ဘာစီလိုနာအသင်းရဲ့နည်းပြ အာနက်စတိုဗယ်ဗာဒီက အသင်းရဲ့ဝါရင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ရှှိနေဖို့အတွက် ထိုက်တန်သူဖြစ်ကြောင်းကို အမြဲတမ်းသိနေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဗယ်ဗာဒီက ယမန်နေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းကို ဟက်ထရစ်သွင်းယူခဲ့တဲ့ ဆွာရက်ဇ်ရဲ့စွမ်းဆောင်ရည်ဟာ သာမန်သာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ဟာ ဆာဂျီရောဘတ်တိုရဲ့ဖန်တီးပေးမှုတွေကနေတစ်ဆင့် ဘာစီလိုနာအသင်းအတွက် ဟက်ထရစ်သွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး နည်းပြရာထူးအတွက် မရေရာမသေချာမှုတွေဖြစ်နေတဲ့ ရီးရဲမက်ဒရစ်နည်းပြလော့ပတယ်ဂီကို ဖိအားတွေ ထပ်မံပေးနိုင်ခဲ့တာဖြစ်ပါတယ်။
လူးဝစ္စဆွာရက်ဇ်ဟာ ယခုရာသီမှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရပြီး အသက်အရွယ်အရ ကစားအားကျဆင်းနေပြီလားလို့ မေးခွန်းထုတ်ခံနေရပေမယ့် နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၆ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ဘာစီလိုနာအသင်းနည်းပြ ဗယ်ဗာဒီက အသင်းကို လူးဝစ္စဆွာရက်ဇ် ပေးဆပ်ခဲ့တာတွေဟာ ရှင်းလင်းစွာမြင်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
"ဒါက သာမန်အခြေအနေတစ်ခုပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းက ဒီအတိုင်းပဲ လူးဝစ္စက တူညီတဲ့အရာတွေ လုပ်ခဲ့တာပဲလေ"
"လူတိုင်းက သူ ဂိုးမသွင်းတဲ့အကြောင်းကို ပြောနေကြတယ်။ ဘာလို့လဲဆိုတော့ သူ အရမ်းအလုပ်ကြိုးစားတယ်။ အဲဒီတော့ နောက်ဆက်တွဲရလာတာကတော့ ရလဒ်ပဲ"
"ဒီကာလရှည်အတွင်းမှာ အဲဒါ သူလုပ်ခဲ့တာပဲ။ ကျွန်တော်တို့အသင်းမှာ သူရှိနေတဲ့အတွက် အနိုင်ရရှိခဲ့ပါတယ်"
"လူးဝစ္စဆွာရက်ဇ်ရဲ့အကြောင်းကို လူအများကြီးက ကျွန်တော့်ကို လာမေးကြလိမ့်မယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ ဟက်ထရစ်သွင်းခဲ့တာကတော့ သိသာထင်ရှားနေတာပဲ။ သူ အဲဒီလိုဂိုးတွေသွင်းယူပြီး အသင်းမှာရှိနေဖို့အတွက် အမြဲတမ်းထိုက်တန်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။