အမျိုးသမီးလိဂ်ကို လာမယ့် ဒီဇင်ဘာလမှာ ပြန်လည်စတင်ကျင်းပသွားမှာ ဖြစ်ပါတယ်။

အမျိုးသမီးလိဂ် ပေါ်ပေါက်လာပေမယ့်လည်း လူငယ်မျိုးဆက်သစ် ကစားသမားတွေ များများပွဲထွက် ပါဝင်ခွင့်မရသေးတာကြောင့် လာမယ့်နှစ် မှာ လူငယ်တွေ များများပွဲထွက်ခွင့်ရဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Photo - MWL

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပလျက်ရှိတဲ့ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကတော့ လက်ရှိအချိန်မှာ ၂ နှစ်ဆက် အောင်မြင်စွာ ကျင်းပြီးစီးနိုင်ခဲ့ပါပြီ။

အမျိုးသမီးလိဂ်ကို မြဝတီအသင်း နှစ်နှစ်ဆက် ဗိုလ်စွဲ 

လက်ရှိ အမျိုးသမီးလိဂ်မှာတော့ ပြိုင်ပွဲဝင်အသင်း ၈ သင်းရှိနေပြီး နှစ်ကျော့စနစ်နဲ့ ကစားနေစေခဲ့ရာမှာတော့ မြဝတီအမျိုးသမီးအသင်းက ၂ နှစ်ဆက် ချန်ပီယံ ဖြစ်ထားပါတယ်။

Photo - MWL

 

အမျိုးသမီးလိဂ်ကို မြန်မာနိုင်ငံမှာ စတင်ကျင်းပပြုလုပ်ပေးနေရခြင်းမှာ အနာဂတ်မှာ မျိုးဆက်သစ် အမျိုးသမီး လူငယ်ကစားသမားများစွာကို ကလပ်အသင်းတွေက မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပပေးနေတာ ဖြစ်ပေမယ့်လည်း လက်ရှိအချိန်ထိတော့ လူငယ်တွေ ကလပ်အသင်း မှာ များစွာ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။

ဒါကြောင့်လည်း မြန်မာ့လက်ရွေးစင် အမျိုးသမီး သက်တမ်းလိုက် ကစားသမားတွေဟာ ယနေ့အချိန်ထိ ရှားပါးနေသေးပြီး ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ လာမယ့်နှစ်မှာတော့ အမျိုးသမီးလိဂ်ကို ပိုကောင်းအောင် စီစဉ်ဆောင်ရွက်သွားမယ် လို့သိရပါတယ်။

Photo - MWL

 

" ကျွန်တော်တို့ လိဂ်ကို ပိုကောင်းအောင်လုပ်ဆောင်ဖို့ အစီအစဉ်တွေရှိပါတယ်။နောက်ပြီး ကလပ်အသင်းတွေကနေလည်း သက်တမ်းလိုက် အသင်းတွေ ထွက်ပေါ်လာပြီး သက်တမ်းလိုက် အမျိုးသမီးလိဂ်ပြိုုင်ပွဲလည်း ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားပါမယ်။နောက်ပြီး လက်ရှိ လိဂ် ပြိုင်ပွဲမှာ လူငယ်ကစားသမားတွေ ပွဲထွက်ပါဝင်ခွင့်ရပြီး အတွေ့အကြုံ ရရှိရေးအတွက်လည်း လာမယ့်နှစ်မှာ ဆောင်ရွက်သွားဖို့ရှိပါတယ်။" လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

ကလပ်အသင်းတွေအနေနဲ့ အသင်းအောင်နိုင်ရေးအတွက် စီနီယာ ကစားသမားအများစုကို အားကိုးနေရတာကြောင့် လူငယ်ကစားသမားလေး တွေအနေနဲ့ လိဂ်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကိုလည်း ဦးကိုကိုသိန်းက ထောက်ပြပြောခဲ့ပါသေးတယ်။

ဒါကြောင့် လာမယ့်နှစ်မှာတော့ တစ်သင်းမှာ မဖြစ်မနေ လူငယ်ကစားသမား ဘယ်နှစ်ဦးကနေ ဘယ်နှစ်ဦးကို ပွဲစဉ်အတွင်း ထည့်သွင်းအသုံးပြု ရမယ်ဆိုတဲ့ စည်းမျဉ်းကို ချမှတ်ဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ဦးကိုကိုသိန်းက ဆိုပါတယ်။

" လူငယ်တွေ အတွေ့အကြုံရဖို့ ပွဲကစားခွင့်များများရဖို့က လောလောဆယ် လူငယ်လိဂ်တွေ ထပ်တိုးမလုပ်ဆောင်နိုင်သေးတဲ့အချိန်မှာ အခုလိုပဲ မဖြစ်မနေ ထည့်သုံးပေးရမယ်ဆိုတဲ့ စည်းမျဉ်းကို ချမှတ်ဆောင်ရွက်ဖို့တော့လိုပါတယ်။ဒါကိုလည်း ကျွန်တော်တို့အနေနဲ့ လာမယ့် အမျိုးသမီး လိဂ်ကော်မတီ အစည်းအဝေးမှာ ဆွေးနွေးအတည်ပြုသွားဖို့ရှိပါတယ်။" လို့ ဦးကိုကိုသိန်းက ဆက်လက်ပြောပါတယ်။

အမျိုးသမီးလိဂ်ကိုတော့ လက်ရှိမှာ ဝန်ကြီးဌာနအသင်းတွေက ကလပ်အသင်းတွေ တည်ထောင်ပြီး ပါဝင်ကစားပေးနေတာ ဖြစ်ကာ မြန်မာနေ ရှင်နယ်လိဂ် ကလပ်အသင်းအဖြစ် ဇွဲကပင်ယူနိုက်တက်နဲ့ မြဝတီအသင်းတွေသာ ပါဝင်ကစားနေပါတယ်။

မြန်မာအမျိုးသမီးလိဂ်ကိုတော့ လာမယ့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ ပြန်လည်စတင်ကျင်းပသွားနိုင်ရေး ဆောင်ရွက်သွားမယ်လို့လည်း သိရ ပါတယ်။

Share

Loading Next Article...
က္က