မြန်မာက အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေဆဲပါ။

ဒီနေ့ညနေ (၆း၀၀) နာရီမှာတော့ ဆူဇူကီးပြိုင်ပွဲရဲ့ အုပ်စု (က) ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မြန်မာအသင်း နဲ့ ဗီယက်နမ်အသင်းတို့ရဲ့ ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့ပါတယ်။ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး အုပ်စုအဆင့်က တက်ရောက်နိုင်ဖို့လည်း အရေးကြီးတာကြောင့် ပရိသတ်အများအပြား မြန်မာအသင်းကို လာရောက်အားပေးခဲ့ကြပါတယ်။



Photo : MFF

 

မြန်မာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ကျော်ဇင်ထက်၊ ဇော်မင်းထွန်း၊ ဝင်းမိုးကျော်၊ နန္ဒကျော်၊စိုးမိုးကျော်တို့က နောက်တန်းမှာ နေရာယူခဲ့ကြပြီး ကွင်းလယ်မှာတော့ လှိုင်းဘိုဘို၊ လွင်မိုးအောင်၊ ထက်ဖြိုးဝေ၊ စည်သူအောင် နဲ့ ရှေ့တန်းမှာတော့ မောင်မောင်လွင်နဲ့ အောင်သူတို့ ပါဝင်ခဲ့ကြပါတယ်။ ဗီယက်နမ်အသင်းကလည်း အားထားရတဲ့ တိုက်စစ်မှူး ငုယင်ကွမ်ဖောင်အပါအဝင် အဓိကကစားသမားတွေကို ပွဲထုတ်ခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ ငုယင်အန်ဒူက တိုက်စစ်ကို ဦးဆောင်ခဲ့တာဖြစ်ပြီး မြန်မာအသင်းကို ရင်ဆိုင်ခဲ့တာပါ။

 

ပွဲအစပိုင်းမှာ မြန်မာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးရရှိခဲ့ပြီး ဗီယက်နမ်ကို ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဗီယက်နမ်နောက်တန်းကလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပြီး မြန်မာအသင်းကို တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ဖို့အတွက် ကြိုးစားခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ဗီယက်နမ်ကတော့ အခွင့်အရေးရမှသာ ဂိုးသွင်းနိုင်ဖို့ အားထုတ်ခဲ့ပြီး မြန်မာအသင်းရဲ့ ဘောလုံးကိုင်ကစားမှုကို ထိန်းချုပ်ဖို့ပဲ အဓိကထား ကြိုးစားခဲ့ပါတယ်။

Photo : MFF

 

ပွဲကစားချိန် မိနစ် (၂၀)မှာ ဗီယက်နမ်တိုက်စစ်မှူး ငုယင်ကွမ်ဖောင် ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ကန်သွင်းရာမှာ တိုင်ဘေးနားက ကပ်ထွက်ခဲ့ပါတယ်။ နှစ်သင်းစလုံးက ပွဲကိုအမှားမခံပဲ သတိထားကစားနေခဲ့လို့ အကြိတ်အနယ်သိပ်မရှိခဲ့ပဲ ပွဲက အေးနေခဲ့ပါတယ်။ ပွဲချိန် (၂၃)မိနစ်မှာ မြန်မာအသင်း တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်လာခဲ့ပြီး လွင်မိုးအောင် အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ရာမှာ ဗီယက်နမ်ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

 

မြန်မာအသင်းက ပွဲကို ပိုမိုဦးဆောင်ကစားနိုုင်ခဲ့ပေမယ့် ဗီယက်နမ်အသင်း တိုက်စစ်ဆင်တိုင်းမှာ သတိကြီးကြီးထား ကာကွယ်ခဲ့ရမှုတွေ ရှိခဲ့ပါတယ်။ ပွဲချိန် (၃၅)မိနစ်မှာတော့ ဗီယက်နမ်အသင်း အပိုင်ကန်သွင်းခွင့် ရခဲ့ပြီး ဂိုးရတော့မယ်လို့ ထင်ခဲ့ရပေမယ့် တိုင်ထိထွက်ခဲ့သလို အဲဒီကတဆင့် ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေလည်း ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် မြန်မာအသင်း ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဗီယက်နမ် ဧရိယာထိပ်ကနေ မြန်မာအသင်း ဖရီးကစ်ကန်ခွင့်ရခဲ့ပေမယ့် အောင်သူ လွဲချော်ခဲ့ပြီး ပထမပိုင်းက ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

Photo : MFF

 

ဒုတိယပိုင်းမှာတော့ ပွဲက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းလာခဲ့ပါတယ်။ (၅၃)မိနစ်မှာ ဗီယက်နမ်အသင်း အပိုင်အခွင့်အရေး နှစ်ကြိမ်ဆက်တိုက် ရရှိခဲ့ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမားကျော်ဇင်ထက် အကောင်းဆုံးလက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်မြန်မာတို့ တော်တော်လေးသက်သာရာရခဲ့ပါတယ်။ ဂိုးဝင်နိုင်တဲ့ အနေအထားတွေကို ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့တာပါ။

 

မြန်မာအသင်းကတော့ ဒုတိယပိုင်းမှာ ကစားပုံနည်းနည်းအားနည်းခဲ့ပြီး ဗိယက်နမ်ရဲ့ ကစားကွက်ပိုင်းဦးဆောင်မှုကို ခံခဲ့ရပါတယ်။ (၆၄)မိနစ်မှာ ဗီယက်နမ်အသင်းက ငုယင်ကွမ်ဖောင် အပိုင်ကန်သွင်းခဲ့ရာမှာလည်း ဂိုးဘေးကပ်ထွက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မြန်မာအသင်းက ထက်ဖြိုးဝေအစား သန်းထက်အောင်၊ စည်သူအောင်အစား ရန်နိုုင်ဦးတို့ိကို လူစားလဲလှယ်ခဲ့ပါတယ်။ (၇၇)မိနစ်မှာ ဗီယက်နမ်ကပဲ ကန်သွင်းခဲ့မှုကို ကျော်ဇင်ထက် ကာကွယ်နိုင်ခဲ့ပြီး ပြန်အံထွက်လာတာကို ပိတ်သွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့လို့ ဗီယက်နမ်တို့ ဂိုးမရခဲ့ပါဘူး။

 

အနိုင်ဂိုးရဖို့ ဗီယက်နမ်တို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း မြန်မာနောက်တန်းက ကာကွယ်မှု ကောင်းခဲ့တဲ့အပြင် ကျော်ဇင်ထက်ကပါ လက်စွမ်းပြခဲ့လို့ အနိုင်ဂိုးနဲ့ ဝေးခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ရမှတ် (၇)မှတ်စီနဲ့ မြန်မာအသင်းက အုပ်စုကို ဦးဆေငနေဆဲ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ (၂၄)ရက်နေ့မှာ မလေးရှားအသင်းနဲ့ အဝေးကွင်းပွဲအဖြစ် ကစားရမှာဖြစ်ပြီး သရေကစားနိုင်ရုံနဲ့ ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က