မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်ရဲ့ အကောင်းဆုံးပွဲဖြစ်တဲ့ ပီအက်စ်ဂျီ နဲ့ လိုင်ယွန်တို့ရဲ့ ပွဲမှာ ပီအက်စ်ဂျီ အသင်းက အိမ်ကွင်းမှာ (၅-ဝ) ဂိုးနဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ နေမာရဲ့ ပယ်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ ဒုတိယပိုင်းမှာ လေးဂိုးဆက်တိုက် သွင်းယူပြီး နိုင်ပွဲရခဲ့တာ ဖြစ်ပါတယ်။
(၉)မိနစ်မှာ နေမာက ပယ်နယ်တီကတဆင့် အဖွင့်ဂိုးကို သွင်းယူပြီးတဲ့နောက် ပီအက်စ်ဂျီက အိမ်ကွင်းမှာ ဦးဆောင်ခဲ့ပါတယ်။ ပွဲကစားချိန် (၃၅)မိနစ်မှာ ပီအက်စ်ဂျီနောက်ခံလူ ကင်ပမ်ဘီ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး ပီအက်စ်ဂျီတို့ တစ်ယောက်လျော့ခဲ့ပေမယ့် လိုင်ယွန်က ချေပဂိုးပြန်မသွင်းနိုင်ခဲ့ပါဘူး။ ဒါ့အပြင် (၄၅)မိနစ်မှာ လိုင်ယွန်ကစားသမား လူးကပ်စ်တူးဆာ့တ်လည်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ တစ်ဖက်ကို (၁၀)ယောက်စီ ကစားခဲ့ရပါတယ်။
ဒုတိယပိုင်းမှာတော့ ပီအက်စ်ဂျီက သွင်းဂိုး (၄)ဂိုးဆက်တိုက် သွင်းယူသွားခဲ့ပါတယ်။ ထူးခြားတာကတော့ ဒီသွင်းဂိုး (၄)ဂိုးကို (၁၄)မိနစ်အတွင်းမှာ သွင်းယူခဲ့တာဖြစ်ပြီး သွင်းယူခဲ့တဲ့ ကစားသမားကလည်း တစ်ဦးတည်းဖြစ်နေခဲ့တာပါ။ သူကတော့ လူငယ်တိုက်စစ်မှူး ဘတ်ပီ ဖြစ်ပြီး (၃)မိနစ်ကို (၁)ဂိုးနှုန်းနဲ့ သွင်းယူသွားခဲ့တာပါ။
ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာပြီး ပီအက်စ်ဂျီအတွက် ပြန်ကစားပေးတဲ့ပွဲမှာပဲ ဘတ်ပီက ခြေစွမ်းပြကာ သွင်းဂိုးတွေ ရယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘတ်ပီက (၆၁)မိနစ်မှာ တစ်ဂိုး၊ (၆၆)၊ (၆၉) နဲ့ (၇၄) မိနစ်တို့မှာ ပီအက်စ်ဂျီအတွက် သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့ပြီး အသင်းကို ဂိုးပြတ်နိုင်ပွဲ ရရှိစေခဲ့ပါတယ်။
ဘတ်ပီဟာ ဒီသွင်းဂိုးတွေကြောင့် လီဂူးဝမ်းရဲ့ ဂိုးအများဆုံးသွင်းသူ စာရင်းမှာ ထိပ်ဆုံးကို ရောက်လာခဲ့ပြီး သွင်းဂိုး (၈)ဂိုးနဲ့ ရပ်တည်နေခဲ့ပါတယ်။ အသင်းဖော်တိုက်စစ်မှူး နေမာကလည်း (၈)ဂိုးသွင်းယူပေးထားပေမယ့် ဘတ်ပီက (၅)ပွဲသာ ကစားပေးထားပြီး နေမာကတော့ (၈)ပွဲကစားပေးထားလို့ ဘတ်ပီက ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။