စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ အသက် (၂၇)နှစ်အရွယ် တရုတ်လူမျိုး စတီဗင်ဇန်ကို အသင်းရဲ့ ဥက္ကဌအသစ်အဖြစ် ခန့်အပ်လိုက်ပြီလို့ သိရပါတယ်။ အသင်းဥက္ကဌရာထူးက ထွက်ခွာခဲ့တဲ့ အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင် အဲရစ်သိုဟာရဲ့ နေရာမှာ ဇန် က အစားထိုး ဝင်ရောက်ပြီး တာဝန်ယူမှာ ဖြစ်ပါတယ်။
ဇန် ဟာ တရုတ်စီးပွားရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ ဆန်နင်းအင်တာနေရှင်နယ်ရဲ့ ဥက္ကဌအဖြစ်လည်း တာဝန်ယူနေသူ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားက ပိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ အင်တာမီလန်အသင်းကိုလည်း တာဝန်ယူကိုင်တွယ်တော့မှာဖြစ်ပြီး ဇန် ဟာ ယူအီးအက်ဖ်အေရဲ့ ကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
၂၀၁၃ ခုနှစ်မှာ မက်ဆီမိုမိုရက်တီထံကနေ အဲရစ်သိုဟာက အင်တာမီလန်ကို ဝယ်ယူခဲ့ပြီး အသင်းကို တာဝန်ယူခဲ့ပါတယ်။ အဲဒီနောက်မှာ ဆန်နင်းလုပ်ငန်းစုကို သိုဟာက ပြန်လည်ရောင်းချခဲ့ပေမယ့် အသင်းဥက္ကဌရာထူးနေရာမှာ ဆက်ရှိနေခဲ့ပါတယ်။ အခုအခါမှာတော့ အသက် (၂၇)နှစ်အရွယ် ဇန်ကို သူ့ရဲ့ ရာထူးနေရာ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။
"အင်တာမီလန်အသင်းမှာ ဒီတာဝန်ယူရတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်၊ ကမ္ဘာတဝှမ်းက ပရိသတ်သန်းပေါင်းများစွာရဲ့ စိတ်ဆန္ဒပြည့်ဝဖို့အတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့လည်း ခံစားမိပါတယ်၊ ပြီးတော့ ဒီရာထူးနေရာက ကျွန်တော့်အတွက် ပိုပြီးတော့ စိန်ခေါ်မှုတွေ များပြားလာသလို စိန်ခေါ်မှုအသစ်လည်း ဖြစ်ပါတယ်"
"ကျွန်တော်တို့ရဲ့ နံပါတ်တစ်ရည်ရွယ်ချက်ဖြစ်တဲ့ စွမ်းဆောင်ရည်ကောင်းပြသဖို့ဆိုတာကို ကျွန်တော်တို့ သတိထားအာရုံစိုက်ပြီး ရှေ့ဆက်ကြိုးစားသွားမှာပါ၊ အသင်းအတွက် လိုအပ်တာမှန်သမျှကို အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့လည်း ရှိပါတယ်၊ ပြည်တွင်းပြိုင်ပွဲမှာရော၊ ဥရောပ ပြိုင်ပွဲမှာ အမြင့်ဆုံးအဆင့်ဖြစ်ပြီး အောင်မြင်မှုတွေ ရအောင် စွမ်းဆောင်သွားမှာပါ" လို့ ဥက္ကဌအသစ် ဇန် က ပြောကြားခဲ့ပါတယ်။