AD
AD
AD

လာလီဂါပရိသတ်တွေကို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦး တွေ့ဆုံတဲ့ အယ်ကလက်စီကိုပွဲစဉ်တွေကို လွမ်းဆွတ်တမ်းတနေရဖို့အတွက် ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ လာလီဂါပြိုင်ပွဲမှာ မက်ဆီရဲ့ပြိုင်ဘက်ဆိုလို့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။

play
Photos: Soccerladuma

ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ဟာ ရီးရဲမက်ဒရစ်ပရိသတ်တွေကိုသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုဟာ ၎င်းရဲ့အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ မက်ဆီနဲ့ ပြည်တွင်း၊ ဥရောပ၊ တစ်ဦးချင်းဆုတံဆိပ်တွေကို စိန်ခေါ်ပြီး အပြိုင်အဆိုင်ရယူခဲ့တဲ့သူဖြစ်ပါတယ်။

 

ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ပြီးနောက် လာလီဂါရဲ့ကြီးမားတဲ့အားပြိုင်မှု ပြီးဆုံးသွားပြီလို့ ထင်မှတ်နေချိန်မှာ အီတလီမှာ ပြိုင်ဘက် ၂ ဦး ပြန်လည်တွေ့ဆုံနိုင်တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အင်တာမီလန်အသင်းကို ကာလရှည်စပွန်ဆာပေးလာတဲ့ Pirelli ရဲ့ စီအီးအိုဖြစ်တဲ့ မာကိုထရွန်ချက်တီပရိုဗီရာဟာ အင်တာမီလန်အသင်းရဲ့ပိုင်ရှင်ဖြစ်ဖို့ မျှော်လင့်နေသူဖြစ်ပြီး မက်ဆီကို ပစ်မှတ်ထားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

play
Photos: The18

 

"ငွေကြေးဆိုင်ရာထိန်းညှိရေးအဖွဲ့အစည်းက ခွင့်ပြုမယ်ဆိုရင် ကြီးမားတဲ့ ခေါ်ယူမှုကြီးတစ်ခုကို ပြုလုပ်နိုင်ပါတယ်"

"မက်ဆီကိုလားဆိုတော့ ခင်ဗျားဆိုရင်ရော မက်ဆီကိုမဟုတ်ဘူးလို့ ဘယ်လိုပြောနိုင်မလဲ"လို့ Tuttosport ကို ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ခဲ့ဖူးသူဖြစ်ပြီး အသင်းဥက္ကဌဘာတိုမြူရဲ့စည်းရုံးရေးကောင်းမှုကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုပြီး ကမ္ဘာပေါ်မှာ လစာအများဆုံးရရှိတဲ့ ဘောလုံးသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ မကြာခဏအသင်းအပေါ်မှာ သစ္စာစောင့်သိကြောင်း ပြောကြားတတ်သူဖြစ်ပြီး ဘာစီလိုနာအသင်းမှာပဲ ကစားရင်း အနားယူသွားမယ်လို့ ပြောကြားခဲ့သူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD