ဒီနေ့ညနေပိုင်းမှာ ကစားကြတော့မှာပါ။

ဒီနေ့ညနေ (၆း၀၀)နာရီမှာတော့ ရန်ကုန်မြို့၊သုဝဏ္ဏကွင်းမှာ မြန်မာအသင်း နဲ့ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။ အုပ်စုတွင်းမှာ (၂)ပွဲစီ ကစားအပြီး ရမှတ် (၆)မှတ်စီနဲ့ ဦးဆောင်နေကြတဲ့ အသင်းတွေဖြစ်တာမို့ ဒီပွဲဟာ နှစ်သင်းစလုံးအတွက်တော့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်ဖို့ နဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။



Photo : MFF

 

မြန်မာအသင်းအနေနဲ့ အိမ်ကွင်းအဖြစ် ကစားရမှာဖြစ်လို့ အခွင့်အလမ်းကောင်းပိုင်ဆိုင်နေပြီး ဒီပွဲအပြီးမှာ ပရိသတ်တွေ ပြုံးပျော်နေရမယ်လို့ မြန်မာအသင်းနည်းပြ အန်တွန်နီဟေးက မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒီပြောစကား အပေါ်မှာလည်း ပရိသတ်တွေက စိတ်ကျေနပ်နေကြပြီး ဗီယက်နမ်အသင်းကို မြန်မာအသင်းက အနိုင်ယူဖို့အတွက် မျှော်လင့်နေကြပြီ ဖြစ်ပါတယ်။

Photo : MFF

 

မြန်မာ နဲ့ ဗီယက်နမ်တို့ဟာ သမိုင်းတစ်လျှောက် (၁၀)ကြိမ် တွေ့ဆုံမှာ ဖြစ်ပြီး တွေ့ဆုံခဲ့ပြီးတဲ့ (၉)ကြိမ်မှာတော့ ဗီယက်နမ်က (၇)ကြိမ် အနိုင်ရထားပြီး မြန်မာအသင်းက တစ်ကြိမ်သာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ထိပ်တိုက်တွေ့ဆုံမှုအရဆိုရင်တော့ မြန်မာအသင်းဟာ ဗီယက်နမ်ကို အသာစီးမရရှိထားပဲ အစဉ်အဆက် ရှုံးနိမ့်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

Photo : MFF

 

ကစားခဲ့တဲ့ (၉)ကြိမ်ထဲမှာမှ ဆူဇူကီးဖလားပြိုင်ပွဲမှာ (၅)ကြိမ် တွေ့ဆုံထားတာဖြစ်ပြီး ဗီယက်နမ်က (၄)ပွဲအနိုင်ရထားပြီး တစ်ပွဲသရေကျ ထားပါတယ်။ ဒီတော့ မြန်မာအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗီယက်နမ်နဲ့တွေ့တိုင်း အမြင့်ဆုံးအဆင့်အနေနဲ့ သရေသာ ကစားနိုင်ခဲ့ တာပါ။  ၁၉၉၆ ပြိုင်ပွဲမှာ ၄-၁၊ ၂၀၀၂ ခုနှစ်ပြိုင်ပွဲမှာ ၄-၂၊ ၂၀၁၀ ပြိုင်ပွဲမှာ ၇-၁၊ ၂၀၁၆ မှာ ၂-၁ တို့နဲ့ မြန်မာအသင်း ရှုံးနိမ့်ထားပြီး ၂၀၁၂ ပြိုင်ပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာအသင်းအနိုင်ရရှိထားတဲ့ တစ်ခုတည်းသော ပွဲစဉ်ကတော့ ခြေစမ်းပွဲအဖြစ် ကစားခဲ့တဲ့ ပွဲစဉ်ဖြစ်ပြီး ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကစားခဲ့စဉ်က ၃-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒီတော့ မြန်မာအသင်းဟာ ဗီယက်နမ်ကို ရာဇဝင်အဆက်ဆက်က ရှုံးကြွေးတွေကို ဆပ်ရမှာ ဖြစ်တဲ့အပြင် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့အတွက်လည်း အစွမ်းကုန်ကြိုးစားရမှာလည်း ဖြစ်ပါတယ်။

 

လက်ရှိမြန်မာအသင်းရဲ့ ခြေစွမ်းကလည်း ပရိသတ်တွေ ယုံကြည်စိတ်ချရတဲ့ အနေအထားတစ်ခုမှာ ရှိနေပြီး တိုက်စစ်ပိုင်းကလည်း ဂိုးမြူးနေ ပါတယ်။ ပွဲပြီးဆုံးချိန်အထိ ကစားအားကောင်းကောင်း၊ စိတ်ဓာတ်မာမာကျောကျောနဲ့ ကစားနိုင်ပြိး အသွင်သစ်နဲ့ မြန်မာအသင်းကို တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။

ဒီတေ့ာ မြန်မာအသင်းအနေနဲ့ ဗီယက်နမ်ကို ရာဇဝင်ရှုံးကြွေးတွေ ဆပ်နိုင်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်မှာလား ဆိုတာကိုတော့ ဒီနေ့ညနေ၊ ရန်ကုန်မြို့မှာ ကစားတော့မယ့် ဆူဇူကီးဖလားအုပ်စုပွဲစဉ်မှာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က