ရီးရဲလ်မှာထက် ပိုကောင်းတဲ့ ခြေစွမ်းကို ရော်နယ်ဒို ပြသနေတာပါ။

ဖီအိုရင်တီးနားနဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် တစ်ဂိုးသွင်းပေးခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့ စီးရီးအေသွင်းဂိုးက (၁၀) ဂိုးအထိ ရှိလာခဲ့ပါတယ်။ စုစုပေါင်း (၁၄)ပွဲ ကစားပြီးချိန်မှာ သူက (၁၀)ဂိုးအထိ သွင်းနိုင်ခဲ့တာပါ။ ဒါက ၁၉၅၇-၅၈ ခုနှစ်က ဂျူဗင်တပ်စ်အတွက် (၁၄)ပွဲကစားပြီး (၁၀)ဂိုး သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဂျွန်ချားလက်စ်ရဲ့ စံချိန်ကို လိုက်မီခဲ့တာလည်း ဖြစ်ပါတယ်။



Photo : sentinelassam.com

 

ဒီရာသီမှာ ရော်နယ်ဒိုလောက် ဂိုးပေါက်ကန်သွင်းမှုအများဆုံး ကစားသမားက စီးရီးအေမှာ မရှိခဲ့ပါဘူး။ စုစုပေါင်း (၇၃)ကြိမ်အထိ ရော်နယ်ဒိုက ကန်သွင်းယူခဲ့ပြီး (၄၀)ကြိမ် ဂိုးပေါက်တည့်ခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့် (၅၅%)ပါ။ ဂျူဗင်တပ်စ်ကို ရော်နယ်ဒို မပြောင်းရွှေ့လာခင်မှာ အိုးလေဒီတို့ရဲ့ အဓိကတိုက်စစ်မှူးက ဟီဂူအင်ပါ။ ဒါပေမယ့် ရော်နယ်ဒို ရောက်ရှီလာပြီးနောက်မှာ ဟီဂူအင်ကို စွန့်လွှတ်ဖို့အတွက် ဂျူဗီက ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်စ်အတွက် ပြိုင်ပွဲစုံ (၂၃)ဂိုး သွင်းယူပေးခဲ့သူပါ။

Photo : Sky Sports

 

ရော်နယ်ဒို ရောက်ရှိလာပြီးနောက်မှာ တိုက်စစ်ပိုင်းအတွက် မန်ဇူကစ်နဲ့ တွဲဖက်ကစားစေခဲ့ပြီး လက်ရှိအချိန်မှာ ဒီတိုက်စစ်အတွဲက နားလည်မှုပြည့်ဝစွာနဲ့ ခြေစွမ်းပြနေပါတယ်။ အထူးသဖြင့် ရော်နယ်ဒို ဂိုးမသွင်းနိုင်ခဲ့ရင်တောင်မှ သူ့ရဲ့ ဖန်တီးပေးပို့မှုတွေနဲ့ မန်ဇူကစ်က သွင်းဂိုးတွေ ရနေတာပါ။ သူတို့နှစ်ယောက်ပေါင်းရဲ့ စီးရီးအေသွင်းဂိုးက ၂၁ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

 

ရီးရဲလ်မှာ ကစားခဲ့စဉ်က အသင်းဖော်တွေဆီကပဲ ထောက်ပံ့ပေးတာကို စောင့်ဆိုင်းနေတယ်လို့ ရော်နယ်ဒိုက ဝေဖန်ခံခဲ့ရပါတယ်။ ဒီအနေအထားက ဂျူဗီမှာကျ ပြောင်းလဲသွားခဲ့ပြီး သူက အသင်းဖော်တွေကိုတောင်မှ အကောင်းဆုံးဖန်တီးပေးနေတာကို မြင်ရမှာပါ။ သွင်းဂိုး (၅)ဂိုးအထိ သူက ဖန်တီးပေးထားတာဖြစ်ပြီး ရီးရဲလ်မှာထက် ပိုပြီးကောင်းမွန်တဲ့ ဂိုးဖန်တီးမှုတွေကို ရော်နယ်ဒို ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်ကို စရောက်ခဲ့တဲ့ ပထမဆုံးဘောလုံးရာသီ (၂)ရာသီမှာ အခွင့်အလမ်းဖန်တီးပေးမှုက ၇၅ ကြိမ် နဲ့ ၆၅ ကြိမ်ရှိခဲ့ပြီး နောက်ဆုံး (၂)ရာသီမှာ ၃၁ကြိမ် နဲ့ ၃၈ကြိမ်သာ ရှိခဲ့ပါတယ်။ ဒီအတွက်လည်း သူ ဝေဖန်ခံခဲ့ရတာပါ။

Photo : BBC

 

ဒါပေမယ့် စီးရီးအေမှာ ဒီအခြေအနေကို ရော်နယ်ဒိုက ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ဂျူဗီမှာ ရော်နယ်ဒိုထက် ဘောလုံးပေးပို့ပေးနိုင်တာက ပီယာနစ် တစ်ယောက်ပဲ ရှိပါတယ်။ ပီယာနစ်ပြီးရင် ရော်နယ်ဒိုပါ။ ဒါဆိုရင် ရော်နယ်ဒိုရဲ့ ကစားပုံက ပြောင်းလဲလာသလို အသင်းလိုက် ပူးပေါင်းမှုမှာလည်း တိုးတက်လာတာကို သိသာစေမှာပါ။ တစ်ပွဲချင်းစီမှာ ရော်နယ်ဒိုက ပျမ်းမျှကန်သွင်းမှု ၇ကြိမ်ခန့် ရှိနေပြီး စီးရီးအေမှာ ဒါ အများဆုံးအရေအတွက်လည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဂိုးဖန်တီးပေးထားမှုကလည်း ဂျူဗင်တပ်စ်မှာ အများဆုံးအရေအတွက်ဖြစ်ပြီး စီးရီးအေမှာ ဒုတိယဖန်တီးပေးမှု အများဆုံး ကစားသမားပါ။ ရော်နယ်ဒိုရဲ့ ဂိုးသွင်းစွမ်းရည် နဲ့ ဖန်တီးမှုစွမ်းရည်က ဂျူဗင်တပ်စ်မှာ ပိုတောင်ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။

ပွဲစဉ် (၁၄)ပွဲအပြီးမှာပဲ အခွင့်အရေးဖန်တီးမှုကို ရော်နယ်ဒိုက (၂၅)ကြိမ် ပြုလုပ်ပေးထားပါပြီ။ ဒါက ရီးရဲလ်ကစားသမားဘ၀ နောက်ဆုံးရာသီ မှာ ပြုလုပ်ပေးခဲ့တဲ့ (၃၈)ကြိမ်ထက် (၁၃)ကြိမ်သာ လျော့နည်းသေးပြီး နောက်ထပ်ပွဲပေါင်း (၂၄)ပွဲ ရော်နယ်ဒို ကစားရဦးမှာမို့ ပိုမို တိုးတက်လာမယ့် အရေအတွက်တွေ ရှိနေပါတယ်။ ရော်နယ်ဒိုအတွက် ကစားပေါက်ချောင်စေဖို့ အယ်လီဂရီက ဒီဘာလာကို Deeper Role ပုံစံ ကစားခိုင်းခဲ့ပြီး တိုက်စစ်နဲ့ ကွင်းလယ်ကို ချိတ်ဆက်စေခဲ့ပါတယ်။ ဒီအတွက် ဒီဘာလာရဲ့ သွင်းဂိုးတွေ လျော့နည်းခဲ့ပေမယ့် အသင်းရဲ့ တိုက်စစ်က ပိုထက်မြက်ခဲ့ပါတယ်။ မန်ဇူကစ်၊ ရော်နယ်ဒို နဲ့ ဒီဘာလာတို့ရဲ့ ကစားပုံ ဟန်ချက်ညီနေအောင် အယ်လီဂရီက အကောင်းဆုံး တည်ဆောက်နိုင်ခဲ့တယ်လို့ အီတလီနဲ့ ဂျူဗီတိုက်စစ်မှူးဟောင်း လူကာတိုနီက သုံးသပ်ခဲ့ပါသေးတယ်။

Photo : ESPN.in

 

အသက် (၃၃)နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကြီးဟာ ကစားသမားဘ၀ နောက်ဆုံးအချိန်ကို ရောက်နေပြီလို့တောင် ဆိုရမှာဖြစ်ပေမယ့်လည်း ခြေစွမ်းကတော့ ထိပ်တန်းအဆင့်မှာပဲ ရှိနေသေးတယ်ဆိုတာကို ဂျူဗီမှာ သက်သေပြနေခဲ့ပါတယ်။ သွင်းဂိုးတွေ၊ ဖန်တီးမှုတွေ၊ အခွင့်ရေး ပြုလုပ်ပေးနိုင်မှုတွေ အစရှိတာတွေမှာ ရီးရဲလ်မှာ ကစားတာထက် ပိုပြီး တိုးတက်လာခဲ့ပါတယ်။ ချိန်သားကိုက် ပေါင်းစပ်မှုဖြစ်ပြီးတော့ ပြီးပြည့်စုံ၊ လိုက်ဖက်ညီတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က