ဟွန်ဒါက ကမ္ဘောဒီးယားနည်းပြအဖြစ် တာဝန်ယူနေတာပါ။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာ ဂျပန်နာမည်ကျော် ဘောလုံးသမား ကီဆူကီဟွန်ဒါဟာ ကမ္ဘောဒီးယား လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကို တာဝန်ယူခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမှာတော့ အံ့အားသင့်စရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ဟွန်ဒါအနေနဲ့ ကစားသမားဘဝက အနား မယူခင်အတွင်းမှာ နည်းပြတစ်ဦးအဖြစ် ပူးတွဲလုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ဟွန်ဒါဟာ ကမ္ဘောဒီယားအသင်းနဲ့အတူ ပထမဆုံးလေ့ကျင့်မှုတွေကို ပြုလုပ်နေပြီ ဖြစ်ပါတယ်။



 

လက်ရှိမှာတော့ ဟွန်ဒါဟာ သြစတြေးလျလိဂ် မဲလ်ဘုန်းစီးတီးအသင်းမှာ ကစားနေသူ ဖြစ်ပါတယ်။ ဟွန်ဒါဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော် ဖနွမ်းပင်မှာ သူကိုယ်တိုင်ဦးစီးဖွင့်လှစ်ထားတဲ့ ဘောလုံးအကယ်ဒမီတစ်ခုရှိပြီး ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေစဉ် အတောအတွင်းမှာလည်း ဟွန်ဒါဟာ အသင်းသားတစ်ဦးအဖြစ် ပါဝင်ကစားပြီး ကစားသမားတွေကို လေ့ကျင့်မှုတွေ ပြုလုပ်ပေးနေခဲ့ပါတယ်။ ဒါဟာ ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ ချန်ပီယံလိဂ်လို ပြိုင်ပွဲမှာ ဝင်ရောက်ကစားဖူးခဲ့တဲ့ ကစားသမားတစ်ယောက်ဆီကနေ ကမ္ဘောဒီးယားအသင်းဟာ အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေ ရရှိမှာ ဖြစ်ပါတယ်။

 

ဟွန်ဒါဟာ နိုင်ငံတကာပြိုင်ပွဲ အတွေ့အကြုံရင့် ကစားသမားတစ်ဦးလည်းဖြစ်ပြီး ဂျပန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအထိပါ ဝင်ရောက်ကစားခဲ့သူ ဖြစ်ပါတယ်။ နည်းပြဘဝကို ကမ္ဘောဒီးယားအသင်းနဲ့အတူ အစပျိုးခဲ့ပြီးနောက်မှာ ကမ္ဘောဒီးယားအသင်းရဲ့ အနေအထားအပေါ်ကို အားလုံးက သတိပြုအာရုံစိုက်လာခဲ့ကြပါတယ်။ ကြေးနီရောင်ဆံပင်နဲ့ ပရိသတ်သတိထားမိခဲ့တဲ့ ကစားသမား တစ်ယောက်ဟာ အာဆီယံဒေသတွင်းက ဘောလုံးအဆင့်အတန်း နိမ့်ပါးနေတဲ့ ကမ္ဘောဒီးယားအသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့လက်ထက်မှာ ခမာလို့ အများစုကလည်း ခေါ်ဝေါ်နေခဲ့တဲ့ ကမ္ဘောဒီးယားအသင်းဟာ ဘယ်လောက်ထိ တိုးတက်လာမှာလဲလို့ အားလုံးက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပြီး မေးခွန်းထုတ်နေခဲ့ကြပါပြီ။

Photo : AFC

 

ဟွန်ဒါဟာ မဲလ်ဘုန်းစီးတီးအတွက် ပွဲသွားရောက်ကစားနေတဲ့ အချိန်မှာတော့ ကမ္ဘောဒီးယားအသင်းကို အွန်လိုင်းကတဆင့် ဗီဒီယိုနဲ့ ညွှန်ကြားပြသမှုတွေ ပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဟွန်ဒါရဲ့ ပွဲဦးထုတ်ပွဲစဉ်ကိုတော့ မလေးရှားအသင်းနဲ့ စတင်ကစားရမှာဖြစ်ပြီး ခြေစမ်းပွဲ အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ ဟွန်ဒါအတွက် အဓိကပြိုင်ပွဲအဖြစ် အနီးစပ်ဆုံးရှိနေခဲ့တာကတော့ အာဆီယံဆူဇူကီး ပြိုင်ပွဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာဆိုရင်တော့ ကမ္ဘောဒီးယားအသင်းဟာ အုပ်စု (က)မှာ လာအို၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Photo : Agencia EFE

 

ဟွန်ဒါကတော့ သူ့ရဲ့ အသင်းကို ပင်ကိုယ်ကစားဟန်တစ်ခု သွတ်သွင်းပြီး အခိုင်အမာတည်ဆောက်ပေးနိုင်ဖို့က အဓိကရည်မှန်းချက် ဖြစ်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ နောက်ထပ် ထူးခြားချက်တစ်ခုကတော့ ဟွန်ဒါဟာ ကမ္ဘောဒီးယားအသင်းကို စေတနာ့ဝန်ထမ်း သဘောမျိုးနဲ့ ကိုင်တွယ်ပေးနေတာဖြစ်ပြီးတော့ အကျိုးခံစားခွင့် တစ်စုံတစ်ရာ ရယူမှုမရှိဘူးလို့ သိရပါတယ်။ အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး "ကမ္ဘောဒီးယားအသင်းရဲ့ ဘောလုံးကစားနေတဲ့ ပုံစံတွေကို တိုးတက်အောင် ကျွန်တော် ကူညီနိုင်ပါလိမ့်မယ်" လို့ ဟွန်ဒါက စာချုပ်ချုပ်ဆို အပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ ဒီပြောစကားအပေါ်မှာ ကြည့်မယ်ဆိုရင်တော့ ဟွန်ဒါအနေနဲ့ ကမ္ဘောဒီးယား အသင်းကို အခြေခံကစပြီး ကျေညက်နေအောင် လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပြီး ဆုဖလားတွေအတွက် မျှော်လင့်မှုကို နောက်ဆုတ် ထားတယ်လို့ ခန့်မှန်းရပါတယ်။ မှန်ကန်စနစ်ကျတဲ့ ကစားဟန်တစ်ခုကို တည်ဆောက်ပေးသွားဖို့သာ ဟွန်ဒါက အာရုံစိုက်နေဟန်ရှိပါတယ်။

Photo : Kyodo News

 

အာဆီယံဒေသတွင်းမှာ ထိပ်သီးအသင်းအဖြစ် ရပ်တည်နေခဲ့တဲ့ ထိုင်းအသင်းဟာ ကိုယ်ပိုင်ကစားဟန်တစ်ခုကို အခိုင်အမာ တည်ဆောက် နိုင်ခဲ့ပြီးနောက် အာရှအဆင့်ကို တဖြည်းဖြည်းချင်း ထိုးဖောက်နေခဲ့ပြီ ဖြစ်ပါတယ်။ ထိုင်းဘောလုံးအဖွဲ့ချုပ်ရဲ့ လမ်းကြောင်းဟာ မှန်ကန်မှု ရှိနေခဲ့ပြီး ထောက်ပံ့ပေးမှုတွေကလည်း လိုလေသေးမရှိဖြစ်ခဲ့တာမို့ ထိုင်းအသင်းရဲ့ ကစားဟန်နဲ့ခြေစွမ်းပိုင်းဟာ အားလုံးက လေးစားရတဲ့ အဆင့်တစ်ခု၊ အနေအထားတစ်ခုကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ထိုင်းအသင်းရဲ့ ပုံစံကို အတုယူပြီး လက်ရွေးစင်အသင်းရဲ့ အခြေအနေကို အသစ်ပျိုးထောင်ဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ စတင်ပြီး လုပ်ဆောင်နေပြီလို့ ယူဆရပါတယ်။

Photo : news4europe

 

ဟွန်ဒါဟာ ကမ္ဘောဒီးယားအသင်းရဲ့နည်းပြရာထူးကို မရယူခင်မှာ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ကမ္ဘောဒီးယားကို ပြန်လာမယ်လို့ ရေးသားခဲ့ပြီး "အရေးကြီးတဲ့ ကြေငြာမှုတစ်ခုကို ပြုလုပ်ဖို့ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ ဟွန်ဒါ နည်းပြအဖြစ် တရားဝင် သဘောတူညီမှု အပြီးမှာတော့ ကမ္ဘောဒီးယားပရိသတ်တစ်ဦးက "ဘုရားသခင်! မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီကိုလာပြီး ငါတို့ နိုင်ငံရဲ့ လက်ရွေးစင်အသင်းတိုးတက်အောင် ကူညီပေးပါ" လို့ ပြန်လည်ရေးသားပြီး ဟွန်ဒါကို ကြိုဆိုခဲ့ပါတယ်။ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် (၁၆၆) နေရာမှာ ရပ်တည်နေခဲ့ရတဲ့ ကမ္ဘောဒီးယားအသင်း၊ ၁၉၇၂ ခုနှစ် အာရှဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့တာ အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ ကမ္ဘောဒီးယားအသင်းအတွက်တော့ ဟွန်ဒါ နည်းပြဖြစ်လာမှုနဲ့အတူ အောင်မြင်မှုအစပျိုးဖို့ မျှော်လင့်ချက်တွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

 

ကမ္ဘောဒီးယားဘောလုံးအဖွဲ့ချုပ် ဥက္ကဌ Sao Sokha ကလည်း "နိုင်ငံတကာအတွေ့အကြုံရင့် စူပါစတားတစ်ယောက်ဆီကနေ အတွေ့အကြုံတွေ ရရှိမှာပါ၊ သူ့ရဲ့ ကူညီမှုကြောင်လည်း ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေ နည်းစနစ်ပိုင်းမှာ တိုးတက်မှုရှိလာဖို့ မျှော်လင့်နိုင်ပါပြီ၊ ပြီးတော့ ဆိုးရွားနေခဲ့တဲ့ ကမ္ဘောဒီးယားအသင်းရဲ့ ရလာဒ်တွေ ပိုမိုကောင်းမွန်လာဖို့ ကျွန်တော်တို့မှာ ယုံကြည်မှုတွေ ရှိလာခဲ့ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဟွန်ဒါအနေနဲ့ ကမ္ဘောဒီးယားအသင်းကို ဘယ်လောက်ထိ တိုးတက်လာအောင် လုပ်ဆောင်ပေးနိုင်မလဲ၊ ကမ္ဘောဒီးယားအသင်းကရော အရင်တုန်းကလို အာဆီယံဒေသရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံးနိုင်ငံ အဖြစ်ကနေ ရုန်းထွက်လာနိုင်တော့မှာလားဆိုတာကိုတော့ သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က