၂ ဂိုး သွင်းယူပေးခဲ့တာပါ။

ယနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျူဗင်တပ်အသင်းနဲ့ ဆက်ဆူလိုအသင်းတို့ရဲ့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ရော်နယ်ဒိုဟာ တစ်ဦးတည်း ၂ ဂိုး သွင်းယူပြီး စီးရီးအေမှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။



sei_30243400-bd96.jpg 

ပထမပိုင်း စတင်ချိန်ကတည်းက ယခုရာသီမှာ အကောင်းဆုံးပုံစံနဲ့ နိုင်ပွဲတွေရရှိနေတဲ့ ဆက်ဆူလိုအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပြီး အကြိတ်အနယ်ရှိခဲ့ကြပါတယ်။ ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ယနေ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ဖို့အတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာကို တွေ့ရပါတယ်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ဂျူဗင်တပ်အသင်းက တိုက်စစ်ကို မြှင့်တင်လာခဲ့ပြီး ဆက်ဆူလိုအသင်းရဲ့ နောက်တန်းကလည်း အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့ပါတယ်။ မိနစ် ၅၀ မှာ ဆက်ဆူလိုအသင်းရဲ့ နောက်ခံကစားသမား ဖယ်ရာရီ ခေါင်းတိုက်ဖျက်ထုတ်လိုက်တဲ့ ဘောလုံးဟာ ဂိုးတိုင်အတွင်းဘက်ကို ထိပြီး ရော်နယ်ဒိုရဲ့ အရှေ့ကို ကျရောက်ခဲ့ပါတယ်။ အနားမှာ နောက်ခံကစားသမားတစ်ဦးမှ ကပ်ခံထားရခြင်းမရှိတဲ့ ရော်နယ်ဒိုက တစ်ဦးတည်း သက်တောင့်သက်သာ ပိတ်သွင်းယူပြီး ဂျူဗင်တပ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းအတွက် ၄ ပွဲမြောက် ပွဲစဉ်မှာ ဂိုးပေါက်တွေ့ရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဗလင်စီယာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီမှာ ပုံမှန်ဂိုးသွင်းစွမ်းရည် ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

[No available link text] 

၆၄ မိနစ်မှာ ရော်နယ်ဒိုကပဲ အမ်မရီချန် ပေးပို့လိုက်တဲ့ ဘောလုံးကို ၎င်းရဲ့ပုံစံအတိုင်း ပင်နယ်တီဧရိယာဘယ်ဘက်ထိပ်ကနေ ဘယ်ခြေနဲ့ ထောင့်ဖြတ်ကန်သွင်းယူခဲ့ပြီး ဆက်ဆူလို ဂိုးသမား ကွန်ဆစ်ဂလီ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးအဖြစ် ခွင့်ပြုပေးလိုက်ရတာဖြစ်ပါတယ်။ အဖွင့်ဂိုးနဲ့ ဦးဆောင်ဂိုး ဆက်တိုက်ခွင့်ပြုလိုက်ရတဲ့ ဆက်ဆူလိုအသင်းဟာ ချေပဂိုးတွေ ပြန်လည်ရရှိဖို့အတွက် အသည်းအသန် တိုက်စစ်ဆင်ကစားလာခဲ့တာကို တွေ့ရပြီး ဂျူဗင်တပ်အသင်းရဲ့ ဂိုးသမား ဆက်ဇ်နီက အမှားအယွင်းမရှိကာကွယ်နိုင်ခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၇၈ မိနစ်နဲ့ ၈၂ မိနစ်တို့မှာ နောက်ထပ် အပိုင်ဂိုးသွင်းခွင့် ၂ ကြိမ် ထပ်မံရရှိခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပြီး ဟက်ထရစ်ရရှိမယ့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ဆက်ဆူလိုအသင်းဟာ ပွဲပြီးဆုံးခါနီးလေ ပိုမိုဖိအားပေးနိုင်လေဖြစ်ခဲ့ပြီး မိနစ် ၉၀ မှာ လူစားဝင်ကစားခဲ့တဲ့ ဘာဘာကာက ဆက်ဆူလိုအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ၂ ဂိုး ၁ ဂိုးနဲ့ ဂျူဗင်တပ်အသင်းက အနိုင်ရရှိသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က