AD
AD
AD

ယနေ့နံနက် ၂ နာရီ ၂၅ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းဟာ အစ်စကို၊ ဘန်ဇီးမား၊ ခရစ်စတီယာနိုရော်နယ်ဒိုတို့နဲ့ ပွဲထွက်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းက နေမာ၊ ကာဗာနီ၊ ဘတ်ပီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ကြပြီး ပီအက်စ်ဂျီအသင်းက အပိုင်ကန်သွင်းခွင့်တွေ ရခဲ့ပေမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့ဂိုးသမားနဲ့ နောက်ခံကစားသမားတွေက အကောင်းဆုံး ကာကွယ်ဖျက်ထုတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။

play

 

၃၃ မိနစ်မှာ အေဒရီယန်ရာဘီယို့က ပီအက်စ်ဂျီအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ပီအက်စ်ဂျီအသင်းအတွက် အရေးပါတဲ့ အဝေးဂိုးတစ်ဂိုးကို ရယူပေးခဲ့တာလည်းဖြစ်ပါတယ်။

play

 

ပထမပိုင်း ပွဲကစားချိန်ပြည့်မြောက်တဲ့ ၄၅ မိနစ်မှာ ပီအက်စ်ဂျီအသင်းရဲ့ကွင်းလယ်ကစားသမား ဆယ်လ်ဆိုက တိုနီခရူးစ်ကို ပင်နယ်တီဧရိယာထဲမှာ နောက်ကနေ ဆွဲထားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ရီးရဲမက်ဒရစ်အသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပြီး ခရစ်စတီယာနိုရော်နယ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းယူပြီး ရီးရဲမက်ဒရစ်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာလည်း ပိုမိုအကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ပီအက်စ်ဂျီအသင်းရဲ့ အပိုင်ကန်သွင်းချက်တွေကို ရီးရဲမက်ဒရစ်အသင်းရဲ့နောက်ခံကစားသမားတွေနဲ့ ဂိုးသမား ကေလာနားဗက်စ်တို့က အံ့အားသင့်ဖွယ် ကာကွယ်ဖျက်ထုတ်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်း ၆၈ မိနစ်နဲ့ ၇၉ မိနစ်တို့မှာ ရီးရဲမက်ဒရစ်အသင်းက လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ခြေစွမ်းမပြနိုင်တဲ့ ဘန်ဇီးမား၊ ကက်စမဲရိုး၊ အစ်စကိုတို့ကို ထုတ်ပြီး ဂါရတ်ဘေးလ်၊ လူးကပ်စ်ဗက်စ်ကွက်၊ အဆန်စီယိုတို့ကို ထည့်သွင်းကစားစေခဲ့ပါတယ်။

play

 

၈၃ မိနစ်မှာ အဆန်စီယိုဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ပီအက်စ်ဂျီအသင်းရဲ့ဂိုးသမား အာရီယိုလာက ပုတ်ထုတ်ကာကွယ်ခဲ့ရာ ပြန်လျှံထွက်လာတဲ့ဘောလုံးဟာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ ဒူးနဲ့ထိမိပြီး ရီးရဲမက်ဒရစ်အသင်းက ဒုတိယမြောက်ဦးဆောင်ဂိုးကို ရရှိခဲ့ပါတယ်။

play

 

လူစားလဲလှယ်မှုပြုလုပ်ပြီးနောက် ရီးရဲမက်ဒရစ်အသင်းရဲ့ကစားကွက်ဟာ ပိုမိုမြန်ဆန်လာခဲ့ပြီး အဆန်စီယိုရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုတွေကလည်း ပီအက်စ်ဂျီအသင်းရဲ့နောက်ခံကစားသမားတွေအတွက် အလုပ်ရှုပ်စေခဲ့ပါတယ်။ ၈၆ မိနစ်မှာ အဆန်စီယိုပေးပို့လိုက်တဲ့ ဘောလုံးကို အလိုက်သင့်ပါလာတဲ့ မာဆယ်လိုက ကန်သွင်းခဲ့ရာ ပီအက်စ်ဂျီအသင်းဂိုးသမား အာရီယိုလာ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ထိချက်မမှန်ခဲ့ဘဲ ဘောလုံးဟာ ဂိုးထဲ ဝင်ရောက်သွားခဲ့တာကြောင့် ရီးရဲမက်ဒရစ်အသင်းက တတိယမြောက်ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပြီး ပွဲပြီးဆုံးချိန်မှာ ရီးရဲမက်ဒရစ်အသင်းက အိမ်ကွင်းဘာနေဗျူးမှာ ပီအက်စ်ဂျီအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်ကို လာမယ့် မတ်လ ၇ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့အိမ်ကွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

Photos: DM

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD