AD
AD
AD

၂၀၀၄ ခုနှစ် တိုက်ဂါးဖလားပွဲ။ တိတိကျကျပြောရရင်တော့ ဒီဇင်ဘာလ (၂၉)ရက်နေ့ပါ။ အဲဒီနေ့က တိုက်ဂါးဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲ အဖြစ် မြန်မာ နဲ့ စင်ကာပူတို့ ကစားရပါတယ်။ မြန်မာအသင်းဟာ အကြောင်းကြောင်းကြောင့် အိမ်ကွင်းမှာ လက်ခံကစားရခြင်းမရှိပဲ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူက KLFA ကွင်းကြီးမှာ အိမ်ကွင်းအဖြစ် ကစားခဲ့ရတာပါ။ ဒီမှာတင်ပဲ မြန်မာအသင်းအတွက် တော်တော်လေး နစ်နာခဲ့ရပါတယ်။ တကယ်လို့သာ အိမ်ကွင်းမှာ ကစားခဲ့ရမယ်ဆိုရင်။ ထားပါတော့။ ၂၀၀၄ တိုက်ဂါးဖလားပွဲဟာ မြန်မာအတွက်တော့ ပထမဆုံးအကြိမ် အဲဒီပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ဖူးတာပါပဲ။

play

 

တစ်နိုင်ငံလုံးရဲ့ အာရုံက ဒီပွဲအပေါ်မှာ ရှိနေခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ မျှော်လင့်ချက်ကလည်း ဒီပွဲအပေါ် ပုံအောထားတာပါ။ သမိုင်းတစ်လျှောက် မြန်မာအသင်းရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်ခဲ့ရတဲ့ နှစ်ဖြစ်ပြီး အသင်းကလည်း တစ်ပွဲထက်တစ်ပွဲ ပိုပြီး ခြေစွမ်းပြလာခဲ့လို့ တော်တော်လေး အားခဲထားခဲ့ကြတာပါ။ ပွဲအစ မိနစ် (၂၀)မှာ စင်ကာပူက ဘန်းနက်က အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအသင်းက (၃၄) မိနစ် နဲ့ (၃၆) မိနစ်တို့မှာ စိုးမြတ်မင်း နဲ့ မင်းသူတို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ပြန်ဦးဆောင်ခဲ့ပါတယ်။ မင်းသူရဲ့ ဖရီးကစ်ကန်ချက်ဆိုရင် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေ မျက်စိထဲက မထွက်သေးပါဘူး။ စင်ကာပူ ဂိုးဧရိယာတစ်ခြမ်းစောင်းအနေအထားက ရတဲ့ ဖရီးကစ်ကို မင်းသူက ကန်ချက်ပြင်းပြင်းနဲ့ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင် ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေက တော်တော်လေး ဒေါသထွက်စရာ ကောင်းခဲ့ပြီး မြန်မာအသင်းကို တစ်ဖက်သတ်ကြီး ပြုမူဆက်ဆံခဲ့တာပါ။

play

 

စင်ကာပူက (၃၈)မိနစ်မှာ အဂူကက်မီးယား၊ (၆၃)မိနစ်မှာ နိုအလန်ရှား၊ (၈၁)မိနစ်တိုပမှာ ရှာဟာရီတို့က ဂိုးတွေ ပြန်သွင်းသွားခဲ့ပြီး မြန်မာအတွက် စိုးမြတ်မင်းက မိနစ် (၉၀)မှာ ချေပဂိုးသွင်းခဲ့ပါတယ်။ ဒီဂိုးက နောက်တစ်ကျော့ကစားရမယ့် ပွဲအတွက် အသက်ဆက်နိုင် ခဲ့တာဖြစ်ပြီး မြန်မာအသင်းကတော့ မျှော်လင့်ချက်မကုန်သေးတာနဲ့ပဲ ကျားကန်အားတင်ခဲ့ရပါတယ်။ တကယ်လို့သာ မြန်မာကွင်းမှာသာ ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးတွေက ပရိသတ်တိုင်းကို အံတကြိတ်ကြိတ်၊ တက်တခေါက်ခေါက်ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အကြောင်းမျိုးစုံကြောင့် အိမ်ကွင်းမှာ မကစားရတဲ့နောက်မှာ မြန်မာအသင်းဟာ ဖြစ်လာတဲ့အခြေအနေပေါ်မှာ အကောင်းဆုံး ကစားသွားခဲ့ ရပါတယ်။ ဒီအတွက် ပရိသတ်တွေက အသင်းကို အပြစ်မမြင်ခဲ့ကြပါဘူး။

play

 

ဒုတိယအကျော့ကိုတော့ ဇန်န၀ါရီလ (၂)ရက်နေ့၊ ၂၀၀၅ ခုနှစ်မှာ ကစားခဲ့ပါတယ်။ ဒီပွဲက မြန်မာဘောလုံးသမိုင်းရဲ့ ဒီဘက်ခေတ်မှာ ပရိသတ်တွေ ဘယ်လိုမှ မေ့မရခဲ့တဲ့ ပွဲဖြစ်ပြီး ဒီနေ့ဒီအချိန်ထိ ပြန်တွေးတိုင်း၊ စဉ်းစားတိုင်းမှာ မကျေနပ်မှု၊ ကြိတ်မနိုင်ခဲမရမှု၊ နှမျောတသမှုတွေနဲ့ ရှိနေဆဲပါ။ ဒီပွဲကို အချိန်ပိုအထိ ကစားခဲ့ရပြီးတော့ တကယ်ဆိုရင် မြန်မာအသင်း ဗိုလ်လုပွဲကို တက်ရောက်သင့်ခဲ့တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ စင်ကာပူကွင်းမှာ မြန်မာက စိုးမြတ်မင်း၊ အောင်ကျော်မိုးတို့ရဲ့ သွင်းဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး အဝေးကွင်းမှာ အိမ်ရှင်စင်ကာပူကို နှိပ်ကွပ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖက်စောင်းနင်း ဆုံးဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့ ဒိုင်လူကြီးကြောင့် မြန်မာအသင်း ဗိုလ်လုပွဲနဲ့ ဝေးကွာခဲ့ရပါတယ်။ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေဟာ အိမ်ရှင်စင်ကာပူအသင်းဘက်ကို သိသိသာသာ ဘက်လိုက်မှုတွေ ရှိခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်လို့ ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့တဲ့ မြန်မာကစားသမား (၃)ဦး ထုတ်ပယ်ခံခဲ့ရပါတယ်။

play

 

၁၁ယောက် ၁၁ယောက်စီ ကစားရတဲ့ပွဲမှာ ကစားသမား (၃)ယောက်အထိ အထုတ်ခံရပြီးနောက်မှာတော့ မြန်မာအသင်း ဘာများတတ်နိုင်တော့မှာလဲ။  (၇၄)မိနစ်မှာ အဂူကတ်မီးယားက ချေပဂိုးတစ်ဂိုးသွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ကွင်းလယ်ဒိုင်က စင်ကာပူအသင်းဘက်ကို ပယ်နယ်တီကန်သွင်းဖို့ ခွင့်ပြုလိုက်ပါတယ်။ နောက်ခံလူ ဇော်လင်းထွန်းရဲ့ ဖျက်ထုတ်မှုကို ပယ်နယ်တီပေးခဲ့ပြီး အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အပေါ်မှာ မကျေနပ်လို့ ကွင်းမြက်ခင်းပြင်ကို ပိတ်ကန်ခဲ့တဲ့ အခြားနောက်ခံလူ မိုးကျော်သူဟာလည်း အနီကတ်ပြခံခဲ့ရပြီး ရန်ပိုင်ကိုလည်း ဖျက်ထုတ်တာကြမ်းတဲ့အတွက် ကျန်ပွဲချိန်အတွင်းမှာ အနီကတ်ပြခဲ့ပါသေးတယ်။ ဒီအဖြစ်အပျက်တွေအပေါ်မှာ မကျေနပ်ခဲ့တဲ့ အရန်ဂိုးသမား ထွန်းထွန်းလင်းဟာလည်း ကွင်းအပြင်ကနေ ရေဗူးနဲ့ ပစ်ပေါက်ခဲ့လို့ ထွန်းထွန်းလင်းကိုပါ ထပ်ပြီး ထုတ်ပယ်ခဲ့ပါတယ်။

 

အချိန်ပိုပွဲအပြီးမှာ အဂူကတ်မီးယားက (၂)ဂိုး၊ နိုအလန်ရှားက (၁)ဂိုး သွင်းခဲ့ပြီး မြန်မာကို (၄-၂)နဲ့ အနိုင်ရခဲ့ပါတယ်။ နှစ်ကျော့ပေါင်း ရလာဒ်အရ မြန်မာအသင်းဟာ (၈-၅)ဂိုးနဲ့ ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ဒါဟာ မြန်မာအတွက်တော့ တိုက်ဂါးဖလား(ယခု ဆူဇူကီးဖလား)မှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်ခဲ့တာပါ။ မြန်မာအသင်း ဗိုလ်လုပွဲနဲ့ ထိုက်တန်ခဲ့ပါရဲ့နဲ့ လွဲချော်ခဲ့ရသလို မြန်မာပရိသတ် တွေရဲ့ ရင်ထဲမှာလည်း ဒီနေ့ဒီအချိန်ထိ မှတ်မှတ်ရရရှိနေခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ပါကြောင်း 2018 AFF Suzuki Cup ပြိုင်ပွဲမတိုင်ခင်မှာ အမှတ်တရအနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD