ရော်နယ်ဒိုလို ဂိုးသွင်းအားကောင်းတာမို့ စိတ်ဝင်စားလာတာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကထွက်ခွာခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် (၄၈)ပွဲ ကစားပေးပြီး (၄၀)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

 

ရီးရဲလ်အတွက် တစ်ရာသီကို ပျှမ်းမျှ ဂိုးပေါင်း (၅၀)လောက် သွင်းယူပေးနိုင်တဲ့ ရော်နယ်ဒိုရဲ့ နေရာအတွက် ရီးရဲလ်မက်ဒရစ်ဟာ ရော်နယ်ဒိုလိုပဲ ဂိုးသွင်းအားကောင်းတဲ့ ကာဗာနီကို မျက်စိကျလာတာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နာပိုလီအသင်းက ပီအက်စ်ဂျီကို ပြောင်းရွှေ့လာပြီးနောက် ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ရီးရဲလ်အနေနဲ့ ကာဗာနီကို ခေါ်ယူရရှိနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားရဖွယ်လည်း ရှိနေပါတယ်။ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ အယ်လ်ခီလိုင်ဖီရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ကစားသမားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကစားသမားရဲ့ ဆန္ဒပေါ်မှာ မူတည်နေခဲ့ပြီ ဖြစ်ပါတယ်။

ကာဗာနီနဲ့ပီအက်စ်ဂျီတို့ဟာ ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီး ပြီးခဲ့တဲ့ ရာသီကမှ စာချုပ်သစ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ အသက် (၃၁)နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ တစ်နှစ်ကို လုပ်ခလစာ ယူရို (၁၂)သန်း ရရှိနေသူဖြစ်ပြီး သူ့ရဲ့ လစာမြင့်မားမှုက ရီးရဲလ်အတွက် အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ ပီအက်စ်ဂျီကလည်း ကစားသမားအတွက် အနည်းဆုံး ယူရိုသန်း ၁၀၀ ရရှိမှ ရောင်းချမယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။

 

ပီအက်စ်ဂျီအသင်းဖော် နေမာနဲ့ ဆက်ဆံရေး သိပ်အဆင်မပြေဖြစ်နေသလို နေမာကို ဦးစားပေးနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ လုပ်ရပ်တွေကြောင့်လည်း ကာဗာနီဟာ အသင်းက ထွက်ခွာဖို့ ဆန္ဒရှိနေတယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြင်သစ်တိုက်စစ်မှူး ဘာပေရဲ့ ခြေစွမ်းပြသမှုနဲ့အတူ ပီအက်စ်ဂျီရဲ့ ရေရှည်စီမံကိန်းမှာ သူ့ရဲ့ အခန်းကဏ္ဍက မှေးမှိန်နေတယ်လို့ ကာဗာနီက ယူဆခဲ့ပါတယ်။

Share

Loading Next Article...
က္က