AD
AD
AD

တစ်ရာသီကို ဂိုး (၅၀)ခန့် သွင်းယူပေးနိုင်တဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကို ရောင်းချပြီးနောက်မှာ ရီးရဲလ်မက်ဒရစ်ဟာ ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့အတွက် စဉ်းစားနေရတာက ပြသနာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုလို ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူးမျိုးက ဈေးကွက်အတွင်းမှာ များများစားစား ရှိမနေတာကလည်း ရီးရဲလ်အတွက် ခေါင်းကိုက်စရာပါ။

play
Photo : Goal.com

 

ရော်နယ်ဒိုအတွက် ယူရိုသန်း ၁၀၀ ငွေထုပ် လက်ဝယ်ပိုင်ပိုင် ရရှိပြီးတဲ့နောက် ရီးရဲလ်ဟာ ငွေထုပ်ကြီးကိုင်ပြီး ဈေးကွက်အတွင်းမှာ ကစားသမားရှာပုံတော် ဖွင့်နေရပါပြီ။ အသင်းရဲ့ No.9 နေရာ တိုက်စစ်မှူးအတွက် ဘယ်ကစားသမားကို အစားထိုးရမလဲဆိုတဲ့ အတွေးနဲ့တင် ရီးရဲလ်မက်ဒရစ်ဟာ ခေါင်းရှုပ်နေခဲ့ပါပြီ။ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကတိုက်စစ်ကစားသမား နှစ်ဦးဖြစ်တဲ့ ဘန်ဇီမာ နဲ့ ဂါရတ်ဘေးလ်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက နှစ်ဦးပေါင်းသွင်းဂိုး (၃၃)ဂိုးသာ ရရှိခဲ့ပြီး (၁၅)ကြိမ်အထိ ဖန်တီးပေးပို့နိုင်ခဲ့ပါတယ်။ ဒါဟာ ရော်နယ်ဒို တစ်ဦးတည်းရဲ့ သွင်းဂိုးအပေါ်ကိုတောင်မှ မမှီခဲ့တာ ဖြစ်ပါတယ်။

play
Photo : Goal.com

 

ဒီနေရာမှာ ထောက်ပြစရာတစ်ခုရှိလာတာက ရော်နယ်ဒိုလောက် ပွဲကစားခွင့် မရဘူးလို့ ပြောမယ်ဆို ပြောလို့ရပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပွဲပယ်ပြစ်ဒဏ်၊ ဒဏ်ရာပြသနာအနည်းငယ် နဲ့ အရေးမကြီးတဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ခြင်း မရှိဘူးဆိုတဲ့ အချက်နဲ့ ပြန်လည်ချေဖျက်ကြည့်မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ရဲ့ လက်ကျန်တိုက်စစ်မှူးတွေ ဂိုးသွင်းနှုန်းဟာ ရာသီသစ်အတွက် လုံလောက်မှု မရှိတာကို ကွဲကွဲပြားပြား မြင်တွေ့ရမှာ ဖြစ်ပါတယ်။

play
Photo : Sport360

 

နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းများအရ ရီးရဲလ်ဟာ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီကို ခေါ်ယူမယ်လို့ သိရပါတယ်။ ဒါဟာ ရေတိုစီမံကိန်းအတွက် ရည်ရွယ်တယ်လို့ သိသာစေခဲ့ပါတယ်။ အသက် (၃၁)နှစ် အရွယ် ကာဗာနီဟာ ထိပ်တန်းတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံထားရ ပေမယ့်လည်း ပြင်သစ်လိဂ် နဲ့ လာလီဂါတို့ရဲ့ အနေအထားကွဲပြားမှုက သူ့အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကို လက်လွှတ်ခဲ့ရပြီးမှ အသက် (၃၁)နှစ်အရွယ် ကာဗာနီကို ပြန်လည်ခေါ်ယူမယ်ဆိုတာမျိုးကတော့ အပြောင်းအရွှေ့မှာ ဖျံကျလွန်းတဲ့ ပီရက်ဇ်ကြောင့် ယုတ္တိမရှိဘူးလို့ ဆိုရမှာပါ။ တစ်ဖက်က ပြန်တွေးကြည့်မယ်ဆိုရင်တော့ အကြံကုန်ဂဠုန်ဆားချက်သဘောနဲ့ ပီရက်ဇ် စိတ်ကူးခဲ့တာလားဆိုတာ စဉ်းစားစရာပါ။

 

ရော်နယ်ဒို ထွက်ခွာပြီးနောက်ပိုင်း ရီးရဲလ်ရဲ့ ပြန်လည်အစားထိုးမယ့် ကစားသမားတွေလို့ သတင်းထွက်ခဲ့သူတွေက ဟယ်ရီကိန်း၊ အိုင်ကာဒီ၊ လီဝန်ဒေါစကီး၊ ရိုဒရီဂို၊ နေမာ၊ ဘာပေ၊ ဟာဇက်တို့လို ကစားသမားတွေဖြစ်ပါတယ်။ ဒီကစားသမားတွေရဲ့ တန်ကြေးဟာ အနိမ့်ဆုံး ယူရိုသန်း (၁၀၀) ရှိနေပြီး ရီးရဲလ်ရဲ့ အနေအထားပေါ် မူတည်ပြီး ပြောင်းရွှေ့ကြေးက ထပ်မံတိုးပွားလာဖို့ ရှိနေပါတယ်။ ကာဗာနီကို ပီအက်စ်ဂျီက အနည်းဆုံး ယူရိုသန်း ၁၀၀ ရရှိမှ ရောင်းချမယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာကို ကြည့်ရင် ဖော်ပြပါ ကစားသမားတွေအတွက် ရီးရဲလ်အနေနဲ့ အနည်းဆုံး ယူရိုသန်း (၁၅၀)ခန့် သုံးစွဲရတော့မှာ ဖြစ်ပါတယ်။

play
Photo : Marca

 

အီဒင်ဟာဇက်ကို လေးလေးနက်နက် ချိတ်ဆက်မှုတွေ ရီးရဲလ်ဘက်က ပြုလုပ်နေတယ်ဆိုပေမယ့် ဟာဇက်ဟာ တိုက်စစ်မှူးစစ်စစ် မဟုတ်ပါဘူး။ ဒါ့အပြင် သူ့ရဲ့ ကစားပုံအရ တစ်ရာသီကို ဂိုး (၅၀) သွင်းယူပေးနိုင်ဖို့ဆိုတာ မလွယ်ကူတာမို့ ရော်နယ်ဒိုရဲ့ နေရာကို တိုက်ရိုက် အစားထိုးဖို့ ခေါ်ယူတယ်ဆိုတာထက် ရော်နယ်ဒိုထွက်ခွာသွားလို့ ကျဆင်းသွားနိုင်မယ့် အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ ပရိသတ်အကြိုက် ကစားသမားကို ခေါ်ယူဖို့ ရည်ရွယ်တာသာ ဖြစ်ပါလိမ့်မယ်။ ဇီဒန်းလက်ထက်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် ကျစ်ကျစ်လစ်လစ်နဲ့ လှုပ်ရှားခဲ့တာကိုသာ မြင်တွေ့ခဲ့ရပြီး ဂလက်တီကို ကြယ်စင်စု စီမံကိန်းဆိုတဲ့ ပုံရိပ်ကို ဖြည်းဖြည်းချင်း လျှော့ချခဲ့တာကို မြင်တွေ့ရမှာပါ။

 

အဆန်စီယို၊ လူးကပ်စ်ဗက်ကွက်စ် အစရှိတဲ့ လူငယ်ကစားသမားတွေကို အသင်းကြီးမှာ နေရာပေးခဲ့ပြီး အားထားရတဲ့ ကစားသမားတွေ ဖြစ်လာအောင် ဇီဒန်းက ပုံသွင်းရယူနိုင်ခဲ့ပါတယ်။ နည်းပြသစ် လော့ပ်တယ်ဂီရဲ့ လက်ထက်မှာလည်း လက်ရှိအချိန်ထိ ကနဦးခေါ်ယူဖို့ သဘောတူညီထားခဲ့တဲ့ ဗင်နီရှပ်စ်တစ်ဦးတည်းသာ ကစားသမားသစ်အဖြစ် ရောက်ရှိခဲ့ပြီး ဂိုးသမားအဖြစ် မထင်မရှားဂိုးသမား လူနင်ကို ခေါ်ယူထားတာကိုသာ တွေ့ရပါတယ်။ ဒါဟာ ဇီဒန်းလက်ထက်ကအတိုင်း အပြောင်းအရွှေ့ဈေးကွက်မှာ ရီးရဲလ်ဟာ အေးစက်စက် ရှိနေဦးမယ့် အရိပ်အယောင်တွေကို မြင်နေရတာ ဖြစ်ပါတယ်။

play
Photo : AS

 

လက်ရှိ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ပိုင်းမှာ ဘန်ဇီမာ၊ ဂါရတ်ဘေးလ်၊ အဆန်စီယို၊ လူးကပ်စ်ဗက်ကွက်ဇ်တို့ ရှိနေပြီး ဘရာဇီးလ်ကြယ်ပွင့် ဗင်နီရှပ်စ်လည်း ရှိနေပါတယ်။ ခြေစွမ်းပိုင်းအရဆိုရင်တော့ လုံလောက်ပြည့်စုံတဲ့ တိုက်စစ်အစုအဖွဲ့တစ်ခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းအတွက် ထိတ်လန့်စရာအကောင်းဆုံး ကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရတာက ရီးရဲလ်အတွက် အကြီးအကျယ် နစ်နာမှု ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင်တော့ ဟာဇက် တစ်ဦးတည်းကိုသာ အသည်းအသန် ကြိုးစားနေတယ်လို့ ယူဆနေရပြီး ဟာဇက်ကို ခေါ်ယူလို့ မရရှိပါကလည်း ရီးရဲလ်ဟာ ဒီအတိုင်းသာ ရှေ့ဆက်သွားမယ့်လို့ ထင်မြင်ရပါတယ်။

play

 

 သေချာတာကတော့ No.9 နေရာအတွက် ရီးရဲလ် အမှန်တကယ် ကြိုးစားနေတာ မဟုတ်ဘူး ဆိုတာပါပဲ။ ဟာဇက်ကို ခေါ်ယူခဲ့မယ် ဆိုရင်တောင်မှ ဒါဟာ အသင်းရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့နဲ့ ပရိသတ်ကို နှစ်သိမ့်ဖို့အတွက်သာ ခေါ်ယူတာမျိုး ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD