AD
AD
AD

ယနေ့ခေတ်မြန်မာနိုင်ငံမှာ လူငယ်တွေအကြား popular ဖြစ်လာတဲ့ စကိတ်အားကစားနည်းကို နိုင်ငံတော်အသိအမှတ်ပြု အားကစားနည်တစ်ရပ် ဖြစ်လာစေရေးအတွက် မြန်မာနိုင်ငံ စကိတ်စီးအားကစား ၀ါသနာရှင်များအသင်းက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

play
မြန်မာနိုင်ငံစကိတ်စီးအားကစားဝါသနာရှင်များအသင်း ဥက္ကဋ္ဌ ဦးလွင်လတ်(အလယ်/အဖြူ)နဲ့ ဆုရ ကစားသမားများ။

 

လက်ရှိမှာ နိုင်ငံတကာပြိုင်ပွဲများကိုလည်း အသင်းရဲ့ ရံပုံငွေနဲ့အတူ မြန်မာနိုင်ငံကိုယ်စားပြုပြီးသွားရောက်ယှဉ်ပြိုင်နေကာ ရွှေတံဆိပ်ဆုများစွာကိုလည်း ဆွတ်ခူးပေးနိုင်တယ်လို့ မြန်မာနိုင်ငံစကိတ်စီးအားကစား ၀ါသနာရှင်များအသင်း ဥက္ကဋ္ဌဦးလွင်လတ်ရဲ့ ပြောကြားချက်အရ သိရပါတယ်။

play

 

"ကျွန်တော်တို့ စကိတ်အားကစားနည်းကို မြန်မာနိုင်ငံမှာလူငယ်တွေအကြား ရေပန်းစားလာအောင်လုပ်နေတာထက် နိုင်ငံကိုယ်စားပြု အားကစားအသင်းအဖွဲ့တစ်ရပ်အနေနဲ့ အနာဂတ်မှာ ရပ်တည်နိုင်အောင် ဆောင်ရွက်နေတာပါ။ လက်ရှိမှာ နိုင်ငံတကာက စကိတ်ပညာရှင်တွေအပါအ၀င် ကစားသမားတွေကလည်း အစစအရာရာ ပါဝင်ကူညီပေးနေပါတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့မှာ နိုင်ငံတကာ အဆင့်မီ စကိတ်ကွင်း လုံးဝ မရှိတာက ဘာမှ ရှေ့ဆက်လုပ်ဆောင်လို့မရဘူး ဖြစ်နေတာပါ။ဒါကို နိုင်ငံတော်အကြီးအကဲတွေကို တင်ပြပြီး စကိတ်စီးအားကစားကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုတာလည်း နှစ်ကြိမ်တိတိ ပယ်ချခံထားရသလို မျက်နှာလွှဲခံထားရပါတယ်။ဒါပေမယ့် ကျွန်တော် လက်မလျော့ပါဘူး။" လို့ ဦးလွင်လတ်ကပြောပါတယ်။

 

လက်ရှိမှာ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာပြိုင်ပွဲမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးပေးထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်တွင်းပြိုင်ပွဲတွေကိုလည်း နှစ်စဉ် ဦးစီးကျင်းပပေးနေတယ်လို့ သိရပြီး ယခုနှစ် မန္တလေးမြို့တွင် ကျင်းပနိုင်ဖို့ ခွင့်ပြုမိန့်တောင်းဆိုထားရာမှာတော့ ခွင့်ပြုချက် မပေးဘူးလို့လည်း သိရပါတယ်။

"ကျွန်တော်တို့က အခု ပြိုင်ပွဲမှာ နိုင်ငံခြားက စကိတ်ပညာရှင်တစ်ယောက်က ပညာလာသင်ပေးမှာ ဖြစ်လို့ အများအမြင်မှာ ရှိတဲ့ စကိတ်ကွင်းမှာ ကျင်းပခွင့်တောင်းတာပါ။အခုလို ခွင့်မပြုပေးဘူးဆိုတော့ စိတ်မကောင်းဘူးပေါ့။နောက်ဆုံး လုံးဝမရရင်တော့ မြို့ပြင်မှာရှိတဲ့ စကိတ်ကွင်းလေးမှာ လုပ်ခွင့်ပေးဖို့ ထပ်တောင်းဆိုရမှာပေါ့။ဖြစ်နိုင်ရင်တော့ လူမြင်ကွင်းမှာရှိတဲ့ စကိတ်ကွင်းမှာ ကျေင်းပခွင့်ရလိုပါတယ်။ကျွန်တော်တို့ စကိတ်အားကစားနည်းကို ကျင်းပခွင့်တောင်းဆိုနေတာဘယ်လောက်တောင် အခက်အခဲတွေရှိနေလို့ ခွင့်မပြုပေးတာလည်း ဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။သေချာတာက တတိယအကြိမ် ကျွန်တော်ထပ်ကြိုးစားပါအုံးမယ်။နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် သက်ဆိုင်ရာ အကုန်လုံးကို စာထပ်တင်ပါမယ်။" လို့ ဦးလွင်လတ်က ထပ်မံပြောကြားခဲ့ပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့က စကိတ်အားကစားနည်းကို မြန်မာနိုင်ငံမှာ အသိအမှတ်ပြုရချင်တာပါ။ဒါဆို နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေကို နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခွင့်ရမှာပါ။ကျွန်တော်သေချာပြောချင်တာက ကျွန်တော်တို့ စကိတ်အားကစားသမားတွေမှာအဆင့်တစ်ခုရှိနေပါပြီ။အဲ့ဒီအဆင့်က ကျွန်တော်တို့နိုင်ငံအတွက် အိုလံပစ် ဆုတံဆိပ်တွေကိုတောင်ရယူနိုင်စွမ်းရှိနေတယ်လို့ ကျွန်တာ် ကြုံးဝါးရဲပါတယ်။ဒါကြောင့် အိုလံပစ် အားကစားနည်းဖြစ်တဲ့ စကိတ်အားကစားနည်းအကြောင်းကို သက်ဆိုင်ရာ လူကြီးတွေကို သေချာရှင်းပြခွင့်ရချင်ပါတယ်။" လို့ မြန်မာနိုင်ငံ စကိတ်စီးအားကစား ၀ါသနာရှင်များအသင်း(MSA)ရဲ့ ဥက္ကဋ္ဌ ဦးလွင်လတ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံစကိတ်စီးအားကစား ၀ါသနာရှင်များအသင်းအနေနဲ့ အဖွဲ့ဝင်ကစားသမားတွေအတွက် လှည်းတန်း ခုံးကျော်တံတားအောက်တွင် စကိတ်စီးနင်းနိုင်အောင် ဆောင်ရွက်ပေးထားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လာမယ့် ၂၀၂၀ တိုကျို အိုလံပစ် ပြိုင်ပွဲတွင် စကိတ်ဘုတ်ကစားနည်းကို ပထမဆုံးအကြိမ်အဖြစ် အိုလံပစ် အားကစားနည်းတွင် ထည့်သွင်းကျင်းပမယ်လို့လည်း နိုင်ငံတကာ အိုလံပစ် ကော်မတီက ထုတ်ပြန်ကြေညာထားပါတယ်။

၂၀၁၈ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အာရှအားကစားပြိုင်ပွဲတွင်လည်း Roller Sports အဖြစ် အင်လိုင်းစကိတ်အမျိုးအစားနဲ့ စကိတ်ဘုတ်အမျိုးအစားတို့ကို နှစ်မျိုးစလုံးထည့်သွင်း ကျင်းပမယ်လို့လည်း သိရပါတယ်။

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD