်လွှတ်လို့ ကင်မရာတွေရှေ့ ရောက်ခဲ့ရသည် မဟုတ်ပါလား...။

play
Photo : Daily Mail

 

မုဆိုးဒူးထောက်ပုံစံနှင့် ကွင်းအတွင်း ထိုင်ချလိုက်ပြီး ကမ္ဘာ့ဖလားကြီးကို ညာဘက်ဒူးပေါ်တင်ကာ ဘယ်ဘက်လက်က လက်မထောင်ပြ လိုက်သည်။ ဒီအတွက် သူ့မျက်နှာမှာ ရှက်ကိုးရှက်ကန်း အမူအရာများက အထင်းသား ပေါ်လွင်လာခဲ့သည်။ ဓာတ်ပုံအရိုက်ခံဖို့အတွက် ဘယ်တုန်းကမှ စိတ်မပါခဲ့သလို ရှက်တတ်သည့် သူ့ အသွင်အပြင်က မြင်ရုံနဲ့တင် သိသာခဲ့သည်။ ဒီထက်ပိုပြီး ဆန်းပြားသည့် အမူအယာမျိုးလည်း သူ မလုပ်တတ်။ လုပ်လည်းမလုပ်ချင်။ လူရှေ့ထွက်ရမှာ သေမလောက် ကြောက်တတ်သည့် သူ့အတွင်းစိတ်က သူ့ကို ရှက်ရွံ့မှုများ ဖြစ်ပေါ်စေခဲ့သည်။

play
Photo : Daily Mail

 

သူ့ကို တစ်ချို့က စက်ရုပ်နှင့် တင်စားကြသည်။ ဘောလုံးကွင်းအတွင်းမှာ စက်ရုပ်တစ်ရုပ်လို သူက မမောနိုင်၊မပမ်းနိုင် ပြေးလွှားလွန်းထိုး ကစားတတ်သည် မဟုတ်ပါလား။ တချို့ကတော့ ကြွက်ကလေးတဲ့..။ ဟုတ်လည်းဟုတ်သည်.. သူ့ရဲ့ ကွင်းအတွင်း ကစားပုံက ကြွက်ကလေးတစ်ကောင် အစာရှာထွက်နေသလိုမျိုး ဟိုဘက်ပြေးသွားလိုက်၊ ဒီဘက်ပြေးသွားလိုက်နှင့်။ ခန္ဓာကိုယ်နှင့် မလိုက်ဖက်အောင် မမောစတမ်း ပြေးလွှားနေတတ်သလို၊ မာကျောကြံ့ခိုင်သည့် စိတ်ဓာတ်ပိုင်ရှင်တစ်ဦးလို့ သူနဲ့ ရင်းနှီးသူတိုင်းက ပြောတတ်ကြသည်။ ဒါပေမယ့် သူ့ရဲ့ ရှက်တတ်တဲ့ စိတ်အကြောင်းကိုတော့ လူသိပ်မသိခဲ့ကြ။

play
Photo : Daily Mail

 

(၄)နှစ်မှ တစ်ကြိမ် ကစားရသည့် ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးမားဆုံးပြိုင်ပွဲကြီးမှာ အသင်းအတွက် ဆုဖလားရရှိခဲ့တာတောင်မှ သူက လူတွေရှေ့မှာ အောင်ပွဲခံဖို့ ရှက်နေခဲ့သည်။ မဖြစ်မနေ ဓာတ်ပုံရိုက်ဖို့ အသင်းဖော်များက တိုက်တွန်းခဲ့သည့်နောက် ဓာတ်ပုံရိုက်ခံခဲ့သည့် သူ့ပုံစံသည် ရိုးရှင်းခဲ့သည်၊ ဟန်ဆောင်မှုမရှိ၊ မော်ကြွားမှုမရှိ၊ ပလွှားမှုမရှိ။

play
Photo : Daily Mail

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကန်တေက ပြင်သစ်နိုင်ငံတော်အတွက် ပြိုင်ဘက်အားလုံးကို အနိုင်ယူခဲ့သည်။ ပြီးတော့..ပြီးတော့ ထပ်ပြီး သူက ပရိသတ်များရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့သည်။ သူ၏ နဂိုမူလ ရှက်တတ်သည့် အရင်းခံစိတ်ဓာတ်၊ ဟန်ဆောင်မှုမရှိသည့် အမူအရာများကို ပရိသတ်များ သဘောကျခဲ့ကြသည်။

play
Photo : Daily Mail

 

ကွင်းအတွင်းမှာ ပြိုင်ဘက်အသင်းသားတွေကို အသေအကျေ ခုခံတိုက်ခိုက်တတ်သော စစ်သည်တော်တစ်ဦးသည် ပုံမှန်အချိန်များတွင် ရိုးရိုးကုပ်ကုပ်နှင့် အားလုံး၏ နောက်ကွယ်တွင်သာ ရှိနေခဲ့သည်။ အမိုးဖွင့်ကားနှင့် အောင်ပွဲခံ ထွက်ခဲ့သည့် ပြင်သစ်အသင်းသားများကြားထဲတွင် သေးကွေးသော လူသားတစ်ယောက်သည် ပုံမှန်အတိုင်းသာ ရှိနေခဲ့လေသည်။

play
Photo : Daily Mail

 

သူ့ရဲ့ ၀မ်းသာခြင်းသည် လက်မထောင်လျက်၊ သူ၏ ဂုဏ်ယူခြင်းသည်လည်း လက်မထောင်လျက်၊ ဆုဖလားနှင့်အတူ အောင်ပွဲခံနေခြင်းသည်လည်း လက်မထောင်လျက်သာ ရှိနေခဲ့လေသည်။ "အံ့အားသင့်စရာ ကစားသမားတစ်ယောက်၊ အံ့အားသင့်စရာ လူတစ်ဦး" လို့ ချယ်လ်ဆီးအသင်းမှ ဘောလုံးဒါရိုက်တာတစ်ဦးဖြစ်သည့် မိုက်ကယ်အီမန်နာလိုက သူ့အပေါ် မှတ်ချက်ပြုခဲ့ဖူးသည်။

play

 

 "သူကစားနေတဲ့ ကွင်းလယ်နေရာအတွက်ဆိုရင်တော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ" ဟု ပြင်သစ်နည်းပြ ဒီဒီယာဒက်ချမ့်က သူ့ရဲ့ အသင်းသားကို ချီးကျူးခဲ့သည်။ ပြင်သစ်အသင်းရဲ့ နိုင်ပွဲနောက်ကွယ်တွင် ကန်တေဟူသည့် အသံတိတ်သူရဲကောင်းတစ်ဦးသည် အားလုံးနှင့်မတူ ထူးခြားစွာနဲ့ ရှိနေခဲ့သည်။

play
Photo : Metro

 

တော့တင်ဟမ်ဟော့စပါး ကွင်းလယ်လူ ၀မ်ယာမာက ပြောဖူးသည်။ သူ့ပုံစံက အာဖရိကသားပီပီ ထောင်ထောင်မောင်းမောင်းနှင့် သန်မာကြံ့ခိုင်သည့် သွင်ပြင်မှာ ရှိသည်။ ဒါပေမယ့် ၀မ်ယာမာက အက်ရှင်ကားတွေကို မကြည့်ရဲဘူးဟု ၀န်ခံဖူးသည်။ အားလုံးရဲ့ အမြင်မှာ သူက ရဲရင့်စွာနဲ့ မကြောက်မရွံ့ ကစားတတ်သည့် ကစားသမားတစ်ဦး ဖြစ်နေခဲ့ပေမယ့်လည်း သူ့အတွင်းစိတ်မှာတော့ ကြမ်းကြမ်းတမ်းတမ်း ရုပ်ရှင်ကားများဆို မကြည့်ရဲကြောင်း ၀မ်ယာမာက ပြောခဲ့ဖူးသည်။

play
Photo : Daily Mail

 

ဘောလုံးသမားတစ်ယောက်၏ ကစားပုံ နဲ့ စိတ်နေစိတ်ထားသည် မြက်ခင်းစိမ်းများအတွင်း နဲ့ ပြင်ပလူနေမှုဘ၀မှာ များစွာကွာခြားနေတတ်ပုံကို ၀မ်ယာမာက ၀န်ခံပြောဆိုခြင်းဖြင့် သက်သေထူခဲ့သည်။ အခုတော့ ကန်တေက ထပ်မံပြီး သက်သေပြခဲ့သည်။ သူ့စိတ်နေစိတ်ထားက ရှက်တတ်သည်။ လူအများရှေ့မှာ ထင်ပေါ်နေရမှာကို စိုးထိတ်မိတတ်သည်။

play
Photo : Daily Mail

 

မာလီနိုင်ငံမှ ပြင်သစ်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာခဲ့သည့် မာလီနိုင်ငံသား မိဘများမှ မွေးဖွားလာခဲ့သည့် အန်ဂိုလိုကန်တေသည် ပြင်သစ်နိုင်ငံ၏ အပြာ၊အဖြူ နှင့် အနီ သုံးရောင်ခြယ် အလံတော်ကို လွှမ်းခြုံကာ ကမ္ဘာ့ဘောလုံးဇာတ်ခုံပေါ်တွင် ပေါ်လွင်လာခဲ့လေပြီ။ ဘာမာနာအင်ပါယာကြီး၏ ဘုရင်ဖြစ်ခဲ့သူ အန်ဂိုလိုဒီယာရာ၏ နာမည်ကို အစွဲပြု၍ အန်ဂိုလိုကန်တေဟု အမည်တွင်ခဲ့သော ကြွက်ကလေးတစ်ကောင်ဟာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ဗိုလ်ချုပ်အဖြစ် တာဝန်ယူနေရပြီလည်း ဖြစ်ပါတယ်။ မဆုတ်မနစ်သော ကြိုးစားမှုတွေရဲ့ ရလာဒ်နဲ့အတူ ထင်ပေါ်လာခဲ့တဲ့ ကန်တေဟာ သူ့ရဲ့ မာန်မာနမရှိတဲ့ စရိုက်၊ စကားနည်းနည်းပဲပြောပြီး အလုပ်များများလုပ်ပြနေတတ်တဲ့ အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ သဘောကျနှစ်ခြိုက်မှုကို ပိုမိုရရှိလာခဲ့ပြီ ဖြစ်လေသည်။

play
Photo : Daily Mail

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့တော်မှာ လုဇ်နီကီကွင်းကြီးထဲတွင် ကန်တေတစ်ယောက် ရှိနေခဲ့သည်။ ဘေးနားတွင် ပြင်သစ်အသင်းဖော် ကစားသမားများက ၀န်းရံနေသည်။ အားလုံးရဲ့ မျက်လုံးတွေက သူတို့ရှေ့မှာ မုဆိုးဒူးထောက် ထိုင်နေသည့် ကန်တေအပေါ်တွင်သာ စုပြုံကျရောက်နေသည်။ ကန်တေ၏ အရှေ့တည့်တည့်မှာတော့ မြောက်မြားလှစွာသော ကင်မရာသမားများက သူ့ထက်ငါ အလုအယက် တိုးဝှေ့ပြီး ဓာတ်ပုံရိုက်ကူးနေကြသည်။ လူစုလူဝေးကြီးရဲ့ အလယ်မှာတော့ ရှက်ကိုးရှက်ကန်းဟန်ပန်၊ အနေရအထိုင်ရခက်နေသည့် ပုံစံဖြင့် သေးကွေးသော လူတစ်ဦးသည် အရိုးသားဆုံးသော အပြုံးဖြင့် ရှိနေခဲ့လေသည်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD