ဂျူဗင်တပ်စ်အသင်းသားလို့ လိမ်ညာခဲ့တာပါ။

ဒီယိုနီစီယိုဖာရစ်ဒ်ရိုဒရီဂွက်ဇ်လို့ အမည်ရတဲ့ အသက် (၁၉)နှစ်အရွယ် လူငယ်လေးဟာ မက္ကဆီကိုပြည်သူတွေနဲ့ မီဒီယာတွေကို လိမ်လည်မှု တစ်ခု ပြုုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဂျူဗင်တပ်စ်အသင်းအတွက် ကစားပေးရတော့မယ်လို့ ပြောဆို လှည့်ဖြားခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဂွက်ဇ်က သူ့ရဲ့ ဆိုရှယ်မီဒီယာအကောင့်အတုမှာ ဂျူဗင်တပ်စ်ဂျာစီနဲ့ ဓာတ်ပုံကို တင်ထားခဲ့ပါတယ်။



Photo : publimetro

 

သူ့ရဲ့အကောင့်မှာ ဖော်လိုဝါ (၁၆၀၀၀) အထိ ရှိနေပြီး သူက ပေါ်တူဂီကစားသမား ယာအိုဆာရာအိုရဲ့ ဓာတ်ပုံကို Photoshop နဲ့ ပြုပြင်ပြီးတော့ သူဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အကယ်ဒမီမှာ ပါရမီရှင်ကစားသမားအဖြစ် ရှိနေပြီလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို စပိန်သတင်းစာ Marca က ပြန်လည်ဖော်ပြခဲ့ပါတယ်။

Photo : publimetro

 

သူ့ရဲ့ လိမ်လည်မှုကို ပထမဆုံး ခံစားရသူတွေကတော့ သူ့ရဲ့ဇာတိမြို့ အိုဆာကာပြည်နယ်က လူတွေဖြစ်ပါတယ်။ အိုဆာကာပြည်နယ်က မီဒီယာတွေမှာ ရိုဒရီဂွက်ဇ်နဲ့ အင်တာဗျူးခဲ့တဲ့ သတင်းတွေကို ဖော်ပြခဲ့ကြပြီး ရိုဒရီဂွက်ဇ်က သူ ဂျူဗင်တပ်စ်အသင်းကို ဘယ်လိုမျိုး ရောက်ရှိခဲ့တဲ့ အကြောင်းကို ပြန်ပြောင်းပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

 

ရိုဒရီဂွက်ဇ်က သူဟာ ငယ်စဉ်ကတည်းက မက္ကဆီကိုတတိယတန်းက အသင်းတစ်ခုမှာ ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့လို့ အဆင့်မြင့်တန်းကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အဆင့်မြင့်တန်းမှာ ခြေစွမ်းထပ်ပြနိုင်ခဲ့လို့ ရာယိုဗယ်လင်ကာနို၊ ဂီတာဖေး နဲ့ ဂျူဗင်တပ်စ်တို့က သူ့ကို ဆက်သွယ်လာခဲ့ပြီး သူက ဂျူဗင်တပ်စ်ကို ရွေးချယ်ခဲ့တယ်လို့ လိမ်လည်ပြောဆိုခဲ့ပါတယ်။

Photo : publimetro

 

မက္ကဆီကို ယူ-၂၀ အသင်းမှာ သူ ရွေးချယ်ခံနေရပြီလို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။ အင်တာဗျူးလုပ်နေစဉ်အတွင်းမှာ ရိုဒရီဂွက်ဇ်က မက္ကဆီကိုလက်ရွေးစင်အသင်း ဂျာစီကို ဝတ်ဆင်ထားတာ ဖြစ်ပါတယ်။ အင်တာဗျူးမှာ ရိုဒရီဂွက်ဇ်က သူ့ရဲ့ ခြေစွမ်းအပေါ် ဂျူဗင်တပ်နည်းပြ အယ်လီဂရီက နှစ်ခြိုက်နေပြီး ကားလက်စ်ပူယိုးလ် နဲ့ ရာဖေးလ်မားကွက်ဇ်တို့ကို သဘောအကျဆုံးလို့လည်း ပြောခဲ့ပါတယ်။

Photo : publimetro

 

သူ့ရဲ့ ယုတ္တိရှိရှိပြောဆိုမှုတွေ ၊ ဓာတ်ပုံအထောက်အထားတွေကြောင့် မီဒီယာ နဲ့ ပရိသတ်တွေက ယုံကြည်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒေသခံဘောလုံးကွင်းထဲမှာ သူက ဂိုးသွင်းစွမ်းရည်ပြခဲ့သလို အမှတ်တရလက်မှတ်ရေးထိုးမှုတွေလည်း ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။  ဓာတ်ပုံတွဲရိုက်မှုတွေလည်း ရှိခဲ့ပြီး ကလေးငယ်တွေအတွက်လည်း အားပေးစကားတောင် ပြောကြားခဲ့ပါသေးတယ်။

 

ဒီနောက်ပိုင်းမှာတော့ ရိုဒရီဂွက်ဇ်ရဲ့ နာမည်က ထင်ရှားလာခဲ့ပါတယ်။ ဒီအခါမှာ သူ့အကြောင်းကို ပြောဆိုမှုတွေ များပြားလာခဲ့ပြီးနောက် သူ့နာမည်ကို မက္ကဆီကိုဘောလုံးအဖွဲ့ချုပ်ရဲ့ စာရင်းထဲမှာ ရှာကြည့်တဲ့အခါမှာတော့ ရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းရဲ့ သက်တမ်းအလိုက် ကစားသမားနာမည်စာရင်းမှာလည်း သူ့နာမည်မပါတဲ့အခါကျမှ လိမ်လည်ခံခဲ့ရတဲ့အကြောင်းကို သိသွားခဲ့ကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က