သူက ကျွန်တော်တွေ့ဖူးသမျှထဲမှာအကောင်းဆုံး ကစားသမားဖြစ်ပြီး အရမ်းကြိုက်ပါတယ်။

မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကို ကို အရူးအမူးစွဲလန်းအားပေးနေတဲ့ နိုင်ငံခြားသားပရိသတ်တစ်ဦး ရှိနေပါတယ်။ သူက သူငယ်ချင်းတွေနဲ့ ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုကို ကြံ့ကြံ့ခံပြီး ကျော်ကိုကို ကို အားပေးနေသူပါ။



“ကျွန်တော် ကျော်ကိုကို ကို ၂၀၁၁ဆီးဂိမ်းမှာစတွေ့ဖူးတာ။ သူက ကျွန်တော်တွေ့ဖူးသမျှထဲမှာအကောင်းဆုံး ကစားသမားဖြစ်ပြီး အရမ်းကြိုက်ပါတယ်။”

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ကျော်ကိုကို ကို အားပေးတဲ့ ပရိသတ်တစ်ဦးရဲ့စကားသံပါ။ ကျော်ကိုကို ဆိုတာ မြန်မာပြည်ရဲ့ထိပ်တန်းတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ သူ့ကို ပရိသတ်တွေအားပေးတာ မထူးဆန်းပါဘူး။ ဒါပေမယ့် ကျော်ကိုကိုအတွက် ပရိသတ်အားပေးမှုတွေထဲမှာ ထူးခြားတဲ့အားပေးမှုတစ်ခုနဲ့ ကြုံတွေ့နေပါပြီ။

အပေါ်က စကားတွေကို ပြောခဲ့တဲ့ ကျော်ကိုကိုရဲ့ပရိသတ်က မြန်မာလူမျိုးမဟုတ်ပါဘူး။ အင်ဒိုနီးရှားလူငယ်လေး ဝီဘိုဝိုပါ။ သူက အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးဖြစ်ပေမယ့် သူလေးစားအားကျရတဲ့ စံပြဘောလုံးသမားက မြန်မာနိုင်ငံက ကျော်ကိုကို ဖြစ်နေပါတယ်။ “သူက လက်ရှိအချိန်အထိ မြန်မာ့အကောင်းဆုံးကစားသမားပဲလေ။ သူ့ကြောင့် မြန်မာ့ဘောလုံးလောက တိုးတက်လာမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။”

သူ့နာမည်က ဝီဘိုဝို

ဝီဘိုဝိုက အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ကပါ။ သူ့မှာ အစ်ကိုတစ်ယောက် ညီမတစ်ယောက်ရှိပြီး လက်ရှိ အသက် ၂၃နှစ်မှာ တက္ကသိုလ်တက်နေပါတယ်။ သူအားပေးတဲ့ ကလပ်အသင်းတွေကတော့ ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး၊ အင်ဒိုနီးရှားကလပ် ပါဒေါင်းအက်ဖ်စီနဲ့ မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်ပါတဲ့။ သူက ကျော်ကိုကိုရဲ့သံယောဇဉ်နဲ့ ကျော်ကိုကိုပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မြန်မာအသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတွေ အင်ဒိုနီးရှားရောက်လာတိုင်း မလွတ်တမ်းသွားရောက်အားပေးတတ်ပါတယ်။

၁၅နှစ်သားလူငယ်ကလေးကို ဖမ်းစားနိုင်ခဲ့တဲ့ ကျော်ကိုကို

သူ့ဘဝမှာ ဘောလုံးသမားတွေအများကြီး မြင်တွေ့ဖူးပေမယ့် သူ့ရဲ့တစ်ဦးတည်းသော ဘောလုံးသူရဲကောင်းကတော့ ကျော်ကိုကိုပါပဲ။ သူ့ရဲ့ကျော်ကိုကိုအပေါ် စွဲလန်းရူးသွပ်မှုက အသက် ၁၅နှစ်အရွယ်ကတည်းကစခဲ့တာပါ။ ၂၀၁၁ ဂျာကာတာဆီးဂိမ်းမှာ မြန်မာယူ-၂၃အသင်းရဲ့မျက်နှာသစ်လူငယ် တိုက်စစ်မှူးတစ်ဦးက မထင်မှတ်လောက်အောင်ခြေစွမ်းပြခဲ့ပြီး မြန်မာ့ဘောလုံးပရိသတ်တွေရဲ့နှလုံးသားအပြင် အင်ဒိုနီးရှားနိုင်ငံသား ၁၅နှစ်သားလူငယ်လေးတစ်ဦးကိုလည်း စွဲလန်းရူးသွပ်စေခဲ့ပါတယ်။ ကျော်ကိုကို ကို ဝီဘိုဝိုအားပေးလာတာ ရှစ်နှစ်ရှိပါပြီ။ လက်ရှိအချိန်အထိတော့ ကျော်ကိုကိုကလွဲပြီး သူ့ကို ဘယ်ဘောလုံးသမားကမှ မဆွဲဆောင်နိုင်သေးပါဘူး။

မြန်မာ ယူ-၂၃ အသင်းနဲ့ အောင်သူ ဘယ်တော့ ပူးပေါင်းမှာလဲ? 

 

ကျော်ကိုကို ပရိသတ်တစ်ယောက် ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု

အင်ဒိုနီးရှားလူငယ်လေးတစ်ဦးက မြန်မာတိုက်စစ်မှူးတစ်ယောက်ကို အားပေးနေရတာက တကယ်တော့ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ပတ်ဝန်းကျင်၊ သူငယ်ချင်းတွေအကြားမှာ ကျော်ကိုကို ကို အားပေးနေတဲ့ ဝီဘိုဝိုက လူထူးဆန်းတစ်ယောက်လိုဖြစ်နေပါတယ်။ “သူငယ်ချင်းတွေနဲ့တွေ့တိုင်း ကျွန်တော့် စံပြပုဂ္ဂိုလ်က ကျော်ကိုကို ဆိုတာကို သူတို့စသိတုန်းက အရမ်း အံသြခဲ့ကြတယ်။ မြန်မာဘောလုံးသမား တစ်ယောက်ကို ဘာလို့ အားပေးနေရတာလဲဆိုတာ သူတို့အမြဲမေးကြတယ်။ ဒါပေမယ့် ဘာလို့ ကျွန်တော် ကျော်ကိုကို ကို ကြိုက်နေလဲဆိုတာ သူတို့သိသွားပြီးလေ။ အင်ဒိုနီးရှားနဲ့မြန်မာတွေ့တိုင်း ကျော်ကိုကို့ခြေစွမ်းကို သူတို့မြင်ဖူးသွားတာကို….”

 

ကျော်ကိုကို ကို ဘယ်အချိန်အထိ အားပေးမှာလဲ

ဝီဘိုဝိုက ကျော်ကိုကို ကိုအားပေးလာတာ အသက် ၁၅နှစ်ကနေ ၂၃နှစ်အထိတိုင်အောင်ပါပဲ။ သူ့ဘဝထဲကို ကျော်ကိုကို ဝင်ရောက်လာတာ ရှစ်နှစ်လောက်ရှိနေပါပြီ။ သူက ကျော်ကိုကို ကို ဘယ်အချိန်အထိ ဆက်အားပေးနေမှာလဲ။ သူကိုယ်တိုင်ဆုံးဖြတ်ထားရဲ့လား။ “ကျွန်တော် သူကစားတာကြည့်ရတိုင်း အရမ်း စိတ်လှုပ်ရှားတယ်။ အခုထိုင်းလိဂ်ရောက်ပြီး ဒဏ်ရာရနေတယ်ဆိုတာသိရတော့ စိတ်မကောင်းဘူး။ လာမယ့် ဆူဇူကီးမှာ သူကစားတာကို မြင်ချင်တယ်။ ကျွန်တော် ကျော်ကိုကို ကို အမြဲအားပေးနေမှာပါ။ အချိန်အတိုင်းအတာဆိုတာထက် အမြဲအားပေးနေမယ်ဆိုတာကိုပဲ ပြောချင်ပါတယ်။”

ကျော်ကိုကို ကို အပြောချင်ဆုံးစကား

ဝီဘိုဝိုက ကျော်ကိုကို နဲ့အပြင်မှာ တစ်ကြိမ်ဆုံဖူးပါတယ်။ ၂၀၁၇တုန်းက မြန်မာအသင်း ဂျာကာတာမှာ အင်ဒိုနီးရှားအသင်းနဲ့ခြေစမ်းပွဲလာကစားတုန်းက ဝီဘိုဝိုက ကျော်ကိုကို ကို လေဆိပ်အထိသွားရောက်တွေ့ဆုံ ပြီး အမှတ်တရ ဓာတ်ပုံနဲ့ လက်ဆောင် ဂျာစီအကျီၤတစ်ထည်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီအခိုက်အတန့်က သူ့အတွက် ဘယ်တော့မှမေ့လို့မရတော့မယ့်ဖြစ်ရပ်တစ်ခုပါ။ အခုအချိန်မှာတော့ ကျော်ကိုကိုကြောင့်ပဲ ဝီဘိုဝိုဟာ မြန်မာသူငယ်ချင်းတွေအများကြီးရနေပါပြီ။ အခုအချိန်မှာ ကျော်ကိုကို အတွက် သူပြောချင်တဲ့ စကားတစ်ခွန်းကတော့….။ “သူကအရမ်းသဘောကောင်းတယ်။ အခုအချိန်မှာ သူ့ကိုပြောချင်တဲ့ စကားက သူနဲ့နောက်တစ်ကြိမ်ပြန်တွေ့ချင်ပါတယ်။”

သူက မြန်မာတော့မဟုတ်ဘူး။ ဒါပေမယ့် မြန်မာတိုက်စစ်မှူးကို အားပေးတယ်။ သူ မြန်မာဟုတ်၊ မဟုတ်က သူ့ရင်ထဲက အားကစားကို မြတ်နိုးတဲ့စိတ်ကို မထိခိုက်စေနိုင်ပါဘူး။ ဝီဘိုဝိုက တသက်လုံး ကျော်ကိုကို ပရိသတ်အနေနဲ့ဆက်ရှိနေဦးမှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က