ယနေ့ညမှာ ဘာရိန်းအသင်းနဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်ပါတယ်။

ယနေ့ည ၁၀ နာရီ ၄၅ မိနစ်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ဘာရိန်းအသင်းတို့ ဘာရိန်းနိုင်ငံမှာ ခြေစမ်းပွဲကစားမယ်ဆိုတဲ့သတင်းကို ဦးလှမောင် သတင်းစာထဲမှာ မြင်တွေ့လိုက်ရသည်။ နောက်ဆက်တွဲအနေနဲ့ ယင်းခြေစမ်းပွဲကို မြန်မာ့ရုပ်မြင်သံကြားက ပြသမယ်ဆိုတော့ ဦးလှမောင်တစ်ယောက် နည်းနည်းဘဝင်ကျသွားသည်။ ပြီးခဲ့တဲ့အပတ် စနေနေ့ကလည်း မြန်မာ့လက်ရွေးစင်အသင်းနဲ့ တောင်အမေရိကအသင်းဖြစ်တဲ့ ဘိုလီဗီးယားအသင်းတို့ နိုင်ငံတကာခြေစမ်းပွဲကစားခဲ့ပြီး အဲဒီပွဲကို မြန်မာ့ရုပ်မြင်သံကြားကလည်းမပြ၊ စကိုင်းနက်လည်းမတပ်ထားမိ၊ လူငယ်တွေလို ဘောလုံးကွင်းထဲသွားအားပေးလို့မရတာကြောင့် ဦးလှမောင်တစ်ယောက် မကြည့်လိုက်ရလို့ ခုထိ မကျေမနပ်ဖြစ်နေဆဲ။ ဂျာနယ်တွေထဲမှာ ပရိသတ်တွေအားပါးတရ အားပေးနေတာကိုမြင်တော့ မြန်မာအသင်းကို ပရိသတ်တွေ အားပေးသားပဲလို့တွေးပြီး ကွယ်လွန်သွားတာကြာပြီဖြစ်တဲ့ ဖခင်ကြီး ဦးကြင်မောင်ကိုပင် သွားသတိရမိသေးသည်။ ထိုအချိန်တုန်းက ယခုလို တယ်လီဗွီးရှင်းခေါ် ရုပ်မြင်သံကြားစက်တွေလည်း မရှိသေး။ ဘောလုံးပွဲများလာရင် တဂျီးဂျီး တဂျစ်ဂျစ်နဲ့ နေရှင်နယ်ရေဒီယိုအစုတ်လေးကို စိတ်ရှည်လက်ရှည် လိုင်းထိုင်ဖမ်းတတ်တဲ့ ဖခင်ဖြစ်သူကိုသာ အားကိုးရသည်။ တွေးရင်းတွေးရင်းနဲ့ ဦးလှမောင်တစ်ယောက် ၎င်းလူပျိုပေါက်ဘဝက ကျင်းပခဲ့တဲ့ ၁၉၆၆ အာရှအားကစားပွဲတော်ကြီးရဲ့ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနေ့တုန်းက အဖြစ်အပျက်တွေကို မနေ့တနေ့ကလို ထင်ထင်ရှားရှား ပြန်လည်မြင်ကြားလာမိတော့သည်။


 

"ဟုတ်ကဲ့။ ဘောလုံးဝါသနာရှင် ပရိသတ်ကြီးခင်ဗျား။ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင်ဗမာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ကွင်းအတွင်းကို ခုဆို ချဉ်းနင်းဝင်ရောက်လာပါပြီခင်ဗျာ"လို့ ရေဒီယိုက အသံကြားရင်ပဲ လှမောင်တစ်ယောက် ကစားနေရာကနေ အိမ်ထဲကို ဝင်ပြေးပြီး ဖခင်ဖြစ်သူ ဦးကြင်မောင်ရဲ့နောက်မှီကုလားထိုင်ခြေရင်းမှာ နားစွင့်မိသည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၁၉၆၆ အာရှအားကစားပွဲတော်ကြီးမှာ ဘောလုံးအားကစားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဖြစ် ဗမာ့လက်ရွေးစင်ဘောလုံးအသင်းနဲ့ အီရန်အသင်းတို့ ယှဉ်ပြိုင်ကစားနေတဲ့ပွဲကို ရေဒီယိုကနေ ကြေညာနေသံကို ဦးကြင်မောင်တို့ သားအဖနှစ်ဦးစလုံး ငြိမ်သက်နားစွင့်နေမိကြပါတယ်။ "ကိုကြင်မောင် ရှင့်မလည်း ဒီလောက်နေမကောင်းဖြစ်နေတာတောင် ဆေးမသောက်နိုင်ဘူး။ မိုးလင်းကတည်းက အဲ့ရေဒီယို တကိုင်ကိုင်နဲ့"ဟု ဇနီးဖြစ်သူ ဒေါ်တင်ရီက ကရုဏာဒေါသောနဲ့ မြည်တွန်တောက်တီးတော့ သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ပြုံးစိစိလုပ်မိကြသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ဆောင်းဝင်ကတည်းက ဦးကြင်မောင်တစ်ယောက် ရာသီအကူးအပြောင်းကြောင့် ချောင်းတွေတရစပ်ဆိုးနေလို့ ဆေးပုံမှန်သောက်နေရသည်။

"ကျွန်တော်တို့အသင်း အီရန်ကို နိုင်မယ်မဟုတ်လား အဖေ"လို့ သားဖြစ်သူ လှမောင်ရဲ့အမေးကို ဦးကြင်မောင်က မဆိုင်းမတွပင် "သိပ်ဟုတ်တာပေါ့ကွာ။ တို့အသင်း နိုင်ကိုနိုင်လိမ့်မယ်။ အခြားအားကစားတွေမှာလည်း ရွှေတံဆိပ်တွေရနေတာ သားလည်း သတင်းတွေထဲမှာ အမြင်သား မဟုတ်လား"ဟု ယုံကြည်စွာနဲ့ သားဖြစ်သူကို ပြန်လည်ဖြေကြားသည်။

 

ဗမာအသင်းနဲ့ အီရန်တို့ရဲ့ဗိုလ်လုပွဲဟာ ပထမပိုင်း စစချင်းကတည်းက အကြိတ်အနယ်ဖြစ်နေတာကြောင့် ရေဒီယိုနားက သားအဖနှစ်ယောက်စလုံး မခွာရဲကြ။ ပထမပိုင်း ပြီးမှသာ လှမောင်တစ်ယောက်လည်း အပေါ့သွား၊ ဦးကြင်မောင်လည်း မုန့်လေးစားပြီး ဆေးသောက်ရသည်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မြန်မာအသင်းက အီရန်အသင်းဘက်ကို ဖိဖိစီးစီး တိုက်စစ်ဆင်နေတဲ့အတွက် ဂိုးရှေ့နားရောက်လို့ သတင်းကြေညာသူရဲ့အသံပိုကျယ်လောင်လာလေ၊ သားအဖနှစ်ယောက်စလုံး ပိုရင်ခုန်လာလေဖြစ်သည်။ ဒုတိယပိုင်း ပြန်စအပြီး မိနစ် ၂၀ လောက်မှာ "အီရန်အသင်းဂိုးဘက်ကို ဗမာအသင်း တိုက်စစ်ဆင်လာပါပြီခင်ဗျာ။ ဟုတ်တယ်ခင်ဗျာ။ ဆွဲလာတယ်။ ကန်တယ်။ ဂိုးပါတယ်ခင်ဗျား"။ ရေဒီယိုကြေညာသံအဆုံးမှာ လှမောင်တစ်ယောက် အိမ်ပေါ်ကပြေးဆင်းပြီး ရေဒီယိုနားမထောင်နိုင်တဲ့ အိမ်နီးချင်းတွေကို ဗမာအသင်း ဂိုးရသွားပြီဖြစ်ကြောင်းကို လိုက်လံကြေညာတော့သည်။ အီရန်အသင်းဟာ ချေပဂိုးပြန်မသွင်းနိုင်တဲ့အတွက် ပွဲပြီးခရာမှုတ်ချိန်မှာ ရေဒီယိုက ဗမာ့လက်ရွေးစင်အသင်းဟာ အာရှဘောလုံးချန်ပီယံအဖြစ် ပထမဆုံးအကြိမ် ဗိုလ်စွဲသွားပြီဖြစ်ကြောင်း ကြေညာတဲ့အချိန်မှာ တစ်နိုင်ငံလုံး ဝမ်းသာပျော်ရွှင်ခဲ့ကြရသည်။ အာရှမှာ ဗမာတဲ့ဟေ့လို့ ဦးကြင်မောင်က ကြွေးကြော်သည်။ လှမောင်က ကျွမ်း ၂ ပတ်လှိမ့်ထိုးသည်။

 

သြော်... ခုတော့ ၁၉၅၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဦးလှမောင်လည်း အသက် ၆၆ နှစ်ပြည့်လုပြီ။ သားသမီးတွေပင် အိမ်ထောင်ကျလို့ မြေးတွေပင် အရွယ်ရောက်နေပြီ။ ခေတ်အဆက်ဆက်က မြန်မာဘောလုံးအသင်းရဲ့ ပွဲစဉ်တိုင်းကို ဦးလှမောင် မလွတ်တမ်းကြည့်ခဲ့သဖြင့် မြန်မာဘောလုံးအသင်းရဲ့ခြေစွမ်းဟာ တိုးတက်လာသလား၊ ရပ်တန့်နေသလားဆိုတာ ဦးလှမောင် အသိဆုံး။ ပြီးခဲ့တဲ့စနေနေ့က ဘိုလီဗီးယားနဲ့ ကစားတဲ့ခြေစမ်းပွဲစဉ်ကို မြေးဖြစ်သူက သုဝဏ္ဏကွင်းထဲအထိ သွားရောက်အားပေးပြီး ပွဲအပြီးမှာ ဦးလှမောင်ဆီ ဖုန်းဆက်တုန်းက ပြောခဲ့တဲ့စကားကို နားထဲက မထွက်။ မြေးဖြစ်သူဟာ လူမှုရေး၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ဖြေရှင်းရာမှာ လောကအတွေ့အကြုံရင့်ကျက်နေတဲ့ အဘိုးဖြစ်သူကို အားကိုးတကြီး လှမ်းတိုင်ပင်မြဲ။ ယင်းအချိန်ကျလျှင် ချက်ကျလက်ကျ နည်းပေးလမ်းညွှန်ဆုံးမသွန်သင်ခဲ့တဲ့ ဦးလှမောင်တစ်ယောက် အဲဒီနေ့က မြေးဖြစ်သူရဲ့စကားကို မည်သို့မျှ မတုံ့ပြန်နိုင်ခဲ့။ "ကျွန်တော်တို့ ပရိသတ်က အတွေ့အကြုံလိုချင်တာမဟုတ်ဘူး အဘိုးရ။ မြန်မာအသင်း ဂိုးသွင်းတာ။ အနိုင်ရသွားတာကို လိုချင်တာ"တဲ့။ ဘာပဲပြောပြော ဆူဇူကီးဖလားပြိုင်ပွဲအတွက် ပြင်ဆင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ပွဲကိုတော့ ညဉ့်နက်ထိမဟုတ်တောင် ပထမတစ်ပိုင်းလောက်တော့ ဦးလှမောင် ကြည့်ဦးမှာ အမှန်ပင်ဖြစ်သည်။ ဦးလှမောင်သည် ပုထုဇဉ်လူသားတစ်ဦး၊ သည်ထက်ရှင်းလင်းအောင် ပြောရမည်ဆိုလျှင် မိမိနိုင်ငံအသင်း အနိုင်ရရှိတာကိုပဲ မြင်ချင်သည့် ပရိသတ်သန်းပေါင်းများစွာထဲက တစ်ဦး။ မြေးဖြစ်သူ ပြောသွားသည့်စကားကလည်း မမှား။ သို့သော် အပြည့်အဝမမှန်သေး။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ တောင်အမေရိကအသင်းတစ်သင်းကို အနိုင်ရရှိဖို့မလွယ်မှန်း ပရိသတ်တွေက ကြိုတင်မျှော်လင့်ထားပြီးဖြစ်သော်လည်း မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ အားပေးခဲ့ကြသည်။ မြန်မာ့လက်ရွေးစင်ကစားသမားတွေကလည်း အားမာန်အပြည့်နဲ့ မခိုမကပ် ကြိုးစားပမ်းစားကစားခဲ့ကြသည်။ ဒါဆို လိုအပ်နေသည်မှာ ဘယ်အရာနည်း။ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ မြန်မာ့ဘောလုံးအဆင့်အတန်းကို အာရှမှာ ဗိုလ်စွဲနိုင်အောင် ကြိုးပမ်းရန်သာဖြစ်ပြီး ဦးလှမောင်လို ပရိသတ်များ နောက်ထပ်တစ်ကြိမ် ကျွမ်းထိုးခွင့်က ဘယ်တော့ရောက်လာမလဲဆိုတာကတော့...

Share

Loading Next Article...
က္က