ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီယန်ဘတ်ပီဟာ ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ အနီကတ်ပြစ်ဒဏ် ထိခဲ့ပြီးနောက် (၃)ပွဲပယ်ပြစ်ဒဏ်ကို ကျခံခဲ့ရပြီ ဖြစ်ပါတယ်။ နီမက်စ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဘတ်ပီဟာ အသင်းအတွက် (၁)ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး ပီအက်စ်ဂျီအသင်းက (၄-၂)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
Photo : WorldNewsBuz
နီမက်စ်အသင်းနဲ့ပွဲစဉ်မှာ ဘတ်ပီဟာ ပွဲချိန်အစောပိုင်းအတွင်း (၁၈)မိနစ်မှာ အဝါကတ်ပြား ပြသခံခဲ့ရပါသေးတယ်။ ကွင်းလယ်ဒိုင်လူကြီး အပေါ် ဘတ်ပီဟာ အလွန်အကျူး စောဒကတက်ခဲ့မှုတွေလည်း ရှိခဲ့ပြီး အသင်းဖော်များက ဝိုင်းဝန်းနှစ်သိမ့်ပေးခဲ့ရပါတယ်။ မိနစ် (၉၀)မှာတော့ ဘတ်ပီဟာ နီမက်စ်ကစားသမား ဆဗန်နီယာနဲ့ တွန်းထိုးမှုတွေ ဖြစ်ပွားခဲ့ပြီး အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။
Photo : www.literastesa.tk
ကွင်းလယ်မှာ ဘတ်ပီ ဘောလုံးရယူလာစဉ် ဆဗန်နီယာက ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့မှုကြောင့် ဘတ်ပီ လဲကျသွားခဲ့ပါတယ်။ အဲဒီနောက်မှာ ဘတ်ပီဟာ ဒေါသအပြင်းအထန်ထွက်နေခဲ့ပြီး ဆဗန်နီယာကို ပြင်းပြင်းထန်ထန် ဆောင့်တွန်းခဲ့မှုကြောင့် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့တာကြောင့် ဘတ်ပီဟာ ကွင်းအတွင်းက ထွက်ခွာခဲ့ရပါတယ်။
Photo : purorocknacional.com.ar
ဒါကြောင့် ဘတ်ပီဟာ ပြင်သစ်လီဂူးပွဲစဉ်တွေဖြစ်တဲ့ စိန့်အက်တီယန်၊ ရန်းနက်စ်၊ ရင်းမ်တို့နဲ့ ကစားရမယ့် ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဘတ်ပီအနေနဲ့ ပြည်တွင်းပွဲစဉ်တွေကိုသာ လွဲချော်မှာဖြစ်ပြီး စက်တင်ဘာ (၁၈)ရက်နေ့မှာ ကစားရမယ့် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ အသင်းအတွက် ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။
Photo : Footballogue on Twitter
ဘတ်ပီကတော့ ဒီနှစ်ဘောလုံးရာသီသစ်မှာ ပီအက်စ်ဂျီအသင်းအတွက် လိဂ်ပွဲ (၃)ပွဲ ပါဝင်ကစားပေးထားပြီး စုစုပေါင်းသွင်းဂိုး (၄)ဂိုးအထိ သွင်းယူပေးထားပြီး ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်မှာ နေမာ၊ ကာဗာနီတို့နဲ့ အတွဲအဖက်မိမိ ခြေစွမ်းပြနေတဲ့ ဘတ်ပီကို (၃)ပွဲထိ ဆုံးရှုံးရမယ့် ပီအက်စ်ဂျီအတွက်တော့ နစ်နာမှုဖြစ်ခဲ့ပါတယ်။