AD
AD
AD

ယာယီနည်းပြသစ်လက်ထက်မှာ (၂)ပွဲဆက် အနိုင်ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်ဟာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း အဝေးကွင်းမှာ ဗစ်တိုရီးယားပယ်လ်ဇန်ကို (၅)ဂိုးအထိ သွင်းယူပြီး ဂိုးပြတ်နိုင်ပွဲ ရရှိသွားခဲ့ပါတယ်။ ရီးရဲလ်အတွက် ဂိုးတွေကို ဘန်ဇီမာက (၂)ဂိုး၊ ကက်စ်မဲရိုး၊ ဘေးလ် နဲ့ ခရူးစ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

play
Photo : Goal.com

 

ယာယီနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ပေးနေတဲ့ ဆိုလာရီလက်ထက်မှာ ရီးရဲလ်မက်ဒရစ်ဟာ (၃)ပွဲဆက်တိုက် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး အဲဒီ (၃)ပွဲစလုံးမှာ ပေးဂိုးမရှိခဲ့ပဲ ရဂိုး (၁၁)ဂိုးအထိ ပိုင်ဆိုင်ခဲ့ပါတယ်။ ခံစစ်ပိုင်းအားနည်းမှုတွေကြောင့် လော့ပ်တယ်ဂီလက်ထက်မှာ ရလာဒ်တွေ ဆိုးရွားနေခဲ့တဲ့ ရီးရဲလ်ရဲ့ ခံစစ်ဟာ အံ့အားသင့်စရာကောင်းလောက်အောင်ကို ပေးဂိုးကင်းမဲ့ခဲ့တာပါ။

play
Photo : Goal.com

 

ရီးရဲလ်အတွက် (၂)ဂိုးသွင်းပေးခဲ့တဲ့ ဘန်ဇီမာဟာလည်း အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုး (၂၀၀) ပြည့်မြောက်ခဲ့တဲ့ (၇)ဦးမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပယ်လ်ဇန်နဲ့ပွဲမှာ ဆိုလာရီက အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ပြီး မိုဒရစ် နဲ့ အဆန်စီယိုတို့ကို ချန်လှပ်ခဲ့ကာ ဗက်ကွက်ဇ် နဲ့ စီဘယ်လော့စ်တို့ကို ထည့်သွှင်းကစားခဲ့ပါတယ်။

play
Photo : El Periódico

 

ပထမပိုင်းမှာကတည်းက ရီးရဲလ်အသင်း (၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ တစ်ဂိုးသာ ထပ်သွင်းနိုင်ခဲ့လို့ ဒီထက်ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုတော့ အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းပေးနိုင်ခဲ့တဲ့ တိုနီခရူးစ်က ရရှိသွားခဲ့ပြီး အသင်းအတွက် နှစ်ဂိုးဖန်တီးပေးပြီး တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

play
Photo : AS

 

ဒီအုပ်စုမှာတော့ ရီးရဲလ်မက်ဒရစ်က (၄)ပွဲကစားပြီးချိန်မှာ (၃)ပွဲအနိုင်ရခဲ့ပြီး ရိုးမားအသင်းနဲ့ ရမှတ်တူနေကာ ဂိုးကွာခြားချက် (၂)ဂိုးအသာနဲ့ အုပ်စုထိပ်ဆုံးကနေ ဦးဆောင်ပါတယ်။ တတိယနေရာမှာတော့ စီအက်စ်ကေအေက (၄)မှတ်နဲ့ ရပ်တည်နေပြီး ရီးရဲလ် နဲ့ ရိုးမားတို့ နောက်တစ်ဆင့် တက်ဖို့ အခြေအနေအကောင်းဆုံးဖြစ်သွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD