ပြိုင်ပွဲရဲ့ စံချိန်မှတ်တမ်းတွေ ဖြစ်ပါတယ်။

(၁၂) ကြိမ်မြောက် AFF Suzuki Cup ပြိုင်ပွဲကတော့ မကြာခင်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ (၁၁)ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့တဲ့ ပြိုင်ပွဲတွေမှာ အမှတ်တရဖြစ်ရပ်တွေ အများကြီးရှိခဲ့ပြီး ထူးခြားတဲ့ စံချိန်မှတ်တမ်းတွေလည်း ရှိနေခဲ့ပါတယ်။ ဒီမှတ်တမ်းတွေကို Fox Sport Asia ကနေ ဖော်ပြပေးထားတာကို ပြန်လည်ပြီးတော့ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။

 

ကံအဆိုးဆုံးအသင်းဖြစ်ခဲ့တဲ့ အင်ဒိုနီးရှား

 

ဒီပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အင်ဒိုနီးရှားအသင်းက ကံအဆိုးဆုံး ဖြစ်ခဲ့ပါတယ်။ (၁၁)ကြိမ်အရှိ ရှိခဲ့တဲ့ ပြိုင်ပွဲမှာ အင်ဒိုနီးရှားအသင်းဟာ ဗိုလ်လုပွဲကို (၅)ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်ဒိုနီးရှားအသင်းဟာ ကံဆိုးစွာနဲ့ပဲ ဆူဇူးကီးဖလားကို တစ်ကြိမ်တစ်ခါမှ မရရှိခဲ့ပါဘူး။ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၄ ခုနှစ်အတွင်းမှာ အင်ဒိုနီးရှားဟာ ဗိုလ်လုပွဲကို (၃)ကြိမ်ဆက်တိုက် ရောက်ရှိခဲ့ပေမယ့် (၂၀၀၀)ပြည့်နှစ်၊ ၂၀၀၂ တို့မှာ ထိုင်းကို ရှုံးနိမ့်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာတော့ စင်ကာပူကို ရှုံးနိမ့်ခဲ့လို့ ဆုဖလားနဲ့ ဝေးကွာခဲ့ရပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၆ တိုမှာလည်း အင်ဒိုနီးရှားက ဗိုလ်လုပွဲ (၂)ကြိမ် တက်ရောက်ခဲ့ပေမယ့်လည်း မလေးရှား နဲ့ ထိုင်းတို့ကို ရှုံးခဲ့လို့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပြန်ပါတယ်။

အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ထိုင်း

 

ဒေသတွင်းမှာတော့ ထိုင်းအသင်းဟာ အအောင်မြင်ဆုံးအသင်းအဖြစ် ရှိနေခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကျင်းပခဲ့တဲ့ ဆူဇူကီးဖလားပြိုင်ပွဲမှာ ထိုင်းအသင်းက ဗိုလ်စွဲထားခဲ့ပြီး နောက်ဆုံးပြိုင်ပွဲ (၂)ကြိမ်မှာလည်း သူတို့က နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်နဲ့ ၂၀၀၂ ခုနှစ်တို့မှာလည်း နှစ်နှစ်ဆက် ဗိုလ်စွဲခဲ့လို့ ထိုင်းက စုစုပေါင်း (၅)ကြိမ်အထိ ဗိုလ်စွဲထားခဲ့ပါတယ်။ ထိုင်းအသင်းရဲ့နောက်မှာတော့ စင်ကာပူအသင်းက (၄)ကြိမ်ဗိုလ်စွဲထားပြီး ဗီယက်နမ် နဲ့ မလေးရှားတို့က (၁)ကြိမ်စီ အသီးသီး ဗိုလ်စွဲထားကြပါတယ်။

ပြိုင်ပွဲတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမား

 

စင်ကာပူအသင်းမှာ နာမည်ကျော်ကြားခဲ့တဲ့ နိုအလမ်ရှားဟာ ဒီပြိုင်ပွဲတစ်လျှောက်မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ယခုထက်ထိ ရပ်တည်နေခဲ့ပါတယ်။ စုစုပေါင်း (၁၇)ဂိုးအထိ နိုအလမ်ရှားက သွင်းယူခဲ့ပြီးတော့ ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။  သူ့ရဲ့နောက်မှာတော့ ထိုင်းအသင်းက ဝိုရာဝု နဲ့ ဗီယက်နမ်ရဲ့ နာမည်ကျော်တိုက်စစ်မှူး လီကောင်ဗင်၊ ထိုင်းအသင်းရဲ့ အခြားတိုက်စစ်မှူးဖြစ်တဲ့ တီယာဆေးဒန်ဒါတို့က (၁၅)ဂိုးစီနဲ့ ရပ်တည်နေခဲ့ပါတယ်။ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ နိုအလမ်ရှားနောက် ရပ်တည်နေတဲ့ ကစားသမားတွေ ပါဝင်လာခြင်းမရှိတာမို့ ဒီစံချိန်ကို နိုအလမ်ရှားကပဲ ဦးဆောင်နေဦးမှာ ဖြစ်ပါတယ်။

ဂိုးအပြတ်ဆုံးပွဲ (အင်ဒိုနီးရှား ၁၃-၁ ဖိလစ်ပိုင်)

 

၂၀၀၂ ခုနှစ်ရဲ့ အုပ်စုအဆင့်မှာ အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို ဂိုးတစ်ဒါဇင်ကျော်သွင်းပြီး နိုင်ပါဲရခဲ့တာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားတိုက်စစ်မှူး ဘမ်ဘန်၊ ပါမောင်ကတ်စ် နဲ့ ဇာနယ်အာရိတို့က တစ်ဦးကို (၄)ဂိုးနှုန်းစီ သွင်းယူပေးခဲ့တာပါ။ ဒါဟာ ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ ဂိုးအပြတ်ဆုံး နိုင်ပွဲဖြစ်ခဲ့ပြီးတော့ ဒီပွဲရဲ့နောက်မှာ စင်ကာပူက လာအိုကို (၁၁-ဝ) နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲက ရှိနေခဲ့ပါတယ်။

တစ်ပွဲတည်းဂိုးအများဆုံးသွင်းခဲ့သူ (နိုအလမ်ရှား - ၇ဂိုး)

လာအိုကို ၁၁ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ၂၀၀၇ ခုနှစ်ပြိုင်ပွဲမှာ နိုအလမ်ရှားက သွင်းယူခဲ့တာပါ။ ပထမပိုင်းမှာ နိုအလမ်ရှားက (၂)ဂိုးသာ သွင်းယူထားခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ နောက်ထပ် (၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနှစ်ကပြိုင်ပွဲမှာ နိုအလမ်ရှားက စုစုပေါင်း (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးတော့ ထိုင်းနဲ့ဗီယက်နမ်တို့ စုစုပေါင်းရရှိခဲ့တဲ့ သွင်းဂိုးနဲ့ တူညီနေခဲ့ပါတယ်။

တန်ဖိုးအရှိဆုံးကစားသမားဆုကို အကြိမ်အများဆုံးရခဲ့တဲ့သူ (ချာနာသစ်-ထိုင်း)

 

ထိုင်းအသင်းရဲ့ နာမည်ကျော် ကစားသမား ချာနာသစ်ဟာ ပြိုင်ပွဲရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုကို (၂)ကြိမ်အထိ ရရှိခဲ့ပါတယ်။ ထိုင်းအသင်းကွင်းလယ်က ချာနာသစ်ဟာ ၂၀၁၄ နဲ့ ၂၀၁၆ ပြိုင်ပွဲတွေမှာ ရရှိခဲ့ပြီး (၂)ကြိမ်ဆက်တိုက် ဒီဆုကို ပိုင်ဆိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က