AD
AD
AD

ဘရာဇီးလ်တောင်ပံကစားသမား မယ်လ်ကွန်ကို ရိုးမားအသင်းရဲ့ လက်ထဲကနေ ဘာစီလိုနာအသင်းက လုယူပြီး ခေါ်ယူလိုက်နိုင်ပါတယ်။ ဒါဟာ ရိုးမားအတွက်တော့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးမှ လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်ရပ်တွေဟာ ဘောလုံးလောကအတွင်းမှာ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။ ဒါကြောင့် ဒီလိုဖြစ်ရပ်မျိုးနဲ့ တူညီပြီး ထင်ရှားကျော်ကြားတဲ့ ကြားဖြတ်ခေါ်ယူခဲ့မှု အပြောင်းအရွှေ့တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

ဂျွန်အိုဘီမီခေးလ် (ယူနိုက်တက်ထံမှ ချယ်လ်ဆီးက ကြားဖြတ်ခေါ်ယူခဲ့မှု)

play
Photo : Sportskeeda

 

၂၀၀၅ ခုနှစ် နွေရာသီမှာ မီခေးလ်ကို စာချုပ်ချုပ်ဆို ခေါ်ယူနိုင်တော့မယ်လို့ ယူနိုက်တက်ဘက်က သေချာပေါက် တွက်ဆထားခဲ့ ပေမယ့်လည်း နောက်တစ်လအကြာမှာတော့ မီခေးလ်ဟာ ချယ်လ်ဆီးကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ နော်ဝေကလပ် လင်းအော်စလို လူငယ်ကစားသမား မီခေးလ်ဟာ ယူနိုက်တက်ဂျာစီကို ၀တ်ဆင်ပြီး အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တာကြောင့် ယူနိုက်တက်က လက်ဦးမှု ရယူနိုင်ခဲ့ပြီလို့ အားလုံးက ယူဆထားခဲ့ကြပါတယ်။

play
Photo : Stretty News

 

ဒါပေမယ့်လည်း ဇူလိုင်လမှာတော့ မီခေးလ်က သူဟာ ယူနိုက်တက်အတွက် ကစားပေးမှာမဟုတ်ဘူးလို့ Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ မီခေးလ်ဟာ ချယ်လ်ဆီးကို ယူရို ၁၅သန်းနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ ဇာတ်လမ်းမှာတော့ ချယ်လ်ဆီးဟာ ယူနိုက်တက်ကို လျော်ကြေးငွေ ပေးချေခဲ့ရပြီး ပေါင်၁၂သန်းခန့် ရရှိသွားခဲ့ပါတယ်။ မီခေးလ်ဟာလည်း ချယ်လ်ဆီးမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရကာ နောက်ဆုံးမှာ အသင်းက ထွက်ခွာသွားခဲ့ပါတယ်။

 

ရော်ဘင်ဟို (ချယ်လ်ဆီးထံမှ မန်စီးတီးက ကြားဖြတ်ခေါ်ယူခဲ့မှု)

play
Photo : Sportskeeda

 

၂၀၀၈ ခုနှစ်မှာ ရော်ဘင်ဟိုဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း နာမည်ကျော်ကြားခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမား ရော်ဘင်ဟိုကို ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့အတွက် အာရုံစိုက်ခဲ့ပြီး ယူရို ၃၅သန်းနဲ့ ခေါ်ယူနိုင်ဖို့အတွက် ရီးရဲလ်နဲ့ ချယ်လ်ဆီးတို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။ ရော်ဘင်ဟိုဟာလည်း ချယ်လ်ဆီးအသင်းသား ဖြစ်လာဖို့ နီးစပ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်ဘင်ဟိုဟာ ချယ်လ်ဆီးကစားသမား ဖြစ်လာခဲ့ခြင်းမရှိပဲ မန်စီးတီးအသင်းကို ပြောင်းရွှေ့သွားခဲ့ရပါတယ်။

play
Photo : Goal.com

 

 ငွေကြေးအင်အား သုံးစွဲပြီး အသင်းကို စိတ်တိုင်းကျ ပြုပြင်တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မန်စိးတီးအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်ကစားသမားကို ချယ်လ်ဆီး အသင်းရဲ့ လက်ထဲကနေ အရခေါ်ယူခဲ့ပါတယ်။ ဒီအချိန်မှာ ချယ်လ်ဆီးပရိသတ်တွေဟာ ရော်ဘင်ဟိုရဲ့ နာမည်ပါ ဂျာစီတွေကို အွန်လိုင်းကတဆင့် ၀ယ်ယူခြင်းတောင်ပြုခဲ့ပြီ ဖြစ်ပါတယ်။ ရော်ဘင်ဟိုကတော့ မန်စီးတီးကိုသာ ရောက်ရှိသွားခဲ့ပြီး (၂)ရာသီကြာ ကစားခဲ့ကာ ၂၀၁၀ ခုနှစ်မှာတော့ အေစီမီလန်ကို ထပ်မံပြောင်းရွှေ့သွားခဲ့ပါတယ်။

 

ရော်နယ်ဒင်ဟို (ယူနိုက်တက်ထံမှ ဘာစီလိုနာက ကြားဖြတ်ခေါ်ယူခဲ့မှု)

play
Photo : Goal.com

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ဘရာဇီးလ်စူပါစတား ရော်နယ်ဒင်ဟိုကို ပီအက်စ်ဂျီအသင်းထံကနေ ခေါ်ယူနိုင်ဖို့အတွက် ရေပန်းစားနေခဲ့တာက မန်ချက်စတာယူနိုက်တက်အသင်း ဖြစ်ပါတယ်။ ဥရောပကလပ်အသင်း အများအပြားက စိတ်ဝင်စားနေခဲ့တဲ့ ရော်နယ်ဒင်ဟိုကို အားလုံးထက် လက်ဦးမှုရယူပြီး ယူနိုက်တက်က အသာစီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဘက်ခမ်ကို ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပဲ ရီးရဲလ်မက်ဒရစ်ကို ဆုံးရှုံးခဲ့ရတဲ့ ဘာစီလိုနာအတွက် ရော်နယ်ဒင်ဟိုကို မဖြစ်မနေ ခေါ်ယူရဖို့ အကြောင်းဖန်လာခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အတွက်လည်း ကြိးမားတဲ့ဆုံးရှုံးမှု ဖြစ်ပေါ်လာဖို့ အကြောင်းတိုက်ဆိုင်ခဲ့ပါတော့တယ်။

play

 

 ယူနိုက်တက်ကို ယူရိုသန်း ၃၀နဲ့ ရော်နယ်ဒင်ဟို ပြောင်းရွှေ့တော့မယ့် နောက်ဆုံးအချိန်မှာ ဘာစီလိုနာက ကြားဝင်လာခဲ့ပြီး ရော်နယ်ဒင်ဟိုကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဖာဂူဆန်နဲ့ အဆင်မပြေမှုတွေဖြစ်ပွားပြီး အိုးထရက်ဖို့ဒ်က ထွက်ခွာမယ့် ဘက်ခမ်ကို ဘာစီလိုနာက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ရီးရဲလ်က ရရှိသွားခဲ့ပြီး ရော်နယ်ဒင်ဟိုကို ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက်ကိုတော့ ဘာစီလိုနာက အလဲထိုးနိုင်ခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုဟာလည်း ဘာစီလိုနာမှာ အကြီးအကျယ်အောင်မြင်မှု ရရှိခဲ့ပြီး ဂန္ထ၀င်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီကစားသမား (၂)ဦးဟာ အေစီမီလန်မှာ အသင်းဖော်များအဖြစ် ပြန်လည်ဆုံတွေ့ခဲ့ကြပါသေးတယ်။

 

ဒီလိုမျိုး ဖြစ်ရပ်အဖြစ် ဘာဘာတော့ဗပ်၊ အလက်ဆစ်ဆန်းချက်ဇ် အစရှိတဲ့ ကစားသမားတွေလည်း ရင်ဆိုင်ခဲ့ရပြီး ဘာဘာတော့ဗ်ကိုတော့ ယူနိုက်တက်က မန်စီးတီးဆီကနေ လုယူနိုင်ခဲ့သလို ဆန်းချက်ဇ်ကိုလည်း မန်စီးတီးဆီကနေပဲ ယူနိုက်တက်က ကြားဝင်ခေါ်ယူမှု ပြုလုပ် နိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD