ဒုတိယပိုင်းမှာ (၄)ဂိုး သွင်းခဲ့တာပါ။

2018 AFF Suzuki Cup ပြိုင်ပွရဲ့ အုပ်စု (က) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်းနဲ့ ကမ္ဘောဒီးယားအသင်းတို့ရဲ့ ပွဲစဉ်ကို ဒီနေ့ ညနေ (၆း၀၀)နာရီက မန္တလာသီရိကွင်းကြီးထဲမှာ ကစားခဲ့ကြပါတယ်။ အိမ်ရှင်မြန်မာအသင်းရဲ့ ဆူဇူကီးဖလား ပွဲဦးထွက်ဖြစ်တာမို့ ပရိသတ်တွေ စိတ်ဝင်တစား လာရောက်အားပေးခဲ့ကြပြီး ပွဲကလည်း ကြည့်ကောင်းခဲ့ပါတယ်။



 

မြန်မာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အဓိကတိုက်စစ်မှူး အောင်သူ ပါဝင်လာခြင်းမရှိခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဂိုးသမားအဖြစ် ကျော်ဇင်ထက်က တာဝန်ယူခဲ့ပြီး နောက်တန်းမှာ ဒေးဗစ်ထန်း၊ ပြည့်ဖြိုးဇော်၊ ဇော်မင်းထွန်း နဲ့ သိန်းသန်းဝင်းတို့ ပါဝင်ခဲ့ကာ ကွင်းလယ်မှာတော့ လွင်မိုးအောင်၊ လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ စည်သူအောင်တို့ကို တွဲဖက်ထားခဲ့ပြီး ရှေ့တန်းမှာ ဇင်မင်းထွန်း နဲ့ မောင်မောင်လွင်တို့ ပါဝင်ခဲ့ပါတယ်။

ကမ္ဘောဒီးယားအသင်းကတော့ သူတို့ရဲ့ အရေးအပါဆုံး တိုက်စစ်မှူး ချန်ဗက်သာနာကာ ပါဝင်ခဲ့ပြီး အဓိကကစားသမား တော်တော်များများလည်း ပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ နှစ်သင်းစလုံးဟာ ၄-၄-၂ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ပွဲအစပိုင်းမှာ မြန်မာအသင်း အချိတ်အဆက် မမိခဲ့ပဲ အသင်းလိုက်ကစားအားလည်း အားနည်းခဲ့ပါတယ်။

 

ကမ္ဘောဒီးယားအသင်းကတောင်မှ ဖိအားပေးကစားနိုင်ခဲ့ပြီး အနီးစပ်ဆုံးအခွင့်အရေးတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ တိုက်စစ်ပိုင်းမှာ ရုန်းကန်ခဲ့ရပြီး သေချာပေါက်အခွင့်အရေးတွေကို ဖန်တီးပေးနိုင်မှု အားနည်းခဲ့ပြီး ကမ္ဘောဒီးယားရဲ့ တန်ပြန်တိုက်စစ်တွေကိုလည်း မနည်းခုခံခဲ့ရပါတယ်။  ကမ္ဘောဒီးယားအသင်းက တိုက်စစ်ကို လျှင်လျှင်မြန်မြန်နဲ့ ထိုးဖောက်ကစားခဲ့လို့ ပွဲကစားချိန် (၂၂)မိနစ်မှာ တိုက်စစ်မှူး ခန်ဗတ်သာနာကာက ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

မြန်မာတို့ ချေပဂိုးရဖို့ အားထည့်ကစားခဲ့ပေမယ့်လည်း အချိတ်အဆက်မမိဖြစ်နေခဲ့သလို ဂိုးကန်သွင်းခွင့်တွေကလည်း ဂိုးပေါက်တောင် မတည့်ခဲ့ပါဘူး။ ပထမပိုင်းပြီးတဲ့အထိ မြန်မာအသင်း ချေပဂိုးမရရှိခဲ့သလို ကမ္ဘောဒီးယားကလည်း နောက်ထပ်သွင်းဂိုးတွေ မရရှိခဲ့တာမို့ ပထမပိုင်းမှာတော့ ၁-၀ နဲ့ ကမ္ဘောဒီးယားက ဦးဆောင်နေခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာတော့ မြန်မာအသင်းဟာ ရန်နိုင်ဦးအစား အောင်သူကို လူစားလဲလှယ်ခဲ့ပြီး တိုက်စစ်ကို မြှင့်တင်ခဲ့ပါတယ်။ (၄၈)မိနစ်မှာ အောင်သူရဲ့ ဖန်တီးပေးမှုကို စည်သူအောင် ဂိုးဧရိယာအတွင်းမှာ အပိုင်ကန်သွင်းခဲ့ပေမယ့် ဂိုးဘေးနားက ထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ချေပဂိုးရဖို့ တိုက်စစ်ကို တော်တော်လေးအားစိုက် ကစားခဲ့ရာမှာတော့ ပွဲကစားချိန် မိနစ် (၆၀)မှာ သိန်းသန်းဝင်းရဲ့ တစ်ကိုယ်တော်အစွမ်းကနေ ဖန်တီးပေးမှုကို လှိုင်းဘိုဘိုက ပိတ်သွင်းခဲ့လို့ မြန်မာတို့ ချေပဂိုးရရှိခဲ့ပါတယ်။

 

ပွဲချိန် (၆၂)မိနစ်မှာ မောင်မောင်လွင်ရဲ့ ဖန်တီးပေးမှုကို ဇင်မင်းထွန်း ပိတ်သွင်းခဲ့ပေမယ့်လည်း ကမ္ဘောဒီးယားဂိုးသမား ကာကွယ်နိုင်ခဲ့လို့ မြန်မာတို့ နောက်ထပ်ဂိုးရဖို့ အကောင်းဆုံးအခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။ ခြေစွမ်းမပြနိုင်တဲ့ ဇင်မင်းထွန်းကို မြန်မာအသင်းက ချက်ချင်းပဲ သန်းထက်အောင်နဲ့ လူစားလဲလှယ်ခဲ့ပါတယ်။

 

ပွဲကစားချိန် (၆၇)မိနစ်မှာ သိန်းသန်းဝင်းရဲ့ ကန်တင်ပေးမှုကို ကမ္ဘောဒီးယားအသင်း တားဆီးရာမှာ လက်နဲ့ထိခဲ့လို့ မြန်မာအသင်းပယ်နယ်တီ ရရှိခဲ့ပါတယ်။ ဒီပယ်နယ်တီကို အောင်သူ ကန်သွင်းယူခဲ့ပေမယ့်လည်း ကမ္ဘောဒီးယားဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဲဒီနောက်မိနစ် (၇၀)မှာ မြန်မာအသင်း အလွတ်တည်ကန်ဘော ရရှိခဲ့ပြီး စည်သူအောင် ကန်တင်ပေးတာကတဆင့် သန်းထက်အောင်က ဧရိယာအတွင်း အနီးကပ်ပိတ်သွင်းနိုင်ခဲ့လို့ မြန်မာတို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။

အဲဒီနောက်မှာ ကမ္ဘောဒီးယားတို့ ချေပဂိုးရဖို့ ပြန်ကြိုးစားလာခဲ့ပေမယ့် မြန်မာအသင်းက ဒေးဗစ်ထန်း နဲ့ ပြည့်ဖြိုးဇော်တို့ရဲ့ ခြေစွမ်းပြခဲ့မှုတွေကြောင့် ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ မြန်မာအသင်းကတော့ ချေပဂိုးရပြီးနောက်ပိုင်း ကစားကွက်သိသိသာသာ ကောင်းလာခဲ့သလို မောင်မောင်လွင်နဲ့ အောင်သူတို့ရဲ့ ချိတ်ဆက်ကစားနိုင်မှုကြောင့် တိုက်စစ်က အသက်ဝင်ခဲ့ပါတယ်။

 

အနိုင်ဂိုးရပြီးနောက် မြန်မာက ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး ကမ္ဘောဒီးယားကို ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ ကမ္ဘောဒီးယာအသင်း ချေပဂိုးပြန်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် မြန်မာနောက်တန်းက ကစားသမားတွေ အမှားအယွင်းမရှိ ခြေစွမ်းပြခဲ့သလို ကျော်ဇင်ထက်ကလည်း အပိုင် ကန်သွင်းမှုတချို့ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးလာလေ ကမ္ဘောဒီးယားက ပိုဖိကစားနိုင်လေဖြစ်ခဲ့ပြီး မြန်မာကို အခက်တွေ့စေခဲ့ပါတယ်။ ကမ္ဘောဒီးယားရဲ့ ထိုးဖောက်မှုတွေကို ကျော်ဇင်ထက် လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ မြန်မာတို့ ချေပဂိုးပြန်ပေးရမယ့်အရေးက လွတ်ခဲ့ပါတယ်။ (၈၈)မိနစ်မှာတော့ မြန်မာအတွက် တတိယဂိုးကို စည်သူအောင်က ဧရိယာထဲမှာ အပိုင်ပိတ်သွင်းခဲ့ပြီး မြန်မာအသင်းကို ဂိုးပြတ်နိုင်ပွဲ ရရှိစေခဲ့ပါတယ်။ အဲဒီနောက်  နာကျင်အချိန်ပိုမှာတော့ လှိုင်းဘိုဘိုက နောက်တစ်ဂိုးထပ်သွင်းခဲ့လို့ မြန်မာအသင်း (၄-၁) နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က