AD
AD
AD

စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့အမာခံပရိသတ်တစ်ဦးဖြစ်တဲ့ အေဂျက်အသင်း ကွင်းလယ်ကြယ်ပွင့် ကစားသမားကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ Sport ရဲ့ရေးသားချက်အရ ဘာစီလိုနာအသင်းဟာ ဖရန်ကီဒီဂျောင်ကို ရောင်းချဖို့ အေဂျက်အသင်းရဲ့သဘောတူညီမှုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

play
Photos: soccerladuma

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရန်ကီဒီဂျောင်ဟာ အေဂျက်အသင်း ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ခွင့်မရခဲ့ရင် ယခုလမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်လို့ ယုံကြည်ရပါတယ်။ တကယ်လို့ အေဂျက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင်တော့ နောက်ရာသီမှ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မှာဖြစ်ပါတယ်။
 

ဖရန်ကီဒီဂျောင်ဟာ ဘာစီလိုနာအသင်းရဲ့တသက်တာဂိုးသွင်းစံချိန်ရှင် လီယွန်နယ်မက်ဆီကို ကလေးဘဝကတည်းက အားပေးခဲ့တဲ့ပရိသတ်တစ်ဦးဖြစ်ပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တာဟာ ၎င်းရဲ့ကစားသမားဘဝအတွက် ကြီးမားတဲ့ခြေလှမ်းတစ်လှမ်းကို အစပြုလိုက်တာလို့ ခံစားရကြောင်း ပြောကြားခဲ့ပါတယ်။

play
Photos: Dutchnews

 

ဘာစီလိုနာအသင်းမှာ တစ်ချိန်တုန်းက ကစားခဲ့ဖူးတဲ့ အေဂျက်အသင်းရဲ့အားကစားဒါရိုက်တာ မာ့အိုဗားမားစ်က အသင်း ၂ သင်းကြား ဆွေးနွေးညှိနှိုင်းမှုမှာ ကြားဝင်မီးစိမ်းပြပေးခဲ့တယ်လို့ ယုံကြည်ရပါတယ်။ လူငယ်ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဖရန်ကီဒီဂျောင်ဟာ အေဂျက်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး အေဂျက်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့မယ်ဆိုရင် ၎င်းကို အသင်းမှာ ဆက်နေစေလိုတဲ့ဆန္ဒကို ဂုဏ်ယူနေတယ်လို့ သိရပါတယ်။

အေဂျက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တတိယအဆင့် Play-offs ပွဲစဉ် ပထမအကျော့အဖြစ် စတန်းဒက်လေ့ဂ်ျအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး လာမယ့်အင်္ဂါနေ့မှာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ ဖရန်ကီဒီဂျောင်ဟာ အေဂျက်အသင်းရဲ့ချန်ပီယံလိဂ်ဝင်ခွင့် ၃ ပွဲစလုံးမှာ ပါဝင်ကစားပေးခဲ့ပြီး လာမယ့်အပတ်ပွဲစဉ်မှာလည်း အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးမယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD