ဆူဇူကီးဖလား ဗိုလ်လုပွဲအထိ ရောက်ရှိနေခဲ့ပါပြီ။

၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗီယက်နမ်က ဗိုလ်လုပွဲရောက်သွားခဲ့ပါပြီ။ ပွဲစဉ်တစ်လျှောက် ရှုံးပွဲလုံးဝမရှိခဲ့ပဲ ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အုပ်စုတွင်းပွဲစဉ်တွေမှာလည်း ပေးဂိုးလုံးဝမရှိပဲ ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တာပါ။ ဒီအတွက် ဗီယက်နမ် ခံစစ်ပိုင်းက တောင့်တင်းတယ်လို့ နာမည်ရခဲ့ပြီး ပြိုင်ဘက်အသင်းတွေအတွက်တော့ ဂိုးပေါက်ရှာရခက်တဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဆီမီးဖိုင်နယ်အဖြစ် ဖိလစ်ပိုင်နဲ့ နှစ်ကျော့ကစားခဲ့ရာမှာတော့ တစ်ပွဲကို တစ်ဂိုးနှုန်း ဗီယက်နမ်တု့ိ ခွင့်ပြုခဲ့ရပါတယ်။



Photo : Thể thao - VnExpress

 

ဗီယက်နမ်နည်းပြ ပတ်ဟန်ဆိုးက ခံစစ်ပိုင်းကို တည်ဆောက်ရာမှာ ထူးချွန်သူလို့ နာမည်ရပါတယ်။ သူက တစ်ပွဲနဲ့တစ်ပွဲမှာ ကစားကွက်ကို ပုံသေမထားပဲ ပြိုင်ဘက်အသင်းအပေါ် မူတည်ပြီး သူ့အသင်းကို တည်ဆောက်လေ့ရှိသူပါ။ အုပ်စုတွင်းပွဲစဉ်တွေဖြစ်တဲ့ မလေးရှားနဲ့ မြန်မာတို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်မှာ သူက ၅-၄-၁ ကစားကွက်ကိုပဲ အသုံးပြုခဲ့ပါတယ်။ ဒါကိုကြည့်မယ်ဆိုရင် သူ့အနေနဲ့ ပြိုင်ဘက်က အန္တရာယ်ပေးနိုင်တယ်လို့ ယူဆတဲ့အခါမျိုးမှာ ဒီကစားကွက်ကို သုံးတယ်လို့ ခန့်မှန်းရပါတယ်။ မြန်မာ နဲ့ မလေးရှားက အုပ်စုတွင်းမှာ သူတို့ရဲ့ အဓိကပြိုင်ဘက်အဖြစ် ရှိနေခဲ့တာဆိုတော့ သတိကြီးကြီးနဲ့ ချဉ်းကပ်ပုံပေါ်ပါတယ်။

Photo : AFF Suzuki Cup

 

လာအိုနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာ သူက ၄-၂-၃-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားနဲ့ နောက်ဆုံးအုပ်စုပွဲမှာကျတော့ ၃-၅-၂ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ဒီနှစ်ပွဲစလုံးမှာ ဗီယက်နမ်က သက်သက်သာသာနဲ့ အနိုင်ယူနိုင်ခဲ့တာပါ။ ဖိလစ်ပိုင်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်နှစ်ကျော့စလုံးမှာတော့ ၅-၃-၂ ကစားကွက်ကို ပြောင်းလဲခဲ့ပါတယ်။ တကယ်တမ်း ပတ်ဟန်ဆိုး နှစ်ခြိုက်တဲ့ ကစားကွက်က ၃-၅-၂ ကစားကွက်ပါ။ (၃)ယောက်တန်းခံစစ်မှာ ကွီငေါ့ဟိုင်၊ ထရန်ဒင်ထရောင်၊ ဒူဒိုင်မန်းတို့ကို အထိုင်ထားပြီး ဒိုအန်ဗန်ဟူ နဲ့ ငုယင်ထရောင်ဟောင်တို့ကို Wingbacks တွေအဖြစ် အသုံးပြုနေတာပါ။ ထူးခြားချက်တစ်ခုကတော့ မြန်မာနဲ့ ကစားခဲ့တဲ့ပွဲမှာ ညာအစွန်ခံစစ်လူအဖြစ် အသုံးပြုခဲ့တဲ့ ဖန်ဗန်ဒူက ဖိလစ်ပိုင်နဲ့ပွဲမှာကျတော့ ငုယင်အန်ဒူနဲ့ တွဲဖက်ပြီး တိုက်စစ်ကစားသမားအဖြစ် ပါဝင်သွားခဲ့တာပါ။

Photo : AFF Suzuki Cup

 

ပတ်ဟန်ဆိုးရဲ့ မတူညီတဲ့ ကစားကွက်၊ ကစားသမားတွေကို နေရာပြောင်းလဲကစားပုံတွေက အံ့အားသင့်စရာပါပဲ။ ဗီယက်နမ် ကွင်းလယ်မှာဆိုရင် ငုယင်ကွမ်ဟိုင်၊ ငုယင်ကွမ်ဖောင် နဲ့ လူဝမ်ဇောင်ထရောင်တို့က အမာခံကစားသမားတွေဖြစ်ပါတယ်။ ဒီကစားသမား (၃)ယောက်က ပင်တိုင်ကစားသမားတွေ အဖြစ် ပါဝင်နေခဲ့ပြီး ဗီယက်နမ်ရဲ့ နောက်ဆုံးပေါ်အကောင်းဆုံးထုတ်ကုန်တွေပါ။ တိုက်စစ်ပိုင်းမှာ ငုယင်အန်ဒူလို ဝါရင့်တိုက်စစ်မှူးကို ပတ်ဟန်ဆိုးက ပင်တိုင်အသုံးပြုနေခဲ့ပါတယ်။ ဗီယက်နမ် ကွင်းလယ်ကစားသမား (၃)ယောက်ဟာ ခံစစ်ကိုရော၊ နောက်တန်းကိုပါ ကူညီပေးရပါတယ်။ လူဝမ်ဇောင်ထရောင်က ခံစစ်ပိုင်းကို ပိုမိုအားဖြည့်ပေးရပြီး ကွမ်ဟိုင် နဲ့ ကွမ်ဖောင်တို့က တိုက်စစ်ပိုင်းကို အသက်သွင်းပေးရသူတွေပါ။

Photo : AFF Suzuki Cup

 

ဖိလစ်ပိုင်နဲ့ ကစားခဲ့တဲ့ မနေ့ကပွဲမှာဆိုရင် တိုက်စစ်ဆင်ချိန်မှာ ဗီယက်နမ်က ၃-၅-၂ ပုံစံပြောင်းသွားပြီး ခံစစ်ဆော့ရချိန်မှာ ၅-၃-၂ ပုံစံကို ပြောင်းလဲကစားခဲ့ပါတယ်။ ဒီအတွက် သူ့ရဲ့ wingbacks တွေက တခြားကစားတွေထက် ပိုမိုအားထုတ်ခဲ့ရပြီး တောင်ပံ တစ်လျှောက်မှာ အတက်အဆင်း လျှင်လျှင်မြန်မြန်နဲ့ ကစားပေးခဲ့ရပါတယ်။ ခံစစ်ပိုင်းအတွက် (၃)ယောက်တန်းကွင်းလယ်က ကာဗာလုပ်ပေးဖို့ ကြိုးစားခဲ့လို့လည်း ဖိလစ်ပိုင်အတွက် နေရာလွတ်တွေ ရှာမရဖြစ်ခဲ့ပြီး ဖိလစ်ပိုင်ဘက်က အားထားရတဲ့ ကွင်းလယ်လူ ရှရော့ခ် လှုပ်မရပြုမရ ဖြစ်နေခဲ့ရတာပါ။ ဖိလစ်ပိုင်နဲ့ပွဲမှာ ငုယင်ကွမ်ဖောင်ကို ချန်လှပ်ခဲ့ပြီး ဖန်ဒူဟိုင်ကို ထည့်သွင်းကာ ခံစစ်ပိုင်းပိုမိုစိတ်ချရဖို့ ပတ်ဟန်ဆိုးက ပြင်ဆင်ခဲ့ပါတယ်။

Photo : AFF Suzuki Cup

 

ဆိုရရင် ပတ်ဟန်ဆိုးက အသင်းကို တစ်ပွဲချင်းစီအလိုက် အကောင်းဆုံးပြင်ဆင်သွားခဲ့တာပါ။ မလိုအပ်ပဲနဲ့ စွန့်စားကစားဖို့ မလုပ်သလို တကယ့်ပကတိအခြေအနေကို သုံးသပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာကို ရွေးချယ်တတ်တဲ့ နည်းပြလို့ ခန့်မှန်းမိပါတယ်။ သူ့အသင်းရဲ့ ခံစစ်ကို ခိုင်မာတောင့်တင်းနေအောင် အဓိကပြင်ဆင်ပြီး ပြိုင်ဘက်တွေကို ရင်ဆိုင်ပါတယ်။ ဒီအတွက် ဗီယက်နမ် ခံစစ်က ထိုးဖောက်ဖို့ ခက်ခဲနေခဲ့တာပါ။ ကစားသမား အစုအဖွဲ့ကလည်း ခြေစွမ်းခြေစထက်မြက်သူတွေ များပြားနေခဲ့တာမို့ အသင်းကို ပြောင်းလွယ်ပြင်လွယ် ဖြစ်စေခဲ့ပြီး ပတ်ဟန်ဆိုးအတွက် စိတ်ကြိုက်ဗျူဟာကို ချမှတ်စေနိုင်ခဲ့တာပါ။ ဗီယက်နမ်အတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား တစ်ခုကို ရောက်ရှိသွားခဲ့တာပါ။ဆုဖလားရခဲ့မယ်ဆိုရင်လည်း အံ့သြစရာ မရှိတော့ပါဘူး။ သူတို့ရဲ့ စုဖွဲ့မှု နဲ့ တစ်ပွဲချင်းစီအပေါ် အာရုံစူးစိုက်နိုင်မှုတို့က ပြိုင်ဘက်အသင်း အားလုံးထက် နှာတဖျားအသာမှာ ရှိနေခဲ့တာမို့လို့ပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က