(၁၀)နှစ်အတွင်း မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ဒေသတွင်းက အာဆီယံချန်ပီယံရှစ်နဲ့ ဆီးဂိမ်းတို့မှာ အောင်မြင်မှု လုံးဝမရရှိထားပါဘူး။

ပရော်ဖက်ရှင်နယ် ခရီး (၁၀)နှစ်တာနဲ့ ပရော်ဖက်ရှင်နယ် ခရီး စတင်မလှမ်းခင် (၁၀)နှစ်တာ ကာလက အခြေအနေတွေကို နှိုင်းယှဉ်ကြည့်ခဲ့တာ သာ ဖြစ်ပြီး မြန်မာ့ဘောလုံးလောက ရွှေခေတ်အမြန်ဆုံးရောက်ပါစေလို့ ဆန္ဒ ပြုအပ်ပါတယ်။



Photo - MNL

 

မနက်ဖြန်ဆိုရင် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကြီး ကျင်းပလာခဲ့တဲ့ (၁၀) နှစ်တင်းတင်းပြည့်မြောက်သွားခဲ့ပါပြီ။ ၁၀ နှစ်ဆိုတဲ့ အချိန်ကာလ တစ်ခု  က သံသရာနဲ့တွက်ရင်မကြာပေမယ့် ဘောလုံးလောကတစ်ခုနဲ့တွက်ရင်တော့ ကစားသမားတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးနီးပါးပါပဲ။

ဘောလုံးဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ပရော်ဖက်ရှင်နယ်လိဂ်ဆိုတာ ဒီကနေ့ခေတ်မှာရှိစမြဲပါပဲ။ဒါကြောင့် မြန်မာနိုင်ငံကလည်း ဘောလုံး လောက ဖွံ့ဖြိုးတိုးတက်စေမယ့် ရည်ရွယ်ချက်နဲ့ လိဂ်ကို စတင်လာလိုက်တာ အခုဆိုရင် ၁၀ နှစ်ပြည့်ခဲ့ပါပြီ။

Photo - Pascal Della Zuana photographer

 

လိဂ်ရှိလာတော့ ကစားသမားတွေ ပွဲတွေပိုကစားလာရပြီ၊လစာငွေတွေရလာပြီ၊နိုင်ငံခြားသားတွေနဲ့ အမြဲတမ်း နီးနီးကပ်ကပ် ကစားနိုင်ခဲ့ပြီ ဖြစ် သလို ရင်ဘောင်တန်းလည်း ကစားလာနိုင်ခဲ့ပြီ စတဲ့ အကျိုးကျေးဇူးတွေ ဘောလုံးသမားတွေ ရရှိလာခဲ့ပါတယ်။။

လိဂ်မရှိခင်တုန်းကတော့ ဘောလုံးနဲ့ အသက်မွေးဝမ်းကြောင်း မပြုနိုင်လို့ မိဘတွေက ဘောလုံးကစားမယ်ဆိုရင် ခွင့်မပြု၊ကန့်ကွက်ခဲ့ကြ၊အခုဆို ရင် အကယ်ဒမီ သင်တန်းကျောင်းတွေ အပါအဝင် ၊ရန်ကုန်ယူနိုက်တက်က လစဉ် ဖွင့်လှစ်တဲ့ ဘောလုံးသင်တန်းတွေ အပြင် အခြားသော က လပ်အသင်းတွေရဲ့ နှစ်စဉ် လူငယ်ရွေးချယ်ရေးတွေကြောင့် ရပ်ကွက်တွေ၊မြို့နယ်တွေက ရွက်ပုန်းသီးဘောလုံးသမားလေးတွေ ဘောလုံးသမား ဖြစ်ခွင့်က အရင်ကထက် ပိုလွယ်လာခဲ့ပါတယ်။

Photo - Goal.com

 

အခြားတစ်ဖက်က ကြည့်မယ်ဆိုရင်တော့ လိဂ်ကနေ မြန်မာ့လက်ရွေးစင် ကစားသမား ဖြစ်ခွင့်ရှိလာတယ်၊ကြိုးစားရင် ကြိုးစားသလို နေရာရ မယ်၊မကြိုးစားရင် နေရာမဘူး စတဲ့ ပရော်ဖက်ရှင်နယ် အခွင့်အရေးတွေ ရလာပြီလို့ ယူဆနိုင်ပါတယ်။

မြန်မာနေရှင်နယ်လိဂ်ကြီးကို ၂၀၀၉ ခုနှစ်မှာ ကလပ်အသင်း ၈ သင်းနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး သုဝဏ္ဏကွင်းမှာ တစ်ကွင်းတည်း စတင်ကစားခဲ့ရာမှာတော့ ရတနာပုံအသင်းက ပထမဆုံး ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဒုတိယနှစ်မှာတော့ ရန်ကုန်နဲ့ မန္တလေးမှာ နှစ်ကွင်းခွဲပြီး နှစ်ကျော့စနစ်နဲ့ပဲ ဆက်လက်ကစားစေခဲ့ပြန်ပါတယ်။

Photo - Getty Images

 

အဲ့ဒီနောက် တောင်ကြီးကွင်း၊မုံရွာကွင်း စတဲ့ ဘောလုံးကွင်းတွေ တစ်ဖြည်းဖြည်း ပေါ်ပေါက်လာခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်ကြီး အောင်မြင်စ ပြုလာခဲ့ပြီလို့ ယူဆချိန် ၂၀၁၃ ခုနှစ်တုန်းကပေါ့။

မြန်မာနိုင်ငံမှာ မလုပ်ဖြစ်တော့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်ကြီးကို အိမ်ရှင်အဖြစ် ကျင်းပပြု လုပ်ခဲ့ပါတယ်။

Photo - The Irrawaddy

 

ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာဘောလုံးအသင်းဟာ တစ်ချိန်က အောင်မြင်မှု သရဖူဆောင်းခဲ့ဖူးပေမယ့် နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှုနဲ့အလှမ်း ဝေးခဲ့တာကြောင့် အခုလို ပရော်ဖက်ရှင်နယ်လိဂ်ကလည်း စတင် ထွန်းကားလာချိန်၊အိမ်ရှင်အဖြစ်ကလည်း လုပ်ချိန်ဆိုတော့ တစ်နိုင်ငံလုံးက ဘောလုံးဝါသနာရှင်တွေအားလုံးက ဒီနှစ်ဟာ မြန်မာ့ဘောလုံးလောကအတွက်တော့ ရွှေခေတ်ကို ပြန်ရောက်တော့မယ့်နှစ်လို့ တစ်ထစ်ချ ယူဆ နေကြချိန်ဖြစ်ပါတယ်။

ကံအားလျော်စွာပဲ မြန်မာအသင်းက ဆီးဂိမ်းမှာ အုပ်စုတောင်မကျော်နိုင်ပဲ ထွက်ခဲ့ရတော့ ခဲလေသမျှ သဲရေကျခဲ့ပြီး တစ်နိုင်ငံလုံး ဘောလုံးကို စိတ်နာသွားလားအောင့်မေ့ရလောက်အောင် ၂၀၀၉၊၂၀၁၀၊၂၀၁၁၊၂၀၁၂ တုန်းက ကွင်းပြည့်လျှံပြည့် ကလပ်အသင်းတိုင်းလိုလိုကို အားပေးကြ တဲ့ မြန်မာ့ဘောလုံးပရိသတ်တွေ ရှာလို့မတွေ့လောက်အောင်ပဲ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီအချိန်ကတည်းက မြန်မာနေရှင်လိဂ်ဟာ ပရိသတ် ကျို့တို့ကျဲတဲနဲ့ ကျင်းပလာတာ ဒီကနေ့မှာတော့ ၁၀ နှစ်ဆိုတဲ့ သက်တမ်းကို ရောက်ရှိလို့ လာခဲ့ပါပြီ။

မှန်ပါတယ်၊ အပျော်တမ်းအဆင့်နဲ့ ပရော်ဖက်ရှင်နယ်ကြားမှာ များစွာ ကွာခြားသလို ခြေစွမ်းအဆင့်အတန်းကအစ ကွာခြားကြပါတယ်။ဒီလိုပဲ အောင်မြင်မှုကလည်း များစွာ ကွာခြားပါတယ်။

ဒီတော့ အပျော်တမ်းတုန်းကနဲ့ ပရော်ဖက်ရှင်နယ်ဆိုတဲ့ နှစ်ခုကြားမှာ မြန်မာ့ဘောလုံးလောက ဘယ်လောက်တိုးတက် အဆင့်မြင့်ခဲ့လဲဆိုတာကို ကျွန်တော်တို့ လေ့လာ အကဲဖြတ်ဖို့တော့ လိုပါပြီ။

 

လိဂ်စတင်ခဲ့တဲ့ ၂၀၁၀ ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဗီယက်နမ်ကို ၇-၁ ဂိုးနဲ့ရှုံးပြီး အုပ်စုကထွက်တယ်၊အဲ့နောက် ၂၀၁၁ ဆီးဂိမ်းမှာ တတိယနေရာပြန်ယူတယ်။ ၂၀၁၂ ဆူဇူကီးမှာ အုပ်စုကပြန်ထွက်တယ်၊တစ်ဆက်တည်းပဲ ၂၀၁၃ အိမ်ရှင်ဆီးဂိမ်းမှာ အုပ်စုကထပ်ထွက်တယ်၊၂၀၁၄ မှာလည်း အုပ်စုကထပ်ထွက်တယ်၊၂၀၁၅ မှာတော့ ဆီးဂိမ်းဗိုလ်လုပွဲထိ ပြန်လည်တက်လှမ်းပြတယ်၊၂၀၁၆ ဆူဇူကီး အိမ်ရှင်အဖြစ် ပထမဆုံးလုပ်တယ်၊ဆီမီးဖိုင်နယ်ကို တက်ပေမယ့် မြန်မာအသင်းရဲ့ ခြေအဆင့်အတန်းက အုပ်စုက တက်နိုင်ရုံလောက်ပဲ ဆိုတာ သိသာခဲ့တယ်။ ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ ဆီမီးတက်တယ်၊ဒါပေမယ့် တက်တယ်ဆိုရုံပဲ။ ဒါတွေကတော့ ဒေသတွင်းက အဓိက ပြိုင်ပွဲ နှစ်ရပ်ကို ပရော်ဖက်ရှင်နယ် အသွင်းကူးပြောင်းလာပြီး ယှဉ်ပြိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက်ကို ချင့်ချိန်ကြည့်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကြားထဲမှာ ၂၀၁၄ ခုနှစ်တုန်းက ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖိတ်ခေါ်ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ပါသေးတယ်။အဲ့ဒီပွဲက ၂ ပွဲတည်း ကစားရတာ ဖြစ်ပြီး ကစားခဲ့ရတဲ့ အသင်းတွေက ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတွေ ပဲ ဖြစ်ပါတယ်။အဲ့ဒီတုန်းကတော့ နည်းပြ အေဗရာမိုဗစ် နဲ့အတူ ဖိလစ်ပိုင် ငြိမ်းချမ်းရေး ဖလားကိုတော့ ရယူနိုင်ခဲ့ပေမယ့် ဒါက မြန်မာ့လက်ရွေးစင်အသင်း ရှာဖွေနေတဲ့ ရွှေတံဆိပ်ဆုကြီးတော့ မဟုတ် ပါဘူး။

Photo - Fullcourtfresh.com

 

အဲ့ဒီနောက်မှာတော့ ဘရူနိုင်း ဖိတ်ခေါ်ဖလားပြိုင်ပွဲကို ယူ-၁၉ အသင်းနဲ့ ပါဝင်ကစားပြီး ရွှေတံဆိပ်ရလာပြန်တယ်။အဲ့ဒီနောက် အာရှ ယူ-၁၉ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပပြီး ၂၀၁၅  ယူ-၂၀ ကမ္ဘာ့ဖလားဝင်ခွင့်ရအောင် ကြိုးစားခဲ့တယ်။

ကြိုးစားခဲ့တဲ့အတိုင်းပဲ ကမ္ဘာ့ဖလားတော့ ဝင်ခွင့်ရတယ်၊ပွဲတိုင်းရှုံးပြီး ပြန်လာရတယ်၊အတွေ့အကြုံနဲ့ သမိုင်းမှတ်တမ်းတစ်ခုတော့ရတယ်။ ကျန် တာတော့ ဘာမှ မရပဲ ပြန်လာရတယ်။

Photo - Getty Images

 

တစ်ကယ်တမ်းတွေးကြည့်ရင် ကျွန်တော်တို့ လိုချင်တာ ဝင်ခွင့်လား၊ရွှေတံဆိပ်ဆုလား ဒီနှစ်ချက်ကိုတော့ ကွဲကွဲပြားပြားသိအောင် လုပ်ဖို့တော့ လိုပါတယ်။

အာဆီယံမှာတော့ ရွှေတံဆိပ်နား ကပ်နိုင်ဖို့ ပြိုင်ပွဲတိုင်းကို ကြိုးစားနေရချိန်မှာ အခြားသော အာရှအဆင့်၊ကမ္ဘာ့အဆင့်ဝင်ခွင့်တွေကို ကျော်ဖြတ် ရယူနေတာက ပရိသတ်တွေ ကျေနပ်နိုင်မယ့် အချက်လားဆိုတာ အဖြေရှာဖို့လိုပါပြီ။

အခုနတုန်းက လိဂ်အကြောင်းပြောတဲ့ဖက်ကို ပြန်သွားရရင် လိဂ်ဖြစ်တည်လာတဲ့ ၁၀ နှစ်အတွင်းမှာ မြန်မာအသင်းအတွက် အဓိက ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ် တစ်ခုမှ မတွေ့ခဲ့ရဘူး။ဒါဆို လိဂ်မရှိခင်က မြန်မာ့ဘောလုံးအဆင့်အတန်းက ဘယ်လိုရှိခဲ့လဲ။ဒီလို ပြောလို့ ကျွန်တော် ၁၉၆၆ ခုနှစ်တုန်းက အာရှအားကစားပွဲတော်မှာ ရွှေရတဲ့ အကြောင်းတွေကို ပြန်ပြောမှာတော့ မဟုတ်ပါဘူး။

Photo - Getty Images

 

၂၀၀၀ ခုနှစ်ဝန်းကျင်ကနဲ့ပဲ လိဂ်မရှိခင် ၁၀ နှစ်ဝန်းကျင်ကို နှိုင်းယှဉ်ကြည့်မှာပါ။ ၂၀၀၄ ခုနှစ်ကနေ စပြောရရင် အဲ့ဒီနှစ်မှာ မြန်မာအသင်း ဆူဇူ ကီးဖလား(ယခင် တိုက်ဂါးဖလား) ပြိုင်ပွဲကို ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပါတယ်။ဒါပေမယ့် အဲ့တုန်းက မြန်မာအသင် းဆီမီးဖိုင်နယ်မှာရှုံးတာ အခု ၂၀၁၆ ဆီမီးဖိုင်နယ်မှာ လို ထိုင်းအသင်းက မြန်မာကို ပေးဂိုးတစ်ဂိုးတောင်မပေးပဲ လွယ်လွယ်ကူကူနဲ့ ဗိုလ်လုပွဲကို ပေးတက်ခဲ့ရတဲ့ အဖြစ်မျိုးတော့ မဟုတ်ဘူး။

စင်ကာပူအသင်းက အဲ့တုန်းက မွေးစားသားတွေစသုံးနေတဲ့အချိန် ကပ္ပလီ၊နီကတိုးတွေနဲ့ စင်ကာပူအသင်းကို မြန်မာကစားသမားစစ်စစ်တွေနဲ့ မြန်မာအသင်းက မာမာထန်ထန်တုံ့ပြန်ပြီးသူတင်ကိုယ်တင်ကစားခဲ့တာပါ။

Photo - Getty Images

ဒါကိုလည်း ဒီပွဲကို ကြည့်ရှုခဲ့ဖူးတဲ့ ပရိသတ်တွေ ကောင်းကောင်းမှတ်မိမှာပါ။ဗိုလ်လုပွဲကိုရောက်ဖို့ စင်ကာပူအသင်းဟာ နည်းမျိုးစုံသုံးပြီး မြန်မာ အသင်းကို ကစားခဲ့ရပါတယ်။  မြန်မာ ကစားသမားတွေရဲ့ Fair Play ကစားပုံအားနည်းတာကို စင်ကာပူအသင်းက အခွင့်ကောင်းယူပြီး ကွင်း လယ်ဒိုင်ရဲ့ မျက်နှာသာမပေးခဲ့မှုတွေကြောင့်သာ မြန်မာအသင်းဟာ စင်ကာပူအသင်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ ဒီအချိန် ဆီမီးဖိုင်နယ်လိုမျိုး ပြိုင်ဖက်က လွယ်လွယ်ကူကူ အနိုင်ယူခဲ့တဲ့ မြန်မာအသင်းတော့ မဟုတ်ခဲ့ပါဘူး။ အဲ့လိုပဲ ၂၀၀၇ ထိုင်းဆီးဂိမ်း ကို ဆက်ကြည့်လိုက်မယ်ဆိုရင် မြန်မာအသင်းဟာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပြန်ပါတယ်။

အုပ်စုတွင်းမှာ အိမ်ရှင်ထိုင်းကို သူတင်ကိုယ်တင်ကစားပြီး ၂-၃ ဂိုးနဲ့ရှုံးတယ်၊အင်ဒိုနီးရှားကို ဂိုးမရှိသရေကစားပြီး ကမ္ဘောဒီးယားကို ၆-၂ ဂိုးဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့အနိုင်ယူကာ ဂိုးကွာခြားချက်အသာနဲ့ ဆီမီးဖိုင်နယ်ကို တက်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်နဲ့အကြိတ်အနယ်ကစားပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ နိုင်ခဲ့တာပါ။ဗိုလ်လုပွဲမှာလည်း ထိုင်းအသင်းနဲ့ အကြိတ်အနယ် ကစားပြီး ပထမပိုင်းက ပေးလိုက်ရတဲ့ ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

Photo - Getty Images

 

၂၀၀၈ ဆူဇူကီးဖလားပြိုင်ပွဲမှာတော့ မြန်မာအသင်း အုပ်စုကထွက်ခဲ့ရပါတယ်၊ အဲ့နောက် လိဂ်စတင်တဲ့ ၂၀၀၉ လာအိုဆီးဂိမ်းမှာလည်း အုပ်စုက ထပ်ထွက်ခဲ့ရပြီး ဒီနှစ် အပိုင်းအခြားတွေတော့ ပြောပြထားပြီး ဖြစ်ပါတယ်။

ဒီကြားထဲမှာ ပြောဖို့ တစ်ခုမေ့ခဲ့တာက ၂၀၀၆ ခုနှစ်မှာ နည်းပြချုပ် ဦးဆန်းဝင်း(ကွယ်လွန်) ဦးဆောင်တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ မလေးရှားနိုင်ငံက ဖိတ်ခေါ်ကျင်းပတဲ့ မာဒေးကားဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပြီး ချန်ပီယံ ရွှေတံဆိပ် ရယူနိုင်ခဲ့ပါတယ်။

Photo - Getty Images

 

ဒီတော့ လိဂ် မပေါ်ပေါက်ခင် ၁၀ နှစ်နဲ့ လိဂ်ပေါ်ပေါက်ပြီး ၁၀ နှစ်အတွင်းမှာ မြန်မာ့ဘောလုံးလောကရဲ့ အရွှေ့က ဘယ်လောက်ထိ ရွှေ့ခဲ့လဲ၊ ဘာတွေ ပြောင်းလဲခဲလဲ ဆိုတာ ပရိသတ်တွေ သိမြင်နိုင်ပြီလို့ ယူဆပါတယ်။

မြန်မာနေရှင်နယ်လိဂ်က မြန်မာနိုင်ငံမှာ မဖြစ်မနေ ရှိသင့်တဲ့ အရာတစ်ခုပါ၊ ဒါပေမယ့် လိဂ်ရဲ့ တန်ဖိုး၊လိဂ်ရဲ့ အဆင့်အတန်းနဲ့ လိဂ်ကြောင့် ရရှိ လာမယ့် အကျိုးကျေးဇူးတွေကတော့ လိဂ်မရှိခင်က အချိန်နဲ့ သိသာကွာဟလာခြင်းမရှိသေးဘူးဆိုရင်တော့ လိဂ်ကို အောင်မြင်တယ်လို့ မဆိုနိုင် ပါဘူး။

ဘောလုံးမှာ အောင်မြင်မှုနဲ့ မအောင်မြင်မှုကို အဲ့နိုင်ငံရဲ့ လက်ရွေးစင်အသင်း ဘယ်လောက်ထိ အောင်မြင်မှု ရနေပြီလဲဆိုတာနဲ့ပဲ တိုင်းတာ တယ်လို့စာရေးသူ ယူဆပါတယ်။

အခြားသော ငွေကြေးလမ်းကြောင်းတွေ၊နိုင်ငံတကာ ဝင်ခွင့်လမ်းကြောင်းတွေ၊အိမ်ရှင်လုပ်ခွင့်တွေ၊စတာတွေနဲ့ တိုင်းတာတာတွေလည်း ပါဝင်မယ်လို့ မသိပါဘူး။ ပရိသတ်တွေကလည်း ဒါတွေမသိပါဘူး၊သိချင်မယ်လို့လည်း မထင်ပါဘူး။ပရိသတ်တွေ သိချင်တာက မြန်မာ့လက်ရွေးစ င်အသင်းတွေ အာဆီယံ ဆူဇူကီးနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ဘယ်တော့ ရွှေ့ရမလဲဆိုတာပဲ သိချင်တာပါ။ဒီအချက် နှစ်ချက်ပေါ်မှာပဲ ရွှေရမလား ၊မရဘူး လားဆိုတဲ့အပေါ်မှာပဲ မြန်မာအသင်းတွေကို အာရုံစိုက် အကဲဖြတ်ပေးသွားမယ်လို့ ထင်မြင်မိတဲ့အတွက် မြန်မာနေရှင်နယ်လိဂ်ရဲ့ ၁၀ ကြာ ခရီး ကြမ်းကို သုံးသပ်ဖော်ပြခဲ့မိပါတယ်။

၁၀ နှစ်အလွန် ခရီးကြမ်းက နုနေသေး တယ်လို့ ယူဆခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့အားလုံး နောက်ထပ် ၁၀ နှစ်ထပ်စောင့်ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး................................။

Share

Loading Next Article...
က္က