AD
AD
AD

စနေနေ့ည ၁၁ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အလာဗက်စ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ အလာဗက်စ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ယနေ့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် ၄ ပွဲဆက် ဂိုးပေါက်ပျောက်ဆုံးပြီး ရှုံးပွဲဆက်သွားခဲ့တာဖြစ်ပါတယ်။

play

အလာဗက်စ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်ဟာ ပထပိုင်းစစချင်းကတည်းက အကြိတ်အနယ်ရှိခဲ့ကြပြီး အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ တိုက်စစ်မှာ ဘန်ဇီးမား၊ ဂါရတ်ဘေးလ်၊ ဆီဘယ်လော့စ်တို့ကို အထောင်ထားခဲ့ပြီး ဂါရတ်ဘေးလ်နဲ့ ဘန်ဇီးမားတို့တိုက်စစ်အတွဲဟာ ထင်သလောက်အလုပ်မဖြစ်ခဲ့တာတွေ့ရပါတယ်။

 

အလာဗက်စ်အသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ပရိသတ်တွေအားပေးမှုတခဲနက်ရရှိခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို ခြေစွမ်းပိုင်းအရ တန်းတူတိုက်စစ်ဆင်ကစားနိုင်ခဲ့ပါတယ်။ ဘန်ဇီးမားနဲ့ ဂါရတ်ဘေးလ်တို့ဟာ ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာတွေ့ရပြီး ဂိုးသွင်းမယ့်သူမရှိတဲ့ တိုက်စစ်ကို မြင်တွေ့ခဲ့ရပါတယ်။

play

 

ဒုတိယပိုင်းမှာ ခြေမပေါ်တဲ့ ဘန်ဇီးမားကို ထုတ်ပြီး မာရီယာနိုကို ထည့်သွင်းကစားစေခဲ့ပြီး တိုက်စစ်ဟာ ပိုမိုသွက်လက်လာခဲ့တာကို တွေ့ရပါတယ်။ ၆၂ မိနစ်မှာ ကက်စမဲရိုးရဲ့နေရာမှာ အဆန်စီယို ဝင်ရောက်ကစားခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းအတွက် ယနေ့ပွဲစဉ်မှာ လူကာမိုဒရစ်ဟာ ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ်ဖန်တီးပေးခဲ့တာတွေ့ရပြီး တိုက်စစ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်ပြည့်မြောက်တဲ့ မိနစ် ၉၀ မှာ မာနူဂါစီယာက အလာဗက်စ်အသင်းအတွက် နောက်ကျအဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးချိန်မှာတော့ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ထိပ်တန်းဂိုးသွင်းရှင် ရော်နယ်ဒိုကတော့ နောက်ဆုံး ၄ ပွဲမှာ ၂ ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD