စုစုပေါင်းရမှတ် ၇၅၃ မှတ်နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာပါ။

တနင်္လာနေ့ညမှာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ပေးအပ်ခဲ့တဲ့ ဘလွန်းဒီအော်ဆုပေးပွဲမှာ ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်က ခရစ်စတီယာနိုရော်နယ်ဒို၊ ဂရစ်ဇ်မန်းတို့ကို ကျော်ဖြတ်ပြီး ဘလွန်းဒီအော်ဆုကို ရရှိသွားခဲ့ပါတယ်။

bp_football_101017_8.jpg

Photos: The Strait Times

 

ဆုပေးပွဲမတိုင်မီ တစ်ပတ်အလိုလောက်ကတည်းက မိုဒရစ်ကို ဘလွန်းဒီအော်ဆုပေးအပ်ဖို့ အကဲဖြတ် ဒိုင်လူကြီးတွေက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်ကတည်းက မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေအဖြစ် ဘလွန်းဒီအော်ဆုကို ငါးကြိမ်စီ အလှည့်ကျ ရယူခဲ့တာဖြစ်ပြီး ယခုနှစ်မှာတော့ ရော်နယ်ဒိုက ဒုတိယနေရာမှာသာရပ်တည်နိုင်ခဲ့ပြီး မက်ဆီကတော့ အဆင့် ၅ အထိ ကျဆင်းသွားခဲ့ပါတယ်။

မက်ဆီနဲ့ ရော်နယ်ဒိုတို့ ကြီးစိုးနေတဲ့ ဘလွန်းဒီအော်ပြိုင်ပွဲမှာ နောက်ဆုံး ပါဝင်နိုင်ခဲ့တာကတော့ ရော်နယ်ဒို ပထမ ၃ ဦးစာရင်းထဲမှာတောင် မပါဝင်ခဲ့တဲ့ ၂၀၁၀ ခုနှစ်မှာ အင်နီယေစတာက ဒုတိယနေရာရရှိခဲ့တာဖြစ်ပါတယ်။

အရာအားလုံးပြောင်းလဲတတ်တဲ့ သဘောသဘာဝအတိုင်းပဲ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၆ သင်း ရှုံးထွက်အဆင့်ကနေ ပေါ်တူဂီနဲ့ အာဂျင်တီးနားအသင်းတို့ လှည့်ပြန်ခဲ့ရတာဟာ ၂၀၁၈ ခုနှစ်ရဲ့ဘလွန်းဒီအော်ဆုကို မက်ဆီနဲ့ ရော်နယ်ဒိုတို့ ရရှိနိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။

Photos: Liverpool FC



လီဗာပူးအသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီမှာ ရွှေဖိနပ်ဆုရရှိခဲ့ပြီး အအောင်မြင်ဆုံးနှစ်တစ်နှစ်ပိုင်ဆိုင်ခဲ့တဲ့ မိုဟာမက်ဆာလာကလည်း အီဂျစ်အသင်းကို အုပ်စုအဆင့်ကနေ တက်ရောက်နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဘလွန်းဒီအော်ဆုရရှိဖို့ သမ်းနေတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးတောင် ပြန်လည်ပျောက်ကွယ်သွားခဲ့ရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူးလည်းမဟုတ်၊ ဘောလုံးစူပါပါဝါနိုင်ငံလို့ ယူဆလို့မရတဲ့ နိုင်ငံတစ်နိုင်ငံက ကွင်းလယ်ကစားသမား တစ်ဦးဟာ ဘလွန်းဒီအော်ဆုကို ရရှိသွားခဲ့တာဟာ တိုက်ဆိုင်မှုတော့မဟုတ်နိုင်ပါဘူး။

လူကာမိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားအဖြစ် ဖီဖာရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ်နဲ့ ဘလွန်းဒီအော်ဆုကို ရရှိဖို့အတွက် ထိုက်တန်ရဲ့လားဆိုတဲ့ အငြင်းပွားစရာမေးခွန်းတွေလည်း ရှိနေခဲ့ပါတယ်။

Photos: Sky Sport

 

ဒါပေမယ့်လည်း ဆုပေးပွဲတွေဟာ အနီးစပ်ဆုံးပြိုင်ပွဲရဲ့စွမ်းဆောင်ရည်ကို ၇၀ ရာခိုင်နှုန်း ထည့်သွင်းတွက်ချက်တတ်တဲ့ ထုံးစံအရ ခရိုအေးရှားအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ပို့ဆောင်ပေးနိုင်ခဲ့တဲ့အပြင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားလည်းဖြစ်၊ ခြေစွမ်းအတည်ငြိမ်ဆုံးဖြစ်တဲ့ မိုဒရစ်ကို ဆုပေးအပ်ဖို့ အမှတ်ပေးတဲ့ဒိုင်လူကြီးတွေက ဆုံးဖြတ်ခဲ့ပုံရပါတယ်။

ပြိုင်ပွဲတစ်ခုရဲ့ အငြင်းအပွားရဆုံးနဲ့ အခက်ခဲဆုံးရှုထောင့်ဖြစ်တဲ့ သွင်းဂိုးအရေအတွက်နဲ့ပတ်သက်ပြီး အငြင်းပွားစရာအချက်တွေရှိနေပေမယ့် အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပွဲအရှိန်ကို အဆုံးအဖြတ်ပေးနိုင်၊ မပေးနိုင်က အဓိကကျနေခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လူကာမိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းမှာ အဓိကကျတဲ့ပေးပို့မှုပြုလုပ်နိုင်တဲ့ ကစားသမား ၁၀ ဦးထဲမှာ ပါဝင်နေသလို တစ်ပွဲမှာ အနည်းဆုံး ၆၉ ကြိမ်ဘောလုံးပေးပို့မှုရှိပြီး ၈၇ ရာခိုင်နှုန်း အောင်မြင်ခဲ့သူဖြစ်ပါတယ်။

Photos: Express

 

ရှုံးထွက်အဆင့်ကနေ တက်ရောက်နိုင်ဖို့အတွက် ဖိအားတွေများလာပြီး ခရိုအေးရှားကစားသမားတွေ ခြေကုန်လက်ပမ်းကျနေချိန်မှာ မိုဒရစ်က ခရိုအေးရှားအသင်းအတွက် ပိုပြီးတောင် အဓိကကျတဲ့အခန်းကဏ္ဍကနေ ဦးဆောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲမက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက် ရယူနိုင်ခဲ့တဲ့နေရာမှာလည်း မိုဒရစ်က အဆုံးအဖြတ်ဖြစ်ခဲ့ပါတယ်။ မိုဒရစ်ဟာ လီဗာပူးအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးအသင်းဘက်ကို တန်ပြန်ဖိအားပေးပြီး ရီးရဲမက်ဒရစ်အသင်းကို အကူအညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

မိုဒရစ်ကို ပုံမှန်စောင့်ကြည်နေတဲ့သူတိုင်းဟာ လာလီဂါမှာဖြစ်ဖြစ်၊ ချန်ပီယံလိဂ်မှာပဲဖြစ်ဖြစ် ကွင်းလယ်မှာ ဘယ်လောက်အထိ ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိတယ်ဆိုတာ မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူးမက်ဆီဟာ ကလပ်အသင်းမှာ ပုံမှန်ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း လက်ရွေးစင်အသင်းမှာ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ လှည့်ပြန်ခဲ့ရတာ မက်ဆီအပြစ်မဟုတ်ပေမယ့် မဲပေးရွေးချယ်တဲ့ ဒိုင်လူကြီးတွေက ယင်းအချက်ကို ထောက်ရှုပြီး မက်ဆီကို မဲမပေးခဲ့တာဖြစ်ပါတယ်။

ထိုနည်းတူပဲ ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီအသင်းအတွက် အံ့အားသင့်ဖွယ် အားထုတ်မှုတွေ ပြသခဲ့ပေမယ့် ဥရုဂွေးအသင်းကို မကျော်ဖြတ်နိုင်ခဲ့ဘဲ အိမ်ပြန်ခဲ့ရတာကြောင့် ထင်သလောက် မဲတွေမရခဲ့တာဖြစ်ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဆိုရမယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဘလွန်းဒီအော်ဆုရရှိဖို့အခွင့်အရေးတွေ အသီးသီး လွဲချော်နေချိန်မှာ အမှတ်ပေးတဲ့ဒိုင်လူကြီးတွေအနေနဲ့ ရွေးချယ်စရာအဖြစ် ရီးရဲမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား ၃ နှစ်ဆက်တိုက် ရရှိအောင် အဓိကကျတဲ့ အခန်းကဏ္ဍကနေ စွမ်းဆောင်ပေးခဲ့ပြီး ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံပြသခဲ့တဲ့ လူကာမိုဒရစ်ကလွဲပြီး တခြားသူကို မမြင်တာကြောင့် ဆုပေးအပ်ခဲ့ရတာလို့သာ မှတ်ယူရမှာဖြစ်ပါတယ်။

Share

Loading Next Article...
က္က