လာလီဂါအဖွင့်ပွဲကိုတော့ ပါဝင်နိုင်ဖွယ်ရှိပါတယ်။

ရီးရဲလ်မက်ဒရစ်က အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ကော်တွိုက်စ်ဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားရမယ့် ဥရောပစူပါဖလားပွဲကို လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံဂိုးသမား ကော်တွိုက်စ်ဟာ ရီးရဲလ်ကို ချယ်လ်ဆီးကနေ ယူရို (၃၅)သန်းနဲ့ ပြောင်းရွှေ့ လာခဲ့သူလည်း ဖြစ်ပါတယ်။

အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့် စူပါဖလားပွဲစဉ်အတွက် ကော်တွိုက်စ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ လူစာရင်းထဲမှာ ပါဝင်သွားခဲ့ပြီး ရီးရဲလ်ကစားသမားဘ၀ ပထမဆုံးပွဲစဉ်ကို ဝင်ရောက်ကစားဖို့ မျှော်လင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၆)နှစ်အရွယ် ဂိုးသမားကော်တွိုက်စ်ဟာ အင်္ဂါနေ့ ညနေပိုင်းက အသင်းနဲ့အတူ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Cadena COPE ရဲ့ ဖော်ပြချက်အရ ကော်တွိုက်စ်ဟာ အက်သလက်တီကိုနဲ့ ကစားရမယ့် ဥရောပပွဲစဉ်အတွက် မှတ်ပုံတင်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ကြာသာပတေးနေ့ နံနက်မှာ ကစားရမယ့် ပွဲအတွက် ယခုအချိန်ထိ မှတ်ပုံတင်ရခြင်း မရှိသေးတာကြောင့် ရီးရဲလ်အနေနဲ့ ပုံမှန်ဂိုးသမား ကေလာနာဗက်စ်ကို ထည့်သွင်းအသုံးပြုလာဖွယ် ရှိနေပါတယ်။

အင်္ဂါနေ့ညနေပိုင်းက လေ့ကျင့်ခန်းအစီအစဉ်မှာ လော့ပ်တယ်ဂီဟာ ရီးရဲလ်ကစားသမားတွေကို ရွေးချယ်မှုပြုလုပ်ခဲ့ပြီး ပွဲငယ်တစ်ခု ကစားစေခဲ့တယ်လို့ သိရပါတယ်။ အဆိုပါပွဲအတွက် ရွေးချယ်မှုမှာလည်း နာဗက်စ် ပါဝင်ခဲ့ပြီး ကော်တွိုက်စ်ကတော့ အခြားလေ့ကျင့်မှုအဖြစ် လူကာဇီဒန်း၊ လူနင်  အစရှိတဲ့ ကစားသမားတွေနဲ့အတူ ဂိုးနည်းပြဖြစ်သူနဲ့ လေ့ကျင့်မှုပြုလုပ်ခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ စပိန်လာလီဂါအဖွင့်ပွဲအဖြစ် တနင်္ဂနွေနေ့မှာ ဂီတာဖေးနဲ့ အဖွင့်ပွဲအဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး နည်းပြသစ် လော့ပ်တယ်ဂီရဲ့ အမှတ်ပေးပွဲ ပွဲဦးထွက်ကို ကစားရမှာဖြစ်ပြီး ကော်တွိုက်စ်အနေနဲ့ အဆိုပါ ပွဲကိုတော့ ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က