လီဗာပူးလ်ကို အနိုင်ဂိုး (၂)ဂိုး သွင်းခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရက်ဒ်စတားဘဲဂရိတ်လ်အသင်းက လီဗာပူးလ်ကို အိမ်ကွင်းမှာ နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဘဲဂရိတ်လ်အတွက် အနိုင်ဂိုး (၂)ဂိုးစလုံးကို မီလန်ပါကော့ဗ်တစ်ဦးတည်းက ပထမပိုင်းမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အနိုင်ဂိုးရှင် မီလန်ပါကော့ဗ်က ပွဲအပြီးမှာ သူ့အနေနဲ့ (၂)၊(၃)ရက်လောက်တော့ အိပ်ပျော်ဖို့ ခက်ခဲတော့မယ်လို့ ပြောကြားလိုက်ပြီး လီဗာပူးလ်ကို အနိုင်ရခဲ့မှုအပေါ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

Photo : UEFA Champion League

 

ဘဲဂရိတ်လ်အသင်းအတွက်တော့ ဒါဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းကို ဥရောပပြိုင်ပွဲမှာ အနိုင်ရရှိခဲ့မှုလည်း ဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ အန်ဖီးလ်ကလပ်ကို အကောင်းဆုံးခြေစွမ်းတွေနဲ့ ဒုက္ခပေးသွားခဲ့ပြီး အဖိုးတန်အနိုင်ဂိုးတွေ သွင်းယူနိုင်ရုံမက ဘဲဂရိတ်လ်အသင်း နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ကိုလည်း အသက်သွင်းပေးနိုင်ခဲ့ပါတယ်။

Photo : UEFA Champion League

 

"ဒီအတွက် ကျွန်တော် မျှော်လင့်ထားခဲ့တာပါ၊ လီဗာပူးလ်ကို ဂိုးသွင်းမယ်လို့ ကျွန်တော် အစောကြီးကမျှော်လင့်ထားပြီး အခုတော့ တကယ်ဖြစ်လာခဲ့ပါတယ်၊ နှစ်ဂိုးတောင် သွင်းနိုင်ခဲ့တာပါ" လို့ ပါကော့ဗ်က UEFA ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောခဲ့ပါတယ်။ "အိပ်ပျော်ဖို့လား မဖြစ်နိုင်ပါဘူး၊ အမှတ်ပေးပွဲတချို့တွေ အပြီးမှာလည်း ကျွန်တော် အိပ်မပျော်ခဲ့တာတွေ ရှိပါတယ်၊ ဖြစ်နိုင်တာကတော့ နောက် (၂)ည၊ (၃)ညလောက်တော့ ကျွန်တော် အိပ်လို့ရမှာမဟုတ်ဘူး" လို့ သူက ထပ်ပြောခဲ့ပါတယ်။

Photo : UEFA Champion League

 

ဘဲဂရိတ်လ်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စု (ဂ)မှာ လေးမှတ် ရရှိခဲ့ပြီး အုပ်စုနောက်ဆုံးမှာပဲ ရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း နာပိုလီ နဲ့ လီဗာပူးလ်က (၆)မှတ်၊ ပီအက်စ်ဂျီတို့က (၅)မှတ်စီသာ ရရှိထားလို့ ဘဲဂရိတ်လ်အတွက်လည်း အခွင့်အရေးက ရှိနေဆဲဖြစ်ပါတယ်။ ဘဲဂိတ်လ် အသင်းရဲ့ နောက်ခံလူ ဒီဂျီနက်ခ်ကလည်း ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ သူတို့ကို အထင်သေးခဲ့တယ်လို့ ပြောခဲ့ပါသေးတယ်။

"ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး သူတို့တွေကို လှုပ်မရအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ ပါကော့ဗ်က လှပတဲ့သွင်းဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကစားသမားအားလုံးက ခြေစွမ်းပြနိုင်ခဲ့တာပါ၊ လီဗာပူးလ်က ကျွန်တော်တို့ကို အထင်သေးခဲ့တဲ့ အမှားကြောင့် ပေးဆပ်လိုက်ရတာပါ၊ ဂျိမ်းစ်မီနာဆိုရင် ဒီလောက်ဆူညံနေတဲ့ ဥမင်မျိုးကို သူ မတွေ့ဖူးခဲ့ဘူးလို့ ကျွန်တော့်ကို ပြောခဲ့ပါသေးတယ်" လို့ ဂျီဒီနက်ခ်က ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က