စင်ကာပူက ဈေးအကြီးဆုံးဖြစ်နေပါတယ်။

၂၀၁၈ ဆူဇူကီးပြိုင်ပွဲကတော့ ဒီနေ့မှာ စတင်ပြီဖြစ်ပါတယ်။ နိုင်ငံအသင်းဂျာစီကို ဂုဏ်ယူစွာဝတ်ဆင်ပြီး နိုင်ငံရဲ့ ဂုဏ်သိက္ခာအတွက် မြက်ခင်းပြင်ပေါ်မှာ တိုက်ပွဲဝင်ဖို့ ကစားသမားတွေဟာ အသင့်ဖြစ်နေခဲ့ပါပြီ။ ပရိသတ်တွေကလည်း သက်ဆိုင်ရာ နိုင်ငံအသင်းဂျာစီတွေကို ဝတ်ဆင်အားပေးဖို့အားခဲနေကြပြီ ဖြစ်ပါတယ်။ ဒီအတွက် ပါဝင်ယှဉ်ပြိုင်မယ့် အသင်းတွေရဲ့ ဂျာစီဒီဇိုင်း၊ အရည်အသွေးနဲ့ ဈေးနှုန်းတွေက ဘယ်လိုများရှိမလဲ ကြည့်လိုက်ရအောင်လား..။



 

လာအို (၂၀ ဒေါ်လာ)

 

FBT က ထုတ်ထုတ်ပေးထားတဲ့ ဂျာစီကို ဝတ်ဆင်သွားမှာပါ။ အိမ်ကွင်းဝတ်စုံ အနီရောင်မှာမှ လည်ပင်းမှာ အဖြူရောင်ကွပ်ထားတာ ဖြစ်ပါတယ်။ အဝေးကွင်းဂျာစီအဖြစ်တော့ အဖြူရောင်ဖြစ်ပြီး လက်မောင်းမှာ မီးခိုးရောင်အဖြစ် အသုံးပြုထားပါတယ်။ တတိယဝတ်စုံလည်း ရှိသေးပြီး အနက်ပေါ်မှာမှ အပြာလိုင်းစင်းကို ဒီဇိုင်းဖော်ထားပြီး ဆူဇူကီးပြိုင်ပွဲမှာ အသုံးပြုဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။

 

တီမော (၂၀ ဒေါ်လာ)

 

အင်ဒိုနီးရှားကုမ္ပဏီတစ်ခုဖြစ်တဲ့ Narrow Sports က ထုတ်လုပ်ပေးထားတဲ့ ဂျာစီဖြစ်ပါတယ်။ အနီရောင် နဲ့ အနက်ရောင်ကို အခြေခံအားဖြင့် အသုံးပြုထားပြီး ဘယ်လ်ဂျီယံအသင်းဝတ်ဆင်နေတဲ့ ဂျာစီနဲ့ အသွင်တူညီမှု ရှိပါတယ်။ ဈေးကွက်အတွင်းမှာတော့ ဈေးသက်သက်သာသာနဲ့ ရရှိနိုင်တဲ့ ဂျာစီဖြစ်ပါတယ်။

 

ကမ္ဘောဒီးယား (၂၀ ဒေါ်လာ)

 

FBT ကပဲ ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး နိုင်ငံတော်အလံက အပြာရောင်ကို အခြေခံအရောင်အဖြစ် အသုံးပြုထားပါတယ်။ ဒါ့အပြင် ကော်လံမှာ အနီရောင်နဲ့ ကွပ်ပေးထားလို့ ဂျာစီဟာ ကမ္ဘောဒီးယားအလံရဲ့ အရောင်အသွေး အပြည့်အ၀ ပါဝင်နေခဲ့ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းလို့ သတ်မှတ်ထားကြပြီး လက်မောင်းမှာတော့ Khmer for Cambodai လို့ အဓိပ္ပာယ်ရတဲ့ KAMPUCHEA ဆိုတဲ့ စာတန်းရေးထိုးထားပါသေးတယ်။

 

ဗီယက်နမ် (၂၁ ဒေါ်လာ)

 

ဗီယက်နမ်ကတော့ ထုံးစံအတိုင်း အနီရောင်ကိုပဲ ရွေးချယ်ထားပါတယ်။ Grand Sport က ထုတ်လုပ်ပေးထားတာဖြစ်ပြီး ဒီကုမ္ပဏီက ပြိုင်ပွဲမှာ အသုံးပြုမယ့် ဘောလုံးကိုလည်း ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဗီယက်နမ်တို့ရဲ့ အစဉ်အလာ ရွေးချယ်ခဲ့မှုဖြစ်တဲ့ အနီရောင်ကိုပဲရိုးရှင်းစွာ အသုံးပြုထားပြီး ဈေးနှုန်းကလည်း သက်သာတဲ့အထဲမှာ ပါဝင်နေပါတယ်။

 

ဖိလစ်ပိုင် (၃၄ ဒေါ်လာ)

 

ဖိလစ်ပိုင်က ဂျာစီဒီဇိုင်းအတွက် ပြိုင်ပွဲပြုလုပ်ပြီးတော့ကို ရွေးချယ်ထားတာလို့ သိရပါတယ်။ နိုင်ငံတော်အလံမှာ ပါဝင်တဲ့ အရောင်တွေအားလုံးကို အသုံးပြုထားပြီး အိမ်ကွင်းဝတ်စုံမှာ အဖြူရောင်ကို အဓိကအသုံးပြုထားပြီး အနီနဲ့ အပြာကို ရောယှက်ထားပါတယ်။ ဒီဝတ်စုံကို အခုကစားမယ့် ပြိုင်ပွဲကျမှ စတင်အသုံးပြုသွားမှာဖြစ်ပြီး တန်ဖိုးကတော့ နည်းနည်းကြီးမြင့်နေပါတယ်။

 

မြန်မာ (၄၁ ဒေါ်လာ)

 

မြန်မာအသင်းကတော့ အိမ်ကွင်းဂျာစီအဖြစ် အနီရောင်ကို အသုံးပြုထားပါတယ်။ ထိုင်းကုမ္ပဏီ Warrix က ထုတ်လုပ်ပေးထားတာဖြစ်ပြီး အနီရောင်ဂျာစီမှာဆိုရင် အရှေ့ဘက်မှာ ဘောလုံးအဖွဲ့ချုပ်အမှတ်တံဆိပ်ပါဝင်ပြီး အဲဒီအပေါ်မှာ နိုင်ငံတော်အလံ ပါဝင်နေပါတယ်။ အဖြူရောင်မှာတော့ အဖွဲ့ချုပ်အမှတ်တံဆိပ်သာ ပါဝင်ပြီး နိုင်ငံတော်အလံကို နောက်ကျောဘက်မှာ ထည့်သွင်းပေးထားပြီး မြန်မာငွေ ခြောက်သောင်းခွဲ၊ ဒေါ်လာနဲ့ဆို ၄၁ ဒေါ်လာ ကျသင့်မှာပါ။

 

ထိုင်း (၆၁ ဒေါ်လာ)

 

မြန်မာဂျာစီကို ထုတ်လုပ်ပေးတဲ့ Warrix ကပဲ ထုတ်လုပ်ထားတာဖြစ်ပြီး ဈေးနှုန်းက ပိုကြီးမြင့်ပါတယ်။ အိမ်ကွင်းဂျာစီကို အနီရောင်ရွေးချယ်အသုံးပြုထားပြီး ရွှေရောင်လိုင်းလေးတွေ ထည့်သွင်းပေးထားတာပါတယ်။ အဝေးကွင်းဝတ်စုံကိုလည်း ပုံမှန်ရွေးချယ်နေကျ အပြာရောင်ဖြစ်ပြီး ဒီဝတ်စုံမှာလည်း ရွှေရောင်လိုင်းလေးတွေ ပါဝင်ပါတယ်။

 

မလေးရှား (၆၅ ဒေါ်လာ)

 

Nike က ထုတ်လုပ်ပေးထားတဲ့ ဝတ်စုံကို ဝတ်ဆင်မယ့် အသင်းက ဒီပြိုင်ပွဲမှာ (၃)သင်းရှိပါတယ်။ မလေးရှားက တစ်သင်းဖြစ်ပြီးတော့ အိမ်ကွင်းဂျာစီကို အဝါရောင်နုနုလေးကို ရွေးချယ်ထားပါတယ်။ အဝေးကွင်းကတော့ အပြာရောင်နဲ့အနီရောင်ကို အသုံးပြုထားခဲ့ပါတယ်။ မေလမှာ Nike က ထုတ်ဖော်မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

 

အင်ဒိုနီးရှား (၆၈ ဒေါ်လာ)

 

အင်ဒိုနီးရှားဂျာစီကိုလည်း Nike ကပဲ ထုတ်လုပ်ပေးထားပြီး အနီရောင်ကို အိမ်ကွင်းဂျာစီအဖြစ် အသုံးပြုထားပါတယ်။ အဝေးကွင်းဝတ်စုံကို အဖြူရောင် အသုံးပြုထားပြီး နောက်မှာတော့ အစိမ်းရောင်လိုင်းထည့်သွင်းထားတာကို မြင်တွေ့ရပါတယ်။ အဖြူရောင်က ရိုးရိုးရှင်းရှင်းနဲ့ လှပနေတာကို တွေ့ရပြီး ဒီဇိုင်းရိုးရှင်းပေမယ့် ဈေးနှုန်းကတော့ ကြောက်စရာပါ။

 

စင်ကာပူ (၇၇ ဒေါ်လာ)

 

Nike က ထုတ်တဲ့ နိုင်ငံအသင်းဂျာစီတွေက ဈေးနှုန်းအကြီးမားဆုံးဖြစ်နေပါတယ်။ စင်ကာပူရဲ့ အိမ်ကွင်းဂျာစီကို အနီရောင်အဖြစ် အသုံးပြုထားပြီး အဝေးကွင်းကိုတော့ အပြာရောင်သုံးကာ လည်ကုပ်မှာ အနီရောင်လိုင်း ထည့်သွင်းပေးထားပါတယ်။ ဒီဇိုင်းက ရိုးရှင်းပေမယ့် ဈေးနှုန်းက အသင်း (၁၀)သင်းထဲမှာ အကြီးမားဆုံးဖြစ်နေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က