AD
AD
AD

တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဒေါ့မွန် နဲ့ လီဗာပူးလ်တို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ လီဗာပူးလ်ဂိုးသမား ကာရီးယပ်စ်ဟာ အမှားအယွင်းတွေ ထပ်မံကျူးလွန်သွားခဲ့ပါတယ်။ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကို ခုခံဖို့ ပြင်ဆင်ရင်း ကာရီးယပ်စ်ရဲ့ အမှားကြောင့် လီဗာပူးလ်ဟာ ဂိုးပေးရဖို့အထိ နီးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဒေါ့မွန်အသင်းက လီဗာပူးလ်ကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play
Photo : Metro

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက လီဗာပူးလ်ဟာ ရိုးမားဂိုးသမား အယ်လစ်ဆန်ကို ပေါင် (၆၅)သန်းနဲ့ စာချုပ်ချုပ်ဆို ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။ ကာရီးယပ်စ်နဲ့မစ်ဂ်နိုလတ်တို့ရဲ့ လက်စွမ်းအပေါ် စိတ်ပျက်နေခဲ့တဲ့ ကလော့ပ်ဟာ အယ်လစ်ဆန်ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေး ပေးချေပြီး ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

play
Photo : Trendsmap

 

အသက် (၂၅)နှစ်အရွယ် ဂိုးသမား ကာရီးယပ်စ်ဟာ မေလအတွင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အမှားအယွင်း (၂)ကြိမ် ကျူးလွန်ခဲ့ပြီး ပြစ်တင်ဝေဖန်မှု အများအပြားနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ကာရီးယပ်စ်ကိုယ်တိုင်လည်း သူ့ရဲ့ အမှားအယွင်းတွေအတွက် ပြန်လည်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

play
Photo : beINSports

 

ပြီးခဲ့တဲ့ လအစောပိုင်းကလည်း လေ့ကျင့်ရေးကွင်းမှာ ကာရီးယပ်စ်ရဲ့ အမှားအယွင်းတွေ ကျူးလွန်နေတဲ့ ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပြီး ပိုမိုဝေဖန်စရာ ဖြစ်လာခဲ့ပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဒေါ့မွန်နဲ့ ပွဲမှာတော့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်ကို ကာကွယ်ဖို့ ဂိုးရှေ့ထွက်ပြီး ဘောလုံးကို ဖျက်ထုတ်ခဲ့ပေမယ့်လည်း ဘောလုံးဟာ ဒေါ့မွန်ကစားသမားဆီ ရောက်ရှိသွားခဲ့ပါတယ်။

 

ဒေါ့မွန်ကစားသမား ဖိလစ်က ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခဲ့ပေမယ့်လည်း ဘောလုံးက ဝေ့၀ိုက်သွားခဲ့ပြီး ဂိုးတိုင်ဘက်ဖက်ကနေ ထွက်သွားခဲ့ပြီး ဂိုးလွန်ဘော ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကာရီးယပ်စ်ရဲ့ ဖြတ်ထုတ်မှုဟာ ပေါ့ဆမှုနိုင်လွန်းတာကို တွေ့မြင်ခဲ့ရပြီး ဂိုးပေးရနိုင်တဲ့ အနေအထားနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

play
Photo : Ghanasoccernet.com

 

အမှားအယွင်းအတွက် ပြန်လည်ပြင်ဆင်ပြီး လက်စွမ်းပြဖို့ ကြိုးစားရမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ကာရီးယပ်စ်ကတော့ အမှားတွေ ဆက်တိုက်ကျူးလွန်နေပြီး ကလော့ပ်ရဲ့ ယုံကြည်မှုတွေ လျော့ကျလာစေဖို့သာ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီရာသီမှာ လီဗာပူးလ်အတွက် အဓိက ဂိုးသမားနေရာနဲ့ လွဲချော်ရဖို့ သေချာနေခဲ့ပြီး ကာရီးယပ်စ်ဟာ အရန်ကစားသမားအဖြစ်နဲ့သာ အချိန်ကုန်ဆုံးရဖွယ် ရှိလာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD