ချေပဂိုးတွေ နောက်ကျခဲ့တာကြောင့် လိုအပ်နေတဲ့ တစ်ဂိုးကို ပြန်လည်ကြိုးပမ်းဖို့ အချိန်မလုံမလောက် ဖြစ်ခဲ့ရပါတယ်။

အာရှအားကစားပွဲတော်အတွက် ရည်ရွယ်ပြင်ဆင်တဲ့ ပွဲစဉ်ဖြစ်တာကြောင့် လူငယ်တွေကိုထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပြီး နားလည်မှုနဲ့ နည်း စနစ်ပိုင်းအံဝင်ဖို့တော့ များစွာ လိုအပ်ချက်တွေ ရှိနေပါတယ်။



 

Alpine Cup 2018 ပြိုင်ပွဲရဲ့ အဖွင့်နေ့မှာ အာဆီယံ နှစ်သင်းစလုံးရှုံးပွဲကြုံတွေ့ခဲ့တာခြင်းအတူတူ အိမ်ရှင် မြန်မာကတော့ ရှုံးချက်နာခဲ့ပါတယ်။

ပွဲအစ ၄မိနစ်မှာ အဖွင့်ဂိုးစတင်ပေးလိုက်ရတဲ့ မြန်မာအသင်းဟာ ကစားအား သိသိသာသာပြန်လည်မြှင့်တင် နိုင်ခြင်းမရှိပဲ တောင်ကိုရီးယား အသင်းအောက်ကသာ လိုက်ပါ ကစားမြဲ ကစားနေခဲ့ပါတယ်။

 

လူငယ်ကစားသမားအများစုနဲ့အတူ မျက်နှာသစ်ကစားသမားအချို့ကို အသုံးပြုခဲ့တာကြောင့် အခုလိုဂိုးပြတ်ရှုံးခဲ့ တာလို့ ယူဆရပါတယ်။

၂၁ မိနစ်အရောက်မှ ဒုတိယ ဦးဆောင်ဂိုး ထပ်ပေးလိုက်ရတော့ မြန်မာတွေရဲ့ စိတ်ဓာတ်က ပိုမို လျော့ကျလာခဲ့ တာကို အထင်းသားမြင်တွေ့ခဲ့ရပြီး တောင်ကိုရီးယား ယူ-၁၉ ကစားသမားတွေရဲ့ ကစားနှုန်းကို မယှဉ်နိုင် အောင်ကိုဖြစ်နေခဲ့ပါတယ်။

 

မိနစ် ၃၀ ကျော်သည်အထိ တောင်ကိုရီးယား ဂိုးပေါက်ကို တည့်တည့်မတ်မတ် ခြိမ်းခြောက်နိုင်ခြင်းမရှိခဲ့ပဲ ကွင်း လယ်မှာသာ အချိန်ကုန်ခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းရဲ့ ပိုင်နိုင်တဲ့ လူကပ်ကစားပုံတွေကြောင့် မြန်မာကစားသမားတွေ ဂိုးဧရိယာထဲ ဝင်မရ ဖြစ်နေလို့ အဝေးကန်ချက်တွေကို အသုံးပြုခဲ့ရာမှာလည်း အရာမထင်ခဲ့ပါဘူး။

 

အဲ့နောက် ၃၁ မိနစ်မှာ တောင်ကိုရီးယာားအသင်း တတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကတော့ နောက်ခံ လူတွေနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်းမှာ ၃-၀ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့တာကြောင့်  ဒုတိယပိုင်း ပြန်အစမှာ မြန်မာနည်းပြ အန်တွန်နီဟေး က အောင်သူ၊အီစိုးတို့ကိုထည့်သွင်းပြီး တိုက်စစ်မြှင့်တင်ခဲ့ပါတယ်။

တစ်ကယ်တမ်း ဂိုးထပ်ရသွားတာကတော့ တောင်ကိုရီးယား ယူ-၁၉ အသင်းဖြစ်ပါတယ်။ မြန်မာအသင်း အတွက် ပထမ ချေပဂိုးကိုတော့ ဒွေးကိုကိုချစ်က ၇၄မိနစ်မှာ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် မြန်မာအသင်းက တိုက်စစ်မှူး ဒွေးကိုကိုချစ်အစား လူငယ်ကစားသမား မြတ်ကောင်းခန့်ကို ထည့်သွင်းခဲ့ရာမှာတော့ ဝင်ဝင်ချင်းပင် ဒုတိယချေပဂိုးကို ၈၄ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။

ဒုတိယ ချေပဂိုးရသွားလို့ မြန်မာအသင်း အားတက်ပြီး ပြန်လည် စိတ်ဓာတ်မြင့်တင်ကစားခဲ့တာကြောင့် နာကျင်အချိန်ပို ၄ မိနစ်အရောက်မှာတော့ မြန်မာယူ -၂၃ အသင်းတတိယချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ဒီဂိုးကိုတော့ အောင်သူရဲ့ ပါးပါးနပ်နပ် ခေါင်းတိုက်ချပေးလိုက်တာကို ရန်နိုင်ဦးက အပိုင် ပိတ်သွင်းသွားတာ ဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့  ယနေ့ပွဲမှာ တောင်ကိုရီးယား ယူ-၁၉ အသင်းကို အဖက်ဖက်က အရေးနိမ့်ခဲ့ပြီး နည်းစနစ်ပိုင်းလည်း များစွာ အားနည်းနေခဲ့တာ တွေ့ရပါတယ်။

သို့သော်လည်း အဓိက ကစားသမားအများစု ဒုတယပိုင်းမှာ ဝင်ရောက်လာချိန်မှာတော့ မြန်မာအသင်း ဂိုးတွေဆက်တိုက်ရခဲ့တာကြောင့် မြန်မာ အသင်းအနေနဲ့ ယခုထက်ပိုတဲ့ ခြေစွမ်းကို လာမယ့်ပွဲတွေမှာ မြင်တွေ့နိုင်မလား စောင့်မျှော်ရမှာဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အစောပိုင်း ပေးဂိုးတွေ စောစောပေးလိုက်ရတာကလည်း ဒီနေ့ပွဲကို အရှုံးရလဒ် ထွက်ပေါ်စေခဲ့တာလည်း ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ဝါရင့်ကစားသမားများနဲ့ ခြံရံထားပေမယ့်လည်း လူငယ်တွေနဲ့ ဒီကစားသမားတွေကြား နားလည်မှု လုံး၀ ပျောက်ဆုံးနေတာကိုလည်း မကြာခဏ ဘောလုံးဆုံးရှုံးနေတာတွေကို မြင်တွေ့ရခြင်းနဲ့ သိနိုင်ပါတယ်။

ဒါကြောင့် နည်းပြသစ် အန်တွန်နီဟေး ကာလတိုအတွင်း မြန်မာအသင်းကို မကိုင်တွယ်နိုင်သေးဘူးဆိုတာ သိသာနေပြီး ဘယ်လောက်အချိန်ယူရမလဲဆိုတာ မေးခွန်းထုတ်စရာ  ဖြစ်လာခဲ့ပါပြီ။

မြန်မာအသင်းကတော့ လာမယ့် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာရှအားကစားပွဲတော်ကို ဝင်ရောက် ကစားမှာ ဖြစ်ပြီး အီရန်၊ဆော်ဒီ၊မြောက်ကိုရီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က